Pages
23 December 2010
မနက်ဖြန်
လှိုက်ဟာဆာလောင်စွာ တက်ကြွရင်း...
အိပ်ရေးမဝခြင်းများစွာနဲ့ လန်းဆန်းနေရဲ့
ပင်ပန်းနေလည်း ခဏခဏပြည့်ပြည့်ဝဝပြုံးမိတယ်
သွေးလှည့်ပတ်မှုအရှိန်မြင့်မားလို့ ငါ့ရင်ခုန်သံငါပြန်ကြားနေရပြီ
စိတ်စောစွာလှပနေတဲ့ဒီနေ့မှာပေါ့.....
ဝေးလိုက် နီးလိုက်၊ လေးလိုက် ပေါ့လိုက်၊ မြန်လိုက် နှေးလိုက်.. နဲ့
စိတ်ကူးတိမ်တိုက်ကို အပြင်းမောင်းနှင်.....
မနက်ဖြန်ကို ရောက်ချင်ပြီ။ ။
10 August 2010
အရမ်းချစ်တယ်
ငါဟာ...
မနက်တိုင်း
သူ့ကိုချစ်တဲ့ စိတ်နဲ့
နိုးထမြဲဖြစ်တယ်။
ငါဟာ...
အချိန်းတိုင်းလိုလို
သူ့ကိုတစိမ့်စိမ့်မြတ်နိုးရင်း
ချစ်မဝနိုင်အောင်ပဲ။
ငါဟာ...
အခါတိုင်း
သူနဲ့ ပတ်သတ်ရင်
မတည်ငြိမ်တတ်ဘူး။
ငါဟာ...
အရာရာတိုင်းနီးပါးကို
သူ့အတွက်သာဆိုရင်
ပေးဆပ်ချင်ပါရဲ့။
ငါဟာ...
ညတိုင်း
သူ့ကိုချစ်တဲ့စိတ်နဲ့
အိပ်စက်ဖြစ်ခဲ့တယ်။
ငါဟာ...
အိပ်မက်တိုင်းမှာလည်း
သူ့ကိုချစ်မြတ်နိုးဖို့
မေ့မနေတတ်ဘူး။
ငါဟာ...
အချိန်ကြာကြာ
သူ့နားမှာနေခွင့်မရှိဖူးပေမယ့်
...........တကယ်ပါ
ငါ အရမ်းချစ်တယ်။ ။
08 August 2010
မကောင်းတဲ့ ငါ
ငါ့မျက်စိတွေနဲ့ နားတွေ
ပျက်စီးနေရင်ကောင်းမယ်ထင်တယ်...
ဝါးဆွေးတစ်ချောင်းထောင်ပြပြီး
သစ်ပင်ပါလို့ပြောနေသူတွေကို
ငါ မုန်းတယ်....
မဟုတ်မှန်းသိလျက်နဲ့
လက်ခုပ်တီးတတ်တဲ့သူတွေကို
ငါမုန်းတယ်....
သက်ရှိအရုပ်တွေနဲ့
သူတို့ရဲ့ ခပ်ရှုပ်ရှုပ်ကြိုးတွေကို
ငါမုန်းတယ်....
ငါ့မှာ နှလုံးသားဆိုတာ
ရှိမနေရင်ကောင်းမယ်ထင်တယ်...
ဆာလောင်ငတ်မွတ်နေတဲ့ ပါးစပ်တွေထဲ
ဆားငံရည်လောင်းထည့်နေသူတွေကို
ငါမုန်းတယ်....
အပ်နဖားပေါက်ထဲ
ဆင် ကိုတိုးဝင်ခိုင်းနေသူတွေကို
ငါမုန်းတယ်....
မျက်မှန်စိမ်းတပ်ပြီး
ကြည့်နေရက်သူတွေကိုလည်း
ငါမုန်းတယ်....
ငါ့မှာဦးနှောက်ဆိုတာ
ရှိမနေရင်ကောင်းမယ်ထင်တယ်...
အမှန်တရားဝတ်ရုံကို
ဇောက်ထိုးပြောင်းပြန်ခြုံထားကြသူတွေကို
ငါမုန်းတယ်....
ကိုယ့်ကို ကိုယ်အနီရောင်မဆိုးဘဲ
ကနောင်နဲ့ ဘန်ကီမွန်းကို တမ်းတနေသူတွေကို
ငါမုန်းတယ်....
လောကနီတိ စာအုပ်တွေနဲ့
သည်းခံခြင်း ခန္တီဝါဒကို
ငါမုန်းတယ်....
ငါ့ခြေ၊ ငါ့လက်၊ ငါ့ပါးစပ်တွေနဲ့
ငါဆိုတာ မရှိရင်သိပ်ကောင်းမယ်
ဟိုအရေး၊ ဒီအရေး
ငါစွမ်းနိုင်သမျှလှအောင်ရေးချင်နေတဲ့
ငါ့အတ္တကို ငါမုန်းတယ်...
ဘဝပေး၊ သမိုင်းပေး ဆိုတဲ့စကားတွေပြောပြီး
လှေကားတွေရှာရင်းသွေးပျက်နေတတ်တဲ့
ငါ့ကိုယ်ကို ငါမုန်းတယ်...
၁၈ရာစုစီ အိပ်မက် မက်နေတဲ့သူတွေကို
နှိုးနှိုးပြီး မျက်နှာသစ်ပေးချင်နေတဲ့
ငါ့ စိတ်ကို ငါအရမ်းမုန်းတာပဲ။ ။
Feb 29' 2000(Tue) ကရေးခဲ့တဲ့ ကဗျာဟောင်းလေးပါ
ကြာလည်း မမေ့ ဆိုတဲ့စကားလို... ၂၂နှစ် နှစ်ပတ်လည်နေ့မှာ
တစ်ခုခုလေးတင်ချင်တာနဲ့ စာအုပ်အဟောင်းလေးမှာ ပြန်လှန်ပြီးရှာတော့
အမုန်းတွေအပြည့်နဲ့ အသက်၂၀အရွယ် နည်းပညာတက္ကသိုလ်ကျောင်းသူကလေးကို သွားတွေ့ ပါတယ်။
06 August 2010
အမြတ်နိုးဆုံး မိုး
တိမ်တွေငိုတာတဲ့လေ
ငါ့ ကမ္ဘာ မိုးရွာနေတာ
၁၃ နှစ်တောင်ကြာခဲ့ပေါ့
အမြဲ မစဲခဲ့ဘူး။
မိုးရိပ်တွေခင်းကျင်း
မိုးသီချင်းတွေဆိုစဉ်က
ငါ့ရဲ့ ရင်ခုန်သံတွေ
မြူးကြွနေလိုက်တာများ။
နောက်...အေးမြခြင်း၊ လျှပ်လက်ခြင်း
စိုထိုင်းခြင်း၊ မှုန်မိုင်းခြင်းနှင့်
မိုးကြိုးသံ၊ လေပြင်းဒဏ်တွေကြောင့်
ငါ့ မှာတုန်ရီလှိုက်မော။
ရူးမတတ် ရွာခဲ့တယ်
ရွာသမျှလည်း ရူးခဲ့ပေါ့
ငါဟာ ရွာသာရွာစေ၍
မရပ်တန့်နိုင်တဲ့သူလေ။
အနမ်းခြွေ ပန်းကြွေမိုးရယ်...
အပျက်အဆီးများပေမယ့်
မြတ်နိုးစရာအကောင်းဆုံးတွေကို
သယ်ဆောင်လာခဲ့တာကြောင့်။ ။
19 June 2010
ကောင်းကင်မေမေ (၂)
ဒီကောင်းကင်ကြီးပေါ့
သိပ်တော့မရင်းနှီးပါဘူး...
ဒါပေမယ့်...
ချစ်ခင်မြတ်နိုးတယ်
လေးစားအားကိုးတယ်...
မြတ်သောအကျင့်နဲ့
အားလုံးရဲ့အထက်မှာ
မြင့်မြတ်စင်ကြယ်စွာရပ်တည်
ငြိမ်းချမ်းခြင်းရင်ငွေ့ ကိုပေး
လောကကြီးကိုထွေးပွေ့ လို့...
သူဟာ...
ခံယူချက်၊ ဂုဏ်သိက္ခာနဲ့
တို့မြန်မာပြည်သူအများကို
ရင်နှစ်သည်းခြာသားရတနာတွေထက်၊
ခင်ပွန်းသက်ဝေ၊ လောကစည်းစိမ်တွေထက်
ပိုပြီးချစ်တတ်တဲ့သူ...
သူဟာ...
တို့မစွန့်နိုင်တာတွေကို စွန့်လွှတ်ပြီး
ဆိုးပေ့ဆိုတာတွေကို သည်းခံရင်း
သန့်စင်တဲ့နှလုံး၊ တောက်ပသောမျက်လုံး
ရဲရင့်ခိုင်မာသောအပြုံးများဖြင့်
အနစ်နာခံ၊ တာဝန်ယူရဲသူလည်း ဖြစ်တယ်...
သူဟာ...
မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာ
မြန်မာတိုင်းရဲ့ ကျေးဇူးရှင်ဖြစ်တဲ့
အာဇာနည်အမျိုးသားခေါင်းဆောင်ကြီးရဲ့
တာဝန်လွန်ပေးအပ်ခဲ့တဲ့
ခြေရာမှီတဲ့သမီးကောင်းတစ်ယောက်....
မြန်မာပြည်... ရာသီကြမ္မာဆိုး
တိမ်မိုးညို တစ်ခွင်လုံးအုံ့မည်း
ဖရိုဖရဲ နေ့ညတွေမှာ...
ပြာစင်စင်ကောင်းကင်နဲ့နေကြယ်လ
ရှိနေပေမယ့် မမြင်ရ...
စိတ်ဓာတ်တော့မကျဘူး...အမေ
"မိုး" ကုန်ရင် "ဆောင်း"ကိုရောက်မယ်
ဒီယုံကြည်ချက်နဲ့အတူ အမေ့ကိုကူညီဖို့
ကိုယ့်ကို ကိုယ်ဖြည့်ဆည်းနေပါတယ် အမေ... ။ ။
ဒီကဗျာလေးရဲ့ သက်တမ်းဟာ ဆယ်နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ ဟုတ်ပါတယ်...ဒီကဗျာလေးကို အမေစုရဲ့ ၅၅နှစ်ပြည့်မွေးနေ့ (June19,2K:Monday) တုန်းက မမင်းရေးခဲ့တာပါ။ သူငယ်ချင်းတစ်ယောက်ရဲ့ အဆက်အသွယ်အကူအညီရလို့ တရားစာအုပ်လေးတစ်အုပ်နဲ့အတူ ဒီကဗျာလေးကို အမေစုဆီ (၅၆)နှစ်ပြည့် မွေးနေ့လက်ဆောင်အဖြစ်နဲ့ ပေးပို့ခဲ့ဖူးပါတယ်... အမေစု လက်ခံရ၊ မရကိုတော့ မမင်းမသိပါဘူး။
ဒီနေ့ ၆၅ နှစ်ပြည့်မွေးနေ့မှသည်... အမေစု ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာ၍ အမြန်ဆုံးလွတ်လပ် ငြိမ်းချမ်းပျော်ရွှင်နိုင်ပါစေလို့ တနင့်တပိုးဆုတောင်းရင်း ... ဒီကဗျာလေးကို တင်ပါတယ်။
13 May 2010
အသက်ဆက်ဖို့  ရေ....
အစ်ကို၊ မောင်၊ အစ်မ၊ ညီမများနှင့် မိတ်ဆွေအပေါင်း သူငယ်ချင်းကောင်းတို့ရေ
မမင်းဆီက e-mail ရရင် အလှူခံတော့မယ်၊ ဘာကိစ္စလှူစရာရှိပြီလဲ လို့အားလုံး အလိုလိုနေရင်း သိနေကြလောက်ပြီ ထင်ပါရဲ့နော်။ ဟုတ်ပါတယ် ဒီတစ်ခါကတော့ မကြုံစဖူးတဲ့ မြန်မာနိုင်ငံတစ်ဝှမ်း ရေခမ်းခြောက်မှုကြောင့် ရေငတ်ပြတ်မှုဒဏ်နဲ့ ရေရှားလို့ဖြစ်ပေါ်ခံစားကြရတဲ့ ရောဂါပေါင်းစုံတွေ ဖြစ်ပေါ်ခံစားနေကြရတဲ့ သတင်းတွေအတွက်ပါ။
ဒီနေရာတွေမှာ ဖတ်ကြည့်ပါ။
http://www.mizzimaburmese.com/news/inside-burma/5359-2010-05-11-14-00-12.html
http://burmese.dvb.no/news.php?id=10804
http://www.khitpyaing.org/index.php?route=detail&id=654
http://www.irrawaddy.org/bur/index.php/news/1-news/3120-2010-05-08-10-11-30
http://www.irrawaddy.org/bur/index.php/news/1-news/3131-2010-05-11-09-50-51
မမင်းအနေနဲ့ ကိုယ်တတ်နိုင်သမျှငွေအားနဲ့ ထောက်ပံ့ရုံနဲ့တင် နေသာထိုင်သာမရှိ၊ နေမထိ ထိုင်မထိဖြစ်တာကြောင့်...
မိတ်ဆွေအတော်များများလည်း ကိုယ့်နိုင်ငံကိုယ့်လူမျိုး (သံသရာဘဝပေါင်းများစွာက ကိုယ့်ရဲ့ မိဘညီအစ်ကိုမောင်နှမဆွေမျိုးမိတ်ဆွေအပေါင်းတို့) ခုလို အငတ်ဘေး၊ ရောဂါဘေး၊ ကိုယ်ဆင်းရဲခြင်းဘေး၊ စိတ်ဆင်းရဲခြင်းဘေးတွေနဲ့ ကြုံတွေ့ ခံစားနေရတာ ကြားသိရတော့ တတ်စွမ်းသ၍ ကူညီချင်ကြပေမယ့် ကိုယ့်အလုပ်တွေနဲ့ကိုယ် စိတ်မအား၊ လူမအားကြတာ များလေတော့ ....
စုံစမ်းမေးမြန်းဖို့ ဆက်သွယ်လှူတန်းဖို့  တကူးတကအချိန်မပေးနိုင်သူများအတွက်..
နည်းများမဟူ အလွယ်တကူ ကုသိုလ်ပါဝင်ဖြစ်အောင်လို့ မမင်းကတစ်ဆင့် တာဝန်ယူပြီး ငွေစုပါမယ်။
(မမင်းထံ ဓမ္မဒူတလစဉ်အလှူငွေထည့်ဝင်နေကြတဲ့ အစ်ကိုမောင်ညီအစ်မတွေနဲ့ ရင်းနှီးပြီးသားသူငယ်ချင်းတွေဆီမှာ မမင်းရဲ့ ဘဏ်အကောင့်က payee list မှာအဆင်သင့်ရှိပြီးသားမို့ အလွယ်တကူလို့ သုံးလိုက်တာဖြစ်ပါကြောင်း။)
Lotus Foundation က အစ်မ မခင်မမ ကို ဒီမနက်ဖုန်းနဲ့ဆက်သွယ် မေးမြန်းလိုက်တော့ လေးစားစရာကောင်းတဲ့ အဲဒီ အစ်မကနွေးထွေးရင်းနှီးစွာဖြင့် စုံစုံလင်လင်ရှင်းပြပေးပါတယ်။ မြန်မာပြည်ဘက်က ဆောင်ရွက်ပေးမယ့်သူအဖြစ် ယုံကြည်စိတ်ချရသူ၊ တကယ်ထိထိရောက်ရောက် လုပ်နိုင်စွမ်းသူ၊ အများ၏အားကိုးယုံကြည်ခြင်း ခံရသူတွေကို အစ်မကရွေးချယ်ထားတာတွေ့ ရပါတယ်။ နာရေးကူညီမှု ဦးကျော်သူ နဲ့ လမ်းပြကြယ် ဦးအေးမြင့်တို့ဖြစ်ပါတယ်။ သိတဲ့အတိုင်း မြန်မာပြည်မှာကလည်း ကောင်းတာတွေလုပ်ရင် အဖမ်းခံရတတ်တာဆိုတော့ တော်ရုံလူတွေကလည်း ကြီးကြီးကျယ်ကျယ်မလုပ်ရဲကြပါဘူး။ ဦးကျော်သူတို့အဖွဲ့ က နီးစပ်ရာကနေ ရေဝယ်ပြီး ရေပီပါတွေကို ထော်လာပေါ်တင်ပြီး လိုအပ်တဲ့နေရာတွေ သွားနေပြီလို့ဆိုပါတယ်။ အစ်မက ဦးကျော်သူရဲ့ ဇနီးနဲ့ မနေ့က ဖုန်းပြောရပါတယ်တဲ့။ ဦးအေးမြင့်နဲ့တော့ အဆက်အသွယ်မရသေးပါဘူးတဲ့။ ဦးအေးမြင့်တို့ လမ်းပြကြယ် အဖွဲ့ ကတော့ ပဲခူးသနပ်ပင်မှာရေ ကယ်ဆယ်ရေးတွေ သွားလုပ်နေပြီမို့ပါ။ http://moemaka.blogspot.com/2010/05/water-donation-to-local-residences-by.html
သူတို့က boxer နဲ့ transportation fees ကငွေကုန်ပြီး ရေကတော့ အလကားရတဲ့ဆီကနေ သွားလှူတယ်လို့ ဆိုပါတယ်။
အစ်မက မိုးမရွာလို့ ရေပြဿနာ မပြေလည်မချင်း အလှူငွေတွေကို ရသမျှစုပြီး ပမာဏပေါ်မူတည်လို့ ၃ရက်တစ်ခါဖြစ်စေ၊ တစ်ပတ်တစ်ခါ ဖြစ်စေ လိုအပ်သလို အဆင်ပြေသလို လွှဲပို့လှူတန်းပေးမယ်လို့ ပြောသွားပါတယ်။
ဘဝဟောင်းက မိဘဟောင်းတွေလည်း အငတ်ဘေး၊ ရောဂါဘေး၊ ကိုယ်ဆင်းရဲခြင်းဘေး၊ စိတ်ဆင်းရဲခြင်းဘေးတွေက သက်သာရာရဖို့ နဲ့ မမင်းရဲ့ မိတ်ဆွေများ ရေအကျိုးဆယ်ပါးကလည်း မတောင်းရဘဲ အော်တိုပြည့်မှာမို့ ဒီတစ်ခေါက်တော့ မမင်းရဲ့ အသိမှန်သမျှ ဘယ်သူ့ကိုမှ အလွတ်မပေး၊ နည်းနည်း၊များများ မရရအောင်အလှူခံမယ်လို့ စိတ်ကူးထားပါတယ်။ လူရင်းများ ဖုန်းမျှော်လျက်သာနေကြပါတော့။ ;P
မေတ္တာဖြင့်
KZMin
19 April 2010
နှစ်ခါကွဲတဲ့ အသည်း
ပြိုင်ဘက်လည်း မရှိပါကွယ်
" မဲ " ဆိုတာ ပါးစပ်ထဲက ဂဏန်းပါ။
အားနွဲ့ တာမို့ ကြောက်လှပါတယ်...
နောက်တစ်ခါ.... မ " ခွဲ " ပါနဲ့တော့။  ။
13 April 2010
ဘုရားစူးသင်္ကြန်
SMS နဲ့ပက်တဲ့
သင်္ကြန်ရေ
စိုရွှဲနေတာပဲ... Mobile Phone ထဲမှာ။
download ဆွဲထားတဲ့
တူးပို့တေး
မြူးမြူးလေးညံ... Ear-Phoneတပ်လို့ပေါ့။
Forward mail ရဲ့
စတုဒိသာ
မစားရလည်း... ဝ, ခမန်းပါလေ။
Attach File က
ပန်းပိတောက်
set up picture လေးကောက်လုပ်ပြီး။
Urgent အလုပ်တွေ
တန်းစီစောင့်
ရုံးမှာရောက်နေတဲ့ ဒီလိုနေ့မျိုးက...
ဘုရားစူး...
ဒါ... သင်္ကြန်ရက်တွေပါတဲ့.... ။  ။
မမင်း
06 April 2010
ပဌာန်းအကျော် ဗန်းမော်ဆရာတော်ဘုရား
 ပြီးခဲ့တဲ့ Marchလ 20ရက်နေ့(စနေ)၊ 21(တနင်္ဂနွေ)၊ 27(စနေ) နဲ့ 28(တနင်္ဂနွေ) နေ့တွေတုန်းက Jurong East(Informatics Centre) မှာ Lotus Foundation ကဦးစီးဦးဆောင်ပြီးတော့ ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် ရန်ကင်းအေးငြိမ်းရိပ်သာ ဆရာတော်တို့ရဲ့ တရားပွဲတွေကျင်းပခဲ့တာရယ်၊ တိုးပါးယိုးကျောင်းတိုက် သိမ်တော်မှာ ဆရာတော်များ သိက္ခာထပ်အလှူတော်ကျင်းပခဲ့တာကို ဒီက သာသနာတော်အရေး စိတ်ဝင်စားကြသူတိုင်း ကြားသိလိုက်မယ်လို့ ယုံကြည်မိပါတယ်။ ယုံဆို မမင်းကိုယ်တိုင် အဲဒီတစ်ပတ်မတိုင်ခင် ဓမ္မဒူတဆရာတော်ဘုရားရဲ့ တရားပွဲသွားတုန်းကတည်းက တရားပွဲတိုင်းမှာ ဝေယျာဝစ္စဆောင်ရွက်ကြတဲ့ လေးစားခင်မင်ရတဲ့ ဓမ္မမိတ်ဆွေများက ရှေ့တစ်ပတ်ဗန်းမော်ဆရာတော်ဘုရားရဲ့ တရားပွဲနော်၊ လာဖြစ်အောင်လာခဲ့ပါ ဆိုတာမျိုး အားတက်သရောပြောဆို ဖိတ်ကြားခံခဲ့ရသလို၊ SMS, E-mail သတင်းတွေလည်း အစောင်များစွာလက်ခံရရှိခဲ့တာလေ။
မမင်းက လက်ရှိသာသနာမှာ အထင်ကရဆရာတော်များကို အားလုံးနီးပါးသိတယ်လို့ ကိုယ့်ကိုယ်ကို အထင်မြောက်ဟန်တူပါရဲ့၊ ကိုယ်မသိဖူး၊ မကြားဖူးတဲ့ဆရာတော်များရဲ့ တရားပွဲတွေဆို တော်ရုံတန်ရုံ သွားခဲတယ်ဆိုပါတော့။ ဒီတစ်ခါတော့ ကံကောင်းကြီးထောက်မလို့သာ။ ဗန်းမော်ဆရာတော်ဘုရားကို အရင်က မသိပါဘူး၊ ပဌာန်းတရားတော်ဆိုလို့သာ စိတ်ဝင်စားပြီးရောက်သွားတာ။ ထုံးစံအတိုင်း အပြေးအလွှားနဲ့သွား၊ နောက်ကျလို့ အမောတကောဝင်ထိုင်ပြီး မှီရာကားနဲ့ ရောက်ရာနေရာက လိုက်ရတော့တာ။ တော်သေးတာ သီလယူတာမမှီလိုက်ပေမယ့် တရားအစတော့ မှီတယ်။ ပထမဆုံး မမင်းသတိထားမိတာက ဆရာတော်ဘုရားရဲ့ ကြည်လင်တဲ့မျက်နှာတော်နဲ့ ပွင့်လင်းရိုးရှင်းတဲ့ အပြုံးက မေတ္တာဓာတ်၊ မေတ္တာအား။ ကိုယ့်အဖိုးအရင်း၊ အဖေအရင်း နှင့်မခြားသော ချစ်ခင်ယုံကြည် အားကိုးမြတ်နိုးတဲ့စိတ်တွေ ဖြစ်ပေါ်လာတာ ထူးခြားလွန်းတယ်။ ပြီးတော့ သက်တော် ရှစ်ဆယ်ကျော်နဲ့ မလိုက်ဘက်အောင်ပဲ ကြည်လင်ပီပြင်ပြီး အောင်မြင်လှတဲ့ အသံတော်မှာလည်း ကရုဏာအား၊ စရဏအားတွေပြည့်ဝနေတယ်လို့ ခံစားလိုက်မိတယ်။ မမင်းက ပဌာန်းနိဒ္ဒေသကို ဘယ်နေရာက ဘယ်လိုရောက်ရောက် ညက်ညက်ကျေနေအောင် အလွတ်ရနေတာဖြစ်လို့ စာအုပ်ကိုကြည့်ပြီးအာရုံစိုက်စရာ မလိုလို့လည်းဆရာတော်ဘုရားကို သေချာအာရုံစိုက်ဖူးမြော် နာယူမိတာလဲ ဖြစ်နိုင်ပါတယ်။
နောက်တစ်ခုကတော့ နက်နဲလှတဲ့ ပဌာန်းတရားတော်ကို နက်နဲလှတဲ့ချဉ်းကပ်နည်းမျိုးနဲ့ ရသမျှအချိန်လေးမှာ ကျစ်ကျစ်လစ်လစ်နဲ့ နားလည်လွယ်အောင်ဟောသွားတဲ့ တစ်မူထူးခြားတဲ့ ဟောနည်း၊ ဟောဟန်ဖြစ်ပါတယ်။ ဘုရားရှင်အလို တရားတော်ကိုလက်ခံပုံနည်း အဆင့် ၄ မျိုးကို ဆရာတော်ဘုရားရှင်းပြပြီးနောက် ပဌာန်းပစ္စည်းတစ်ခုစီတိုင်းအတွက်၊
နံပါတ်(၁) နားဖြင့်နာယူနားထောင်ခြင်း အဆင့်အတွက် ဆရာတော်ကအရင် ရွတ်ဆိုပြပါတယ်။
နံပါတ်(၂) အဆင့် နှုတ်ဖြင့်ကိုယ်တိုင် ရွတ်ဆောင်ခြင်း အတွက် တရားနာပရိတ်သတ်ကို ရွတ်ဆိုပူဇော်စေပါတယ်။
နံပါတ်(၃)အဆင့်ကတော့ စိတ်ဖြင့်အနက်အဓိပ္ပာယ်သိအောင် ကြံစည်ဆင်ခြင်ခြင်း ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ ဆရာတော်ဘုရားက အနက်သိလွယ်ရုံ အကျယ်ဖွင့်ဟောပြသွားတာ တချို့ကို မမင်းညဏ်မှီသဘောပေါက်လိုက်သမျှ နည်းနည်းဖောက်သည်ချချင်ပါတယ်။ ပဌာန်းဆိုတာ ပဌာနပါဠိကလာတာဖြစ်ပြီး "လိုရင်းဖြစ်သော(ပြဌာန်းသော) အကြောင်းတရားလို့ အဓိပ္ပာယ်ရှိတာကြောင့် သဘောတရားတိုင်းရဲ့ အကြောင်းတရား(ပစ္စည်း)၊ အကျိုးတရား(ပစ္စယုပ္ပန်) နဲ့ အကြောင်းအကျိုးတို့ ဆက်နွယ်ထောက်ပံ့ကျေးဇူးပြု ဖြစ်ပျက်ပုံ(ပစ္စယ သတ္တိ) တွေကို သဘောပေါက်နားလည်ရမှာဖြစ်ပါတယ်။ သဒ္ဒါလိုကတော့ ပစ္စည်း(ကတ္တား)၊ ပစ္စယုပ္ပန်(သမ္ဗဓာန်) နှင့် ပစ္စယသတ္တိ(ကရိုဏ်း) ဆိုပြီးခေါ်ပါတယ်။ ပစ္စည်းတစ်ခုစီတိုင်းကို ဒီ ၃ မျိုးနဲ့ဆရာတော်ဘုရား ရှင်းလင်းဟောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးပစ္စည်း ဟေတုပစ္စယောတစ်ခုကိုပဲ မမင်းဥပမာအနေနဲ့ ဆရာတော်ဟောတာကို မှီသလောက်ကြိုးစားရှင်းပြပါမယ်။ ဒီတစ်ခေါက် Singapore မှာလည်း ဆရာတော် အကုန်ပြီးအောင် ဟောမသွားနိုင်လိုက်ပါဘူး၊ အပိုင်းလေးပိုင်း လေးချိန်တည်းမို့ ၁၃ ပစ္စည်း၊ ကမ္မပစ္စယောထိပဲပြီးလိုက်တာပါ။ အပါယ်တံခါးပိတ် တရားတော်နဲ့ နိဗ္ဗာန်တံခါးဖွင့် တရားတော် နှစ်ပုဒ်ကိုလည်း ချီးမြှင့်သွားပါသေးတယ်။ ပဌာန်းတရားအပြည့်အစုံကိုတော့ ဓမ္မဒါနဝေငှ လှူတန်းခဲ့ကြတဲ့ DVD မှာနာယူနိုင်ပါတယ်။ စမ်းချောင်း၊ ကံမြင့်ကျောင်းတိုက်မှာ အပိုင်း(၁၀)ပိုင်းခွဲဟောထားတာက အပြည့်အစုံဖြစ်ပါတယ်။ DVD မရလိုက်လို့ လိုချင်တဲ့သူများ မမင်းထံအကြောင်းကြားပါ။ ဗန်းမော်ဆရာတော်ကြီး ၏ မြတ်ပဌာန်းဒေသနာနှင့် ဝိပဿနာဥာဏ်စဉ် တရားတော်များ ဒီနေရာမှာလည်း ရနိုင်ပါတယ်။ ကြော်ငြာဝင်လိုက်ပြီးပြီဆိုတော့ ဟေတုပစ္စယောကို ဆက်လိုက်ပါရစေဦး။ ပြီးရင်လည်း ဆရာတော်ဘုရား ထူးခြားတာတွေ မမင်းကြားသိရသမျှ ဆက်ရေးချင်သေးတာကြောင့်ပါ။
ဟေတုပစ္စယောတိ... ဆိုတာ ဘုရားရှင်က ဟေတုပစ္စည်းကို အကျယ်ချဲ့ဟောပါတော့မယ်လို့ ဦးတည်လိုက်တာပါတဲ့။
ဟေတူ=ဟိတ် ၆ ပါး တရားတို့သည် (ပစ္စည်း၊ အကြောင်းတရားများအဖြစ်)၊
ဟေတုသမ္မယုတ္တကာနံ=ဟိတ်နှင့်ယှဉ်ကုန်သော၊ ဓမ္မာနံ=သဟိတ်စိတ် ၇၁ပါးနှင့် ကျန်စေတသိက်၅၂ပါးတို့ကိုလည်းကောင်း၊ တံသမုဌာနာနဉ္စ=ထိုစိတ်စေတသိက်တရားတို့ကြောင့် ဖြစ်ပေါ်၍လာကုန်သော၊ ရူပါနံ=စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇ ရုပ်တရားတို့အားလည်းကောင်း (ပစ္စယုပ္ပန်၊ အကျိုးတရားများဖြစ်ပေါ်လာအောင်)၊
ဟေတုပစ္စယေန=(သစ်ပင်၏ ရေသောက်မြစ်သည် သစ်ပင်တစ်ပင်လုံး ဖွံဖြိုးကြီးထွား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုထောက်ပံ့ပေးသကဲ့သို့) ဟေတု=အမြစ်မူလတရားအဖြစ်(ဟေတုပစ္စယသတ္တိဖြင့်)၊ ပစ္စယော=ကျေးဇူးပြုတတ်(ဖြစ်စေတတ်)သည်၊ ဟောတိ ဖြစ်၏။
ဒီနေရာမှာ ဆရာတော်ဘုရားက ဟိတ် ၆ ပါးဆိုတာဟာ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အကုသိုလ်ဟိတ် ၃ပါး နှင့် အလောဘ၊ အဒေါသ၊ အမောဟဆိုတဲ့ ကုသိုလ်ဟိတ်(သို့) အဗျာကတဟိတ် ၃ပါးတို့ ဖြစ်ကြောင်း၊ စေတသိက်တရား(နာမ်တရားဖြစ်ကြောင်း)၊ ထိုဟိတ်တို့ကြောင့်ဖြစ်သော သဟိတ်စိတ်များမှာ (အမြစ်တစ်ချောင်းရှိသော သစ်ပင်၊ နှစ်ချောင်းရှိသော သစ်ပင်စသည်ရှိသလို) ဧကဟိတ်၊ ဒွိဟိတ်၊ တိဟိတ်စိတ်ဟူ၍ကွဲပုံ၊ ဟိတ်မယှဉ်သောစိတ် အဟိတ်စိတ် ၁၈ ပါးတို့ ဟေတုပစ္စည်းတွင် မပါဝင်ပုံ။ ဟိတ်ကြောင့် စိတ္တရုပ်၊ ပဋိသန္ဓေကမ္မဇရုပ် တို့ဖြစ်ပုံနှင့် ထိုအကျိုးပစ္စယုပ္ပန်တရားများသည်လည်း နာမ်တရားရုပ်တရားတို့သာ ဖြစ်ကြောင်းဖြင့် ညဏ်စဉ်လေးပါး အထိရောက်အောင် လမ်းပြဟောပြောတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှေ့မှာ ဘုရားအလို တရားခံယူနည်း အဆင့် ၄ မျိုးအရ နောက်ဆုံးဆင့်...
နံပါတ်(၄)အဆင့် က နာပြီး၊ ရွတ်ဆောင်ပြီး၊ စိတ်ဖြင့်သဘောပေါက်ပြီးသော တရားတော်ကို ဝိပဿနာညဏ်ဖြစ်အောင် လက္ခဏာရေး ၃ ပါးတင်ပြီး ရှု့မှတ်ပွားများသိမြင်ခြင်း ဖြစ်လို့ပါပဲ။
ဝိပဿနာညဏ်စဉ် ပထမ ၄ ဆင့်ကတော့
နံပါတ်(၁) ရုပ်နာမ်တရားတို့ကို ခွဲခြားသိမြင်သော နာမရူပ ပရိစ္ဆေဒညဏ်၊
နံပါတ်(၂) ထိုခွဲခြားသိမြင်ပြီးသော ရုပ်နာမ်တရားတို့ရဲ့ အကြောင်းအကျိုး(ပစ္စည်း၊ ပစ္စယုပ္ပန်) တို့ကို သိမြင်သော ပစ္စယ ပရိဂ္ဂဟညဏ်၊
(ဒီညဏ်နှစ်မျိုး ဖြစ်လာရင် အပါယ်တံခါးပိတ်တဲ့ စူဠသောတာပန်လို့ ဆရာတော်ဘုရားဖြည့်စွက်ဟောသွားပါသေးတယ်)၊
နံပါတ်(၃) ရုပ်နာမ်တရား၊ လောကဓမ္မများကို သုံးသပ်ဆင်ခြင်သော သမ္မသနညဏ်၊
နံပါတ်(၄) ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို ရှူဆင်ခြင်သိမြင်သော ဥဒယဘယညဏ် တို့ဖြစ်ပါတယ်။ နောက်ညဏ် ၂ မျိုးကိုရပြီဆိုရင်တော့ နိဗ္ဗာန်ကို အနှေးနဲ့အမြန် ဧကန္တရောက်ရတော့မှာ ဖြစ်တယ်။ ဝိပဿနာ ညဏ်စဉ် ၁၀ ပါးမှာ လိုရင်းကတော့ အဖြစ်အပျက်ကို သိမြင်သော ဥဒယဘယညဏ်လို့ ဆရာတော်မိန့်ပါတယ်။ ခုလို ဗဟုသုတနာကြားသိကနေ ထိုးထွင်းအသိ(ညဏ်သိ) အဆင့်ရောက်အောင် အကြိမ်ကြိမ် ရွတ်ဆို၊ နှလုံးသွင်း၊ ပွားများလေ့ကျင့်ဖို့ ဆရာတော်ဘုရားမှာ ကြားသွားပါတယ်။
ဒီလောက်ဆိုရင် ဆရာတော်ဘုရားကြီးရဲ့ ဝိဇ္ဇာ၊ စရဏတရားအားတွေကို ညဏ်ကြီးသူများရိပ်မိနိုင်ပါပြီ။ မမင်းက ပထမနေ့ တရားနာပြီးကတည်းက g-talk online status မှာ တရားတော်တွေ အရမ်းကောင်းပါတယ်လို့ တင်ထားသလို ဝါသနာပါတတ်တဲ့ သူငယ်ချင်းတွေကိုလည်း ဖုန်းနဲ့တစ်မျိုး၊ ချတ်တင် ကနေတစ်မျိုး တရားတော်တွေကောင်းကြောင်း၊ ဆရာတော်ကြည်ညိုစရာကောင်းကြောင်း ပြောဖြစ်ပါတယ်။ ဖြစ်ချင်တော့ တိုက်တိုက်ဆိုင်ဆိုင်ပါ။ ဆရာမဒေါ်သူဇာရဲ့ မေမေက ဒီ25ရက်နေ့မှာ မျက်စိခွဲမယ်ပြောထားတာမို့ မမင်းက 26ရက်နေ့ညမှာ ဖုန်းဆက်ပြီးသတင်းမေးပါတယ်။ ဒီတော့ဆရာမက... အဖွားမျက်စိမခွဲဖြစ်ဘူး၊ သီသီလေးကပ်ပြီး ကံကောင်းသွားတာ မှားတော့မလို့ဆိုပြီး အစချီလို့ပေါ့လေ... ဟိုတလောကတည်းက နင့်အဖွားရဲ့ depression ကိုကုရတာ၊ ငါပါ depression ဝင်သလိုဖြစ်သွားတယ်။ အကြောင်းမယ်မယ်ရရ မရှိဘဲ စိတ်တွေရှုပ်ထွေး ပင်ပန်းနေတာပဲ၊ ပူလောင်လိုက်တာသမီးရယ် တော်တော်ဖြစ်တာတဲ့။ "ကံကောင်းလို့သမီးရေ၊ ကယ်တင်ရှင်က ဗန်းမော်ဆရာတော်ဘုရားရဲ့ ပဌာန်းတရားပေါ့၊ နင်တော့သိမှာမဟုတ်ဘူး၊ ဒီတစ်ခါလူကြုံတာနဲ့ ငါအခွေပို့ပေးမယ်"တဲ့ ပြောသေးတာ ဆရာမက။
"ဒီရက်ပိုင်းထဲမှာ အမှတ်မထင် အဲဒီတရားကို ကလေးမလေးကဖွင့်ပေးတာ၊ ဘယ်သူဓမ္မဒါနပြုလို့ ဘယ်ကနေရလာတယ်လည်း မသိပါဘူး၊ ငါကလည်း ဆရာဝန်ကြီးကြီးနဲ့မှ ဆေးထိုးချင်တဲ့လူစား မျိုးဆိုတော့လေ ဗန်းမော်ဆရာတော်ဘုရားကို မသိတော့ သေချာဂရုစိုက်ပြီးမနာမိဘူး၊ သာမန်လောက် နာရင်းနာရင်းမှ သတိပြုမိလာတယ်၊ ဆရာတော်ဘုရား တရားဟောတဲ့အသံနဲ့ ပဌာန်းရွတ်တဲ့ အသံမတူဘူး၊ အသံတော်ကလည်းထူးခြားတယ်၊ မင်းကွန်းဆရာတော်ဘုရားအကြောင်းတွေ ထည့်ပြောတာလည်းကြားတော့မှ ပေါ့ပေါ့မဟုတ်ဘူးဆိုပြီး၊ ညတိုင်းဖွင့်ပြီး နာဖြစ်တာ၊ သိသိသာသာ စိတ်တွေအေးချမ်းလာလိုက်တာ။ မနေ့ညကတော့ ည၁၂နာရီလောက်ကြီး တစ်အိမ်လုံးကို မွှေးနေတော့တာပဲ၊ အရမ်းထူးခြားတယ်။ စီးပွားရေးတွေကလည်း ငါကိုယ်တိုင် နယ်သွားစရာမလိုပဲ လက်ခွဲ တွေ၊ နယ်ဆင်းရောင်းတဲ့ သူတွေက အရမ်းကို ရောင်းကောင်းကြတာအံ့ကိုသြရော၊ အိမ်မှာနေရင်း ဝင်ငွေတွေကောင်းပြီး အဆင်ပြေနေတာလေ။ ဒီမနက်တော့ အဖွားမျက်စိခွဲဖို့ လိုအပ်တာတွေကားပေါ်တင်ပြီး သွားခါနီးနီးမှ အဲဒီဆရာဝန်အကြောင်းသေချာသိလိုက်ရလို့ မသွားဖြစ်တော့ဘူး။ ဒီလိုဘေးအန္တရယ်ကင်းတာ၊ ထူးခြားတဲ့ကောင်းကျိုးတွေ ရတာဟာ ဒီတရားကြောင့်လို့ပဲ သေသေချာချာယုံတယ်" လို့ပြောပြပါတယ်။
မမင်းကလည်း "ဗန်းမော်ဆရာတော်ဘုရားက ခုSingaporeမှာလေ။ အရင်တစ်ပတ်က အမေ online လာတော့ တရားတွေကောင်းလိုက်တာဆိုတော့ နင်တရားနာနေတာလားလို့ သမီးကိုမေးတာလေ၊ အဲဒါ ဗန်းမော်ဆရာတော်ဘုရားရဲ့ တရားပွဲသွားခဲ့တာလေ။ သိမ်ဆင်းမှာ ဝတ္ထုငွေပဲလောင်းချင်လို့ ကောင်းပါ့မလားလို့ အမေ့ကိုမေးခဲ့တာလဲ ခုလာမယ့်တနင်္ဂနွေ ဆရာတော်ဘုရားသိက္ခာထပ်၊ သိမ်ဆင်းအတွက်လေ။ " လို့ခပ်ကြွားကြွားလေးပြောမိတော့တယ်။ အဲဒီတော့ ဆရာမက ဝမ်းသာအားရတွေဖြစ်၊ visit နဲ့အလုပ်လာရှာနေတဲ့ မမင်းရဲ့ သူငယ်ချင်းအတွက်လည်း အရမ်းကံကောင်းတယ်ဆိုပြီး ဆရာတော်ဘုရား ဂျပန်ကိုသိမ်သမုတ်ပွဲကြွတုန်းက အကြောင်းလေးပြောပြပါသေးတယ်။ ခင်ဥမ္မာမြိုင် ဆိုတဲ့တစ်ယောက်က ဆရာတော်ဘုရားကို ကြည်ညိုတော့ ညနေတိုင်း အဖျော်ရည်ကပ်တယ်တဲ့၊ ဆရာတော်ဘုရားက နင်နေ့တိုင်းလာလှူနေတာ ဘာအလုပ် လုပ်တုန်း၊ ပိုက်ဆံတော်တော်ရှိလားလို့ မေးတယ်တဲ့။ သူက မရှိပါဘူးဘုရား၊ အလုပ်လာရှာတာမရလို့ နေထိုင်ခွင့်လည်းကုန်တော့မှာကြောင့် မြန်မာပြည်ပြန်ရတော့မှာပါဘုရားလို့ လျှောက်တယ်တဲ့။ ဒီတော့ ဆရာတော်ဘုရားက ခင်ဥမ္မာမြိုင် အလုပ်မရလို့တဲ့၊ ရစေ... လို့ရီရီမောမောပြောပါသတဲ့။ အဲဒီနေ့ည ဆယ်နာရီမှာပဲ သူဌေးကဖုန်းဆက်ပြီး နက်ဖြန်ခါအလုပ်ဆင်းတော့လို့ အလုပ်ခန့်ပါတယ်တဲ့။ ဒါနဲ့ သူ့လိုဖြစ်နေတဲ့ ကြည်ပြာဆိုတဲ့ သူ့သူငယ်ချင်းကို ပြောပြလို့ နောက်တစ်နေ့မှာ ကြည်ပြာက ဆရာတော်ဘုရားဆီလိုက်ဖူးမြော်ပြီး အလုပ်မရတဲ့အကြောင်း လျှောက်ပါတယ်တဲ့။ ဆရာတော်ဘုရားက ခင်ဥမ္မာမြိုင်တုန်းကလိုပဲ ပြောပါတယ်တဲ့။ အဲဒီ ကြည်ပြာလည်း နောက်တစ်နေ့မှာပဲ အလုပ်အသစ်ရခဲ့တယ် လို့ဆိုပါတယ်။ ဆရာတော်ဘုရားက ငါ့တန်ခိုးရှိလို့ မဟုတ်ပါဘူး၊ ဘုရားရှင်ရဲ့တရားတော်တွေက တန်ခိုးကြီးတာကြောင့် ရွတ်ပါများလို့ပါးစပ်က သိဒ္ဓိပေါက်သွားတာလို့ပြောပါတယ်တဲ့။ ဒါကြောင့်ဆရာတော်ဘုရားက ကိုယ်တိုင်ရွတ်ဆိုကြဖို့လည်း တိုက်တွန်းထားပါတယ်တဲ့။ ဆရာတော်ဘုရားကို သေချာအနီးကပ်ဖူးမြော်ကြည်ညိုဖို့၊ မွန်မွန်မြတ်မြတ်စွမ်းနိုင်သမျှလှူဖို့ မမင်းသူငယ်ချင်းကိုလည်း အလုပ်ရှာနေတဲ့အကြောင်း ဆရာတော်ကို လျှောက်ဖြစ်အောင်လျှောက်တင်ဖို့၊ မမင်းကိုလည်း အချိန်ရရင် ဆရာမတို့မိသားစုက မဖူးမြော်မလှူတန်းဖူးပါဘဲနဲ့ တရားတွေနာပြီး အကျိုးကျေးဇူးတွေရလို့ ကျေးဇုးအထူးတင်ရှိကြောင်းနဲ့ ပြစ်မှားမိသည်များရှိခဲ့ပါက သီးခံခွင့်လွတ်ပါရန်အကြောင်း လျှောက်ထားခိုင်းပါတယ်။
ဒီလိုနဲ့ စနေနေ့တရားပွဲမှာတော့ အစားအသောက်ကို လမ်းမှာအပြီးစားပြီး၊ တရားပွဲကိုအချိန်မှီသွားခဲ့ပါတယ်။ ခဏနားချိန်မှာ ကင်းတင်းက အကျွေးအမွေးအစီအစဉ်ဘက် ခြေဦးမလှည့်ဘဲ ဆရာတော်ကိုဖူးခွင့်ရဖို့ ချောင်းရပါတော့တယ်။ အဲဒီနေ့က ဆရာတော်က ပထမပွဲဟောတာဖြစ်ပြီး၊ ပြီးတာနဲ့ Lotus Foundation ကစေတနာရှင်တွေနဲ့ဓာတ်ပုံရိုက်ပြီးနောက် ဘယ်သူကလုယက် ပင့်သွားသည်မသိရ၊ ဖူးခွင့်မရလိုက်ပါဘူး။ နောက်နေ့ တနင်္ဂနွေမှာတော့ မမင်းက မနက် ၆ နာရီထ၊ တစ်အိမ်သားလုံးစာ ကော်ဖီဖျော်၊ ပေါင်မုန့်မီးကင်ပြီး တစ်အိမ်လုံးကိုနှိုးပြီး သိမ်ဆင်းသွားလောင်းကြပါတယ်။ လားလား ဆရာတော်ဘုရားရဲ့ပရိတ်သတ်က အုံးအုံးကျွက်ကျွက် အလုအယက်ဖူးကြ၊ လျှောက်ကြ၊ ပင့်ကြ။ မမင်းတို့သာမသိလိုက်တာ၊ သိတဲ့သူတွေနည်းတာမဟုတ်ဘူး ဆိုတာအဲဒီတော့မှ သဘောပေါက်မိတယ်။ ဆရာတော်ဘုရားကိုတော့ အနီးကပ်ဖူးလေ မေတ္တာဓာတ်၊ ဓမ္မဓာတ်တွေကြောင့် အအေးဓာတ်ကိုပိုပြီး သတိပြုခံစားမိရလေပါပဲ။ မစိမ်းစိမ်းဆိုတဲ့ ဓမ္မမိတ်ဆွေအစ်မကို တရားပွဲမှာ မမြင်မိဘူးနော်လို့ နှုတ်ဆက်တဲ့အခါ မစိမ်းစိမ်းက တရားပွဲမရောက်ဖြစ်ပေမယ့် ဆရာတော်ကြီးကို အိမ်မှာပင့်ပြီး နေ့ဆွမ်းကပ်၊ ပဌာန်းရွတ်ပွဲလုပ်တယ်တဲ့။ ဓာတ်ပုံတွေကို သူ့ Camera လေးဖွင့်ပြီးတော့ ဝမ်းသာအားရပြပါတော့တယ်။ လားလား ပဌာန်းရေထည့်ထားတဲ့ ဖန်ချိုင့်ကြီးတွေထဲမှာ ရေပူပေါင်းကြီးတွေ သီးလို့။ မမင်းတို့ကတော့ သိမ်ဆင်းလောင်း၊ သီလယူ ဆရာတော်ဘုရား မေတ္တာခံယူပြီးနောက် ကုသိုလ်ပီတိတွေ ဂွမ်းဆီထိပြီး၊ ညနေ နောက်ဆုံးနေ့တရားပွဲမို့ စိတ်ဇောအားကြီးပြီး အချိန်ကိုသတိမမူမိတော့ဘဲ အချစ်ဆုံးတွေကို ဖုန်းဆက်ပြီးတရားပွဲလာစေချင်တယ်လို့ ပြောတော့တာကလား။ သုံးယောက်လောက်ကို ပြောပြီးမှပဲ... အဲ.. ငါ... စောစောစီစီး သူများကို အိပ်ယာကလိုက်နှိုးသလို ဖြစ်နေပါပေါ့လားလို့ သဘောပေါက်ပြီး ကိုယ့်ကိုယ်ကို ဘရိတ်အုပ်ပြီးသကာလ ညီမလေးတစ်ယောက်ရဲ့အိမ်တက်အလှူကိုသွား။ ညနေတရားပွဲကိုသွား။ ဒီကြားထဲ ရတတ်သမျှအချိန်လေးမှာတော့ လက်လှမ်းမှီသမျှဖုန်းဆက်ပြီး တရားပွဲလာဖို့နှိုးဆော်တိုက်တွန်းမှု ပြုဖြစ်ပါသေးတယ်။ ဒါပေမယ့်လူစုံအောင် မပြောလိုက်နိုင်လို့ လွတ်သွားတဲ့ အချစ်ဆုံးများအတွက် စိတ်မကောင်းဖြစ်မိလို့ ဒီပို့စ်ကိုရေးပါတယ်။ ဒီတစ်ခါကြုံကြိုက်ရင် ဖူးခွင့်ထိုက်စေချင်လို့ပါ။ ဆရာတော်ဘုရားကြီးကို နောက်တစ်ကြိမ်တရားပွဲ ပင့်ဖို့လည်း Lotus Foundation ကကြိုးစားမယ်လို့ သိရပါတယ်။
ညတရားပွဲအပြီး တစ်ကမ္ဘာလုံး ပဌာန်းပြိုင်တူရွတ်ပွဲ(Lotus Foundation ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ Idea ကောင်းဖြစ်ပါတယ်) အပြီးမှာတော့ ဆရာတော်ဘုရားကို ခဏဖူးမြော်ခွင့်ပေးပါတယ်။ အဲဒီမှာ မမင်းတို့သူငယ်ချင်း နှစ်ယောက်လုံး လျှောက်ချင်တာတွေလည်း လျှောက်လိုက်ရပါတယ်။ လူတွေက များလွန်းလို့ မမင်းက ရန်ကုန်ကဆရာမ ဒေါ်သူဇာဝင်းတို့ မိသားစုက... ဆိုပြီး အကျိုးအကြောင်း အကျဉ်းချုပ်လေးလျှောက်တော့ ဆရာတော်က ပြုံးပြုံးလေး နားထောင်ရာက "အေးကွယ် ကျန်းမာ၊ ချမ်းသာကြပါစေ" တဲ့ပြောပြီး ဟိုဘက်တစ်ယောက်ဘက် လှည့်သွားတယ်။ မမင်းက အသံနည်းနည်းထပ်မြှင့်ပြီး ဆရာမတို့မိသားစု၊ သမီးတို့မိသားစု အားလုံးက ဆရာတော့်အပေါ် ပြစ်မှားမိတဲ့အပြစ်တွေ ရှိရင်ခွင့်လွှတ်တော်မူပါလို့ လျှောက်ဖြစ်အောင် ခပ်မြန်မြန်လေးဆက်တိုက် လျှောက်တော့ ဆရာတော်က ပြန်လှည့်လာပြီး "အေး၊ ခွင့်လွတ်ပါတယ်ကွယ်" လို့လှိုက်လှိုက်လှဲလှဲကြီး ပြောပါတယ်။
ဗန်းမော်ဆရာတော်ဘုရားရဲ့ တရားပွဲများကို စီစဉ်ပေးသော စီစဉ်သူများအားလုံး၊ အလှူရှင်အားလုံး အထူးသဖြင့် Lotus Foundation မှဆရာတော်နှင့် အစ်ကိုအစ်မမောင်ညီမများ၊ ဆရာတော် ဦးသုပီယနှင့် တပည့်တကာ၊ တကာမများအား ဤပို့စ်ဖြင့် လေးစားစွာ ကျေးဇူးမှတ်တမ်းတင်လိုက်ပါတယ်။ ။
22 March 2010
ညခါးခါး
နေ့က နွမ်းနယ်ညောင်းကိုက်နေမှတော့
ည ကိုဘယ်လိုများ သောက်မျိုလိုက်ရပါ့
လုပ်ချင်တာလေးတွေ ကပျာကယာလောင်းချိုး
မဖြစ်မနေတွေကို စားသုံးပြီးတဲ့အခါမှာတော့...
ဟာတာတာညတစ်ခုဟာ အိပ်ချင်စိတ်မဲ့နေတတ်ရဲ့။
မီးပိတ်လို့တောင်မှ မှောင်မသွားတတ်တဲ့
ပေါ့ပျက်ပျက်ညမျိုးပေါ့၊ ထုံထိုင်းနေချင်လည်းမရခဲ့ဘူး။
ညရဲ့ ညထဲ... နာနာကျင်ကျင်၊ အလူးလူး အလှိမ့်လှိမ့်နဲ့..
နားစွင့်ထားခဲ့လည်း ကြယ်ကြွေသံ ငါမကြားရဘူး...
လှမ်းမျှော်ငေးလည်း လမင်းက ထွက်မလာခဲ့ဘူး...
အင်တာနက် နဲ့ ဖုန်းကဒ်အသစ်တွေရှိနေလည်း
ငါ... ပြောချင်တာတွေ ပြောခွင့်မရဘူး။
ငါ... ကြားချင်တာတွေ မကြားရဘူးကွဲ့ ။
အသံတိတ်နေလည်း... ကြယ်တွေအချိန်တိုင်းကြွေနေတယ်။
သာသာ၊ မသာသာ... လ' ဆိုတာ ရှိနေတယ်။
မမြင်ရ၊ မကြားရလည်း ငါသိနေတာပဲ အချစ်ရယ်...
ကွယ်...ဒီည၊  ထက်သန်မြမြ၊ စူးရှရှ အလွမ်းတွေနဲ့
ခြေဆုံးခေါင်းဆုံးကို    ခါးသက်နေတော့တယ်။ ။
မမင်း
March 22, 2010(Mon) 11:26 PM
21 March 2010
နေတတ်လျင် ကျေနပ်စရာ
မေလမကုန်ခင်လောက်က ဖြစ်ခဲ့သည်။ Computer Programming သင်တန်း (ACE) မှအပြန်ဖြစ်ပါသည်။ မသွားအား၍ကြာနေပြီဖြစ်သော ဓာတ်ပုံများကိုရွေးရန် စိုင်းဘုန်းထူးဓာတ်ပုံတိုက်ကို သွားရန်စိတ်ကူးရမိသည်က ဒီစာကိုရေးဖြစ်စေသော အကြောင်း၏ အစပေတည်း။
ကျွန်မ၏စိတ်သည် ရုတ်တရက်နောက်ကျိရှုပ်ထွေး သွားပါသည်။ ပိုက်ဆံကတော့ အမှန်တကယ်မများလှပါပေ။ သို့သော် ကျောင်းက ဒီတစ်ပတ်နောက်ဆုံးထား၍ အပ်ရမည်ဖြစ်သည်။ ကျောင်းတစ်ခါအပ်မယ်လုပ်တိုင်း တစ်ခါအလုပ်ရှုပ်ရသော (စာသင်နှစ်တစ်နှစ်ကိုတစ်ခါ နှစ်တိုင်းလုပ်ရသော) ကျွန်မ၏ အကျင့်စာရိတ္ထကောင်မွန်ကြောင်းကို အကျင့်စာရိတ္ထဘယ်လိုနေမှန်း ကျွန်မ မသိသောလူကြီးဆိုသူများထံက သွားတောင်းရသော ထောက်ခံစာများလည်း ပါသွားသောကြောင့်  ပြန်တောင်းရပြန်ဦးတော့မည်။ ဓာတ်ပုံတွေရွေးရန် စကားတွေရှည်ရှည်ဝေးဝေး ပြောရတော့မည်။ လောလောဆယ်အိမ်ကငွေလွှဲလျင် ဘဏ်မှာသွားထုတ်ရန်မှတ်ပုံတင် မရှိတော့။ မှတ်ပုံတင်အသစ် လုပ်ချင်လျင် နယ်မှာပြန်လုပ်ရမည်။ သောင်းနှင့်ချီ၍ ကုန်ပြန်ဦးမည်။ မိဘများကို အားနာမိသည်။ Calculator ပါသွားသဖြင့် မုန့်ဖိုးစုကာ မဝယ်နိုင်မချင်း ၃ လလောက်တော့ ဒုက္ခများပေဦးမည်။ လတ်တလောကျောင်းအပ်ရန်နှင့် သုံးရန်ငွေက ချက်ချင်းလိုအပ်လာပြီ စသည်ဖြင့် စသည်ဖြင့် နောက်ဆက်တွဲပြဿနာများကား မဖိတ်ခေါ်ဘဲ စိတ်ထဲသို့ ပိုင်စိုးပိုင်နင်း အလုံးအရင်းနှင့် ဝင်ရောက်လာတော့သည်။
ထုံးစံအတိုင်း ဒုက္ခတွေ့ တော့ ဘုရားကိုသတိရလိုက်သည်။ အခက်အခဲ အကြပ်အတည်းတွေ လွတ်တယ်ဆိုတဲ့ ဟိုနမောတေ ဂါထာလေးရွတ်လိုက်ရင် ပိုက်ဆံအိတ်များ ပြန်ရလေမလား။ ရလိုမှုနှင့်ဇွတ်တွေးပြီးမှ ရှက်ယောင်ယောင်ဖြစ်မိသေးသည်။ ဘုရားကိုသတိရမိ၍ ကောင်းသောမှန်သော သတိတွေ ဆက်တိုက်ရလာတော့သည်။ ကျွန်မသည် ရုပ်နာမ်တရားတို့၏ သဘောကို အရှိအတိုင်း၊ အမှန်အတိုင်း သိချင်၍ ဝိပဿနာသတိပဌာန်အလုပ်ကို အားထုတ်ဖူးလေသည်။ အလုပ်မရွေး၊ နေရာမရွေး၊ အချိန်မရွေး၊ က္ကိုရိယာပုဒ်မရွေး သတိရလျင်ရသလို သတိထာခြင်းဖြစ်ပါသည်။ ဖြစ်ဖြစ်လောက်လောက် ဇွဲနပဲနှင့် ကြိုးစားခဲ့သည်မဟုတ်၍ ရုပ်အစစ်၊ နာမ်အစစ်တွေတော့ ဘယ်နေသည်သေချာမသိ။ သတိထားသော အလေ့အကျင့်ကြောင့် ယခုသတိလေးရလာသည်။ "ငါ့စိတ်ဟာ ဒေါသကိလေသာ၊ လောဘကိလေသာ အနုစားအကြမ်းစားတွေကြောင့် နောက်ကျိပူလောင်နေပါလား။ ဒါ အကုသိုလ်စိတ်တွေပါလား" ဟူ၍။ "သတိ" ဟုကျွန်မပြောနေသော အမှတ်ရမှုစိတ်ကလေး ဖြစ်ပေါ်သည်နှင့်တပြိုင်နက် ရှေ့က အကုသိုလ်စိတ်လည်း ပျက်လေသည်။ သို့သော် ကိလေသာအပူဓာတ်က အရှိန်ဟပ်နေဆဲဖြစ်သည်ကိုလည်း ကျွန်မကောင်းစွာ သတိပြုမိပြန်ပါသည်။
ဘုရားရှင်ကို သတိရမိတိုင်း မည်သည့်နေရာ၊ မည်သည့်အချိန်တွင်ဖြစ်စေ နမောတဿဘုရား ရှိခိုးကိုနှုတ်ဖြင့်ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေ ရွတ်ဆိုရှိခိုးမိရန် လေ့ကျင့်နေသူဖြစ်သည့် အားလျော်စွာ ယခုလည်း အသေအချာအာရုံပြုကာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ရိုသေမြတ်နိုးစွာရှိခိုးလိုက်မိပါသည်။ ဘဂဝါဂုဏ်တော်၊ အရဟံဂုဏ်တော်၊ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်တို့ကို အကျင့်ရှိပြီးသားစိတ်က ကျကျနန နှလုံးသွင်း ဆင်ခြင်မိသည်။ အရဟံဂုဏ်တော်၏ အနက်တစ်မျိုးဖြစ်သော "ကိလေသာမှန်သမျှကို တစ်ခုမကျန် ပယ်လှန်ထွေးအံ တော်မူပြီးပါပေထသော" ဟူသည့်နေရာအရောက်တွင် ရင်ထဲကကိလေသာများ အရှိန်ကုန်သွားပါတော့သည်။ ဘာမဟုတ်သော အခက်အခဲလောက်နှင့် စိတ်ပျာယာခတ်သွားခြင်းအတွက် ရှက်မိတော့သည်။ ဘုရားရှင်အား လေးစားကြည်ညိုသောစိတ်၊ ကျေးဇူးတင်သောစိတ်များလည်း ယခင်ကရှိပြီးသားထက် ပို၍ပို၍တိုးတက်လာပါသည်။
တိုး၍သာ တိုးလာသည်ဟုပြောလိုက်ရသည်။ ၁၉၉၈ ခုနှစ်သင်္ကြန် (၇) ရက်တရားစခန်းမှ စတင်ကာ ဤကမ္ဘာလောကတွင် ကျွန်မအလေးစားဆုံးနှင့် ကျေးဇူးအတင်ဆုံးပုဂ္ဂိုလ်မှာ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဖြစ်လာခဲ့သည်။ သို့ရာတွင် ဤနေရာ၌ အရေးတကြီးဝင်ခံလိုတာ ရှိပေသည်။ သုမေဓာရှင်ရသေ့ဘဝ ဗျာဒိတ်တော်ရပြီးသည့်နောက် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း ကာလပတ်လုံး သတ္တဝါအားလုံး၏ အကျိုးစီးပွားကိုသာ စဉ်းစားတော်မူခဲ့သော မဟာဂရုဏာတော်ကြီး၊ ပါရမီဆယ်ပါးအပြားသုံးဆယ်ကို ဆည်းပူးဖြည့်တင်းခဲ့သော ဘဝပေါင်းများစွာမှ အများသူငါကြံစည်ရန်ပင်မရဲသော  စွန့်လွှတ်အနစ်နာခံမှုများ၊ နန်းမသုံးဆောင်နှင့် အမြင့်မားဆုံးစည်းစိမ်တွေအကြားက သိဒ္ဓတ္ထ အဖြစ်မှသည် သစ္စာလေးပါးသိမြင်သော သဗ္ဗညုတညဏ်တော်ရှင် အဖြစ်သို့ အရောက်ပို့ဆောင်ခဲ့သော အကျင့်သီလနှင့် လုံ့လဇွဲသန်အားထုတ်ခဲ့မှုများနှင့် လောကမှလွန်မြောက်၍ အတုမရှိအမြတ်ဆုံး အသာဆုံးဖြစ်သော၊ ကိလေသာဟူသမျှ ဝါသနာနှင့် အငွေ့ အသက်ပါမကျန်ကင်းဝေး စင်ကြယ်တော်မူသော ဘုရားရှင်တော်မြတ်၏ ညဏ်တော်၊ ဂုဏ်တော်၊ ကျေးဇူးတော်တို့ကို ကျွန်မရိပ်မိသောပမာဏသည်ကား မဟာသမုဒ္ဒယာရေပြင်အား ခြင်နှုတ်သီးနှင့် ထောက်မိသည်ထက် ပိုအံ့မထင်ပါ။
ဗုဒ္ဓါနုဿတိကြောင့် တည်ခန့်သွားသောစိတ်သည် မေတ္တာအအေးဓာတ်အား ဖိတ်ခေါ်လိုက်သကဲ့သို့ရှိသည်။ ပထမဦးစွာ ပေါ့ဆမိသော မိမိကိုယ်ကို ကောင်းစွာခွင့်လွတ်လိုက်နိုင်သည်။ [;P ကိုယ့်ကို ကိုယ်ပေကိုးလေ။] ထို့နောက် ကိုရွှေခါးပိုက်နှိုက်အား မေတ္တာပွားမိတော့သည်။ သူတော့အဆင်ပြေ၊ ဝမ်းသာနေပါစေဟူ၍။ [ထိုမေတ္တာဓာတ်ကြောင့်ပေလော။ ကိုခါးပိုက်နှိုက်ကား ကျွန်မ၏ ပိုက်ဆံအိတ်အခွံနှင့် မှတ်ပုံတင်၊ ကျောင်းသားကဒ်နှင့် စာရွက်စာတမ်းများကို ကျွန်မ၏ဖုန်းစာအုပ်မှ သူငယ်ချင်း၏ဖုန်းနံပါတ်အား ဆက်သွယ်ကာ ကျွန်မထံအချိန်မှီ ပြန်ပို့ပေးခဲ့လေသည်။း) ] ထိုသို့ မေတ္တာစိတ်ထားပွားများပြီးချိန်၌ ကျွန်မသည် ရင်ဆိုင်ရတော့မည့် အခက်အခဲအားလုံးအတွက် ကြည်လင်သောစိတ်ထားနှင့် ပြည့်ဝသောခွန်အားတို့ကို ပိုင်ဆိုင်နေခဲ့လေပြီ။ ထိုအခက်အခဲများဖြေရှင်းရာတွင် ပုံစံအမျိုးမျိုးနှင့် ပတ်သတ်ကြမည့်သူများအပေါ် ကြိုတင်မေတ္တာပွားမိပြန်သည်။ ထို့နောက် ဆက်ကာဆက်ကာ သတ္တဝါအားလုံးအပေါ်။ ကျွန်မမျက်နှာပေါ်တွင် အပြုံးမြမြလေးရှိနေသည်ကို ကျေနပ်စွာသတိပြုမိတော့သည်။
စိတ်သည် လက်ဖျစ်တစ်တွက် အတွင်းကုဋေတစ်သိန်း ဖြစ်ပျက်သည်ဟု ကြားနာခဲ့ဖူးသည်။ တကယ်လည်း ကျွန်မပိုက်ဆံအိတ်ရှာမတွေ့ သည်မှစ၍ စိတ်နောက်ကျိရှုပ်ထွေးခြင်း၊ ပူပန်ခြင်းတည်းဟူသော ကိလေသာအပူဓာတ်၊ အကုသိုလ်ဓာတ်ဆိုးများကို ဗုဒ္ဓါနုဿတိ၊ မေတ္တာဘာဝနာတို့ဖြင့် တွန်းလှန်နိုင်ခဲ့သည်အထိမှာ ထိုဓာတ်ပုံဆိုင်ရှေ့မှာပင် ခဏတာမျှသာဖြစ်သည်။ စိတ်တွင်အချိန်မှီဖြစ်ပေါ်လာသော အမှတ်ရမှုသဘော=သတိ လေးအတွက် လေ့လာကျင့်ကြံ အားထုတ်ခဲ့ရသည်များကို ကျေနပ်မိပါသည်။
သက်သတ်လွတ်၊ မီးလွတ်စားသည်ကို တရားအားထုတ်သည် ခေါ်ပါသလား။ တခြားတခြားအလားတူ ကိစ္စများကို တရားအားထုတ်သည်ခေါ်ပါသလား။ မျက်စိမှိတ်၍ ကြာကြာထိုင်နိုင်အောင် ကြိုးစားခြင်းကို တရားအားထုတ်သည် ခေါ်ပါသလား။ ကျွန်မတို့ပတ်ဝန်းကျင် ဘာသာရေးလောကအား ကျွန်မညဏ်မမှီသေး ဟုပင်ထင်ပါသည်။ တရားဆိုတာ ရှုပ်ရှုပ်ထွေးထွေး ဆန်းဆန်းပြားပြားမဟုတ်ဘဲ မိမိစိတ်ကို အကုသိုလ်မှပယ်ရှောင်၊ ကုသိုလ်ဓာတ်ဖြစ်အောင်နှင့် ဖြူစင်အေးချမ်းအောင် အချိန်တိုင်းမှာရိုးရိုးကလေး အားထုတ်ကြိုးစားခြင်းကိုပင် တရားကျင့်ခြင်း(ဝါ) တရားအားထုတ်ခြင်းဟု ဆိုနိုင်ကြောင်းကို ထပ်မံသဘောပေါက်မိသည့်အတွက် အလွန်ကျေနပ်မိပါသည်။
ထိုအချိန်မှာ တန်ခိုးရှင်တစ်ဦး ဘွားခနဲပေါ်လာပြီး ပျောက်သွားသောပိုက်ဆံအိတ်ကို ယခုချက်ချင်းပြန်ရအောင် လုပ်ပေးပါမည်၊ သူ့ထံမှာ ယခုတစ်ကြိမ်သာဆုတောင်းပါဟု ကျွန်မကိုပြောလာသော် ကျွန်မလက်ခံမည်မဟုတ်ပါချေ။ အခက်အခဲဟူသည် လူသားကို personality တက်စေသည်။ အသိညဏ်နှင့် အတွေ့ အကြုံကို ရင့်ကျက်စေသည်။ ဗုဒ္ဓသာသနာကား လူ့အစွမ်းအစကို အပြည့်အဝအသုံးချ၍ လောကမှလွန်မြောက်စေသည်။ ကိုယ်တိုင်ဘုရားဖြစ်လိုလျင်လည်း ဖြစ်စေနိုင်သည်။ ထိုနေ့အဖို့တော့ မကြီးကျယ်လှသော်လည်း အနည်းငယ်မျှမြင့်တက်သွားသော စိတ်ဓာတ်ကို ဆုံးရှုံးသွားသောပိုက်ဆံအိတ်ထက် အဆပေါင်းများစွာပို၍ တန်ဖိုးထားမိသောကြောင့် ကျေနပ်ရသည်။ စိတ်ထားတတ်အောင်၊ အတွေးအခေါ်နှင့် နှလုံးသွင်းမှန်အောင် သွန်သင်ခဲ့သော ဘုရားရှင်တော်မြတ်၊ ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ မိဘဘိုးဘွား၊ဆရာသမားများ၊ မိတ်ဆွေကောင်းများနှင့် ကျေးဇူးရှင်အပေါင်းတို့၏ ကျေးဇူးတရားများကို ပို၍ပင်တန်ဖိုးထား မြတ်နိုးမိသောကြောင့် ပို၍ကျေနပ်ရပါသည်။ အထူးသဖြင့် ကျွန်မနှစ်ရှည်လများ ကြိုးစားလေ့ကျင့်နေခဲ့သော ခွင့်လွှတ်ပြုံးတစ်ခုကို ထိုနေ့မှာ တစ်ချိန်လုံးပီပီပြင်ပြင် ပြုံးနေနိုင်ခဲ့ခြင်းသည်ကား ကျွန်မအတွက် ကျေနပ်စရာအကောင်းဆုံးဖြစ်ပါတော့သည်။ ။
[ထိုနေ့က လုပ်သင့်လုပ်ထိုက်၊ လုပ်စရာရှိသည်များကို လိုက်လံကူညီပေးခဲ့သူ ဆရာမဒေါ်ပပဝင်းအား ဤနေရာ၌ ကျေးဇူးမှတ်တမ်းတင်လိုက်ပါသည်။]
မမင်း(4th E.C)
ရန်ကုန်နည်းပညာတက္ကသိုလ် ဗုဒ္ဒဘာသာအသင်းကြီးက လစဉ်ထုတ်ဝေခဲ့သော ဝိမုတ္တိဂျာနယ် အတွဲ၁၊ အမှတ် ၄။ (1st August 2002)
01 March 2010
အမှိုက်မီး
ဘဝဟာ မီးလောင်မှုတစ်ခုဆိုရင်
လူဟာပိုးဖလံရဲ့ ဆရာ
ချစ်တတ်နေတဲ့ရင်ဘတ်နဲ့
မလွတ်လပ်တဲ့ စိတ်အာရုံကို
အပြစ်တပ် လွှတ်ပစ်လိုက်ချင်လည်း
အမြစ်ထွက် အစွဲတွေနဲ့
ဖျောက်ရခက်ဆဲ ဗီဇတွေက
မီးလောင်ရာ လေပင့်ကြတယ်...
'အဝိဇ္ဇာ' အမှောင်ထုမှာ
တဏှာနဲ့နှောင် စုခဲ့လေသမျှ
သံသရာချီ ဒီအမှိုက်တွေ
ပြဿဒ်ကို မီးလောင်နေတာ။ ။
တရားစခန်းသွားနေတုန်း Scheduled Plan နဲ့တင်တဲ့ပို့စ်ဆိုတော့ ဒါမျိုးပဲ ဖြစ်ရမယ်လေ။ ;P
ရှားရှားပါးပါး တရားသံဝေဂ ဖြစ်ချိန်တွေမှာ ရေးထားမိတဲ့ ကဗျာလေးတွေပြန်ရှာဖတ်ပြီး ဒါလေးက အတိုဆုံးဖြစ်နေတာနဲ့ ဟဲဟဲ.. အလွယ်တကုပဲ ရိုက်ပြီးတင်ခဲ့လိုက်တယ်။
၂၀၀၂ ကတည်းက ရေးခဲ့တဲ့ ကဗျာလေးပါ။ အသက်ကတော့ တော်တော်ကြီးနေပြီပဲ။ :)
ဒီကဗျာလေးရေးတုန်းက စွန့်စားခန်းတစ်ရပ်လိုပါပဲ။ အချစ်ကိုဦးစားပေးတာတို့၊ အချစ်ကိုကိုးကွယ်တယ်တို့ ဆိုတဲ့အရွယ်မှာ... ရင်ထဲကဟာတွေကို အမှိုက်တွေ၊ မီးတွေလို့ နာမည်တပ်လိုက်ရတာ တော်တော်ကို အရသာရှိခဲ့တာကလား။
26 February 2010
သူငယ်ချင်းနဲ့ chat ဖြစ်တာလေးတွေ (၅)
me: ဘာဖြစ်နေတာမလား
မိုး: အေးလကွာ
ဘာဖြစ်နေတာနေမှာ
me: အောအော........အေးလေ....ဒါကြောင့်ကိုး
မိုး: ငါ ညက စောကြီးအိပ်တာပဲ အိပ်မက်အမက်လွန်ပြီး ခေါင်းတွေမူးနေတယ်
တစ်ညလုံး မက်သဟဲ့
ဘာတွေမှန်းလဲမသိဘူး
me: အဲ
မိုး: သူများပြောတော့ အိပ်မက်ဆိုတာ ၂ စက္ကန့်ဆိုလား ၂မိနစ်ဆိုလားပဲကြာတာဆို
ငါတို့က အကြာကြီးလို့ထင်နေတာဆို
ငါတော့မထင်ပါဘူး
me: မထင်ဘူးဆို နင်တော်တယ်ဟ... အိပ်စက်ခြင်း ၂မျိုးရှိတယ်........
မိုး: ပြောဟာ
ငါ အလုပ် လဲ လုပ်ချင်စိတ်မရှိလို့မလုပ်ဘူး
me: ကောင်းဟ.......ငါလည်းပြောချင်စိတ်ရှိလို့ အလုပ်မလုပ်သေးဘဲနေလိုက်ဦးမယ်....အိပ်တာ ၂မျိုးရှိသတဲ့၊ စ အိပ်အိပ်ခြင်းမှာ အဆင့် ၄ခုရှိတယ်တဲ့
မိုး: ဟင် များ၏တာ
me: ဘာတွေလည်းတော့ ငါလည်းမမှတ်မိတော့ပါဘူးလေ
အဟတ်ဟတ် :P
မိုး: ဟိုက်ရော
me: ဟားဟား......နောက်တာ.......မှတ်မိသလောက် ရွှီးပြမယ်...အဲ...ရှင်းပြမယ်
မိုး: အင်း ရွှင်းပါ
me: စအိပ် အိပ်ချင်း........မပျော့်တပျော်...ကတစ်ခု pleasant floating feeling ရှိတယ်
အသံဗလံကြားရင်နိုးသေးတယ်
မိုး: အင်း ဟုတ်တယ်
အဲ့ပြီးတော့ ကော
me: နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတယ်............ဆင်အော်လို့မနိုးဘူး....အဲဒါက နာရီဝက်အတွင်းမှာ ..ဖြစ်ပြီး...မီးနစ် ၂၀လောက်ပဲကြာတတ်တယ်...အတိအကျက လူတစ်ယောက်စီပေါ်မှာပဲ...မူတည်တယ်
မိုး: အဲ့ပြီးတော့ကော
me: ဒီလိုနဲ့ ......... မီးနစ် ၃၀လောက်ကြာပြီးတဲ့အချိန်မှာ....ဦးနှောက်လှိုင်းတွေလှုပ်ရှားမှုနည်းပြီး ဆန့်ထွက်လာကြသတဲ့။ အိပ်နေရင်းက ခန္ဓာကိုယ်ပူချိန်၊ ဦးနှောက်လှိုင်း၊ သွေးဖိအား၊ အသက်ရှူနှုန်း၊ နှလုံးခုန်နှုန်းတွေ ပြောင်းနေတယ်ဆိုလား။ အဲဘာပဲပြောပြော ဒီအဆင့်မှာက သေချာအိပ်သွားပြီပေါ့ဟာ။ ဒီ အဆင့်အားလုံးက NREM (no rapid eye movement) Sleeping မှာပါတာဆိုပဲ။
မိုး: လူလိုပြောဟာ
ငါက မူးနေပါတယ်ဆို
မျက်စိလှုပ်ပြီးအိပ်တာရော ရှိတာလား
ဟီ ဟိ
၃ဆင့်ရှိပြီ
အဲ့အထိ အိပ်မက်မမက်သေးဘူးပေါ့ ဟုတ်လား
me: အဲ..အေးအေး..... သူများအိပ်တဲ့အခါ မျက်လုံးက ပိတ်ထားပေမဲ့ လှုပ်တုတ်လှုပ်တုတ်ဖြစ်နေတာ မြင်ဖူးတယ်မလား။ အဲဒါ စအိပ်ပြီးတစ်နာရီခွဲအတွင်းမှာတော့ REM (rapid eye monement) Sleeping ဆိုတဲ့အဆင့်ကို ရောက်သွားပြီတဲ့ဆရာ။ အိပ်မက်ကအဲဒီမှာ မက်တာတဲ့။ REM period တစ်ခုကို တစ်နာရီခွဲလောက်ကြာတတ်တယ်တဲ့။ အိပ်မက်မက်နေရင် ပိုကြာတယ်တဲ့။ ကျန်တစ်ညလုံးက အဲ့ REM နဲ့ NREM တစ်လှည့်စီဖြစ်နေတာဆိုပဲ။
မိုး: NREM မှာမျက်စိမလှုပ်တော့ဘူးလား
ဘာလှုပ်လဲ ဟိုကုတ်ဒီကုတ် ဟိုနှိုက်ဒီနှိုက်လား
:P
me: ဟုတ်တယ်....သာမန်အားဖြင့် လူတစ်ယောက်ဟာ တစ်ညမှာ အကြိမ် ၃၀ လောက် လှုပ်တယ်တဲ့ဟ....... REM မတိုင်ခင်လေးမှာ လှုပ်ကြတာတဲ့။ တစ်ညမှာ အိပ်မက်မက်တဲ့ REM က လေးခု သို့မဟုတ် ငါးခုတောင် ရှိတတ်တယ်လို့ သူတေသနက ဆိုထားတယ်။ နင် လေး၊ ငါးခါမမက်တာ ကံကောင်းလို့မှတ်။
မိုး: အဲ့ အိပ်မက်ဆိုတဲ့ကောင်က ဘယ်က လာခဲ့တာလဲဟင် ငါ့ခေါင်းတညလုံးမနားရဘူး အလုပ်လုပ်နေရတယ်
me: ညဥ့်နက်လေ........မိုးလင်းခါနီးလေ... အိပ်မက်တွေကလည်း serious ဖြစ်လေပဲ လို့ဆိုတယ်၊ အိပ်မက်ဆိုးတွေကို မိုးလင်းခါနီးမက်တာများတယ်တဲ့လေ။
အေး..........သူတို့ပြောတာတော့ နင့်ရဲ့ စိတ်အစဉ်မှာ ဒီဇိုင်းပေါင်းစုံနဲ့ ကိန်းနေကြတာ ဆိုပဲ
အိပ်တော့မှ........ အဲဒီအတွေးတွေက အိပ်မက်အဖြစ် ပီပြင်စွာပုံပေါ်လာကြတယ်တဲ့ ...နေ့လည်နေ့ခင်းမှာတော့ ပီပြင်တဲ့ အတွေးဖြစ်လာလောက်အောင် အားမကောင်းဘူးတဲ့
မိုး: မမက်အောင်လုပ်လို့မရဘူးလား
ငါ ဒီတလော ရေတွေချည်းမက်နေတယ် .. မနေ့ရှေ့ညက ငါ လှိုင်းစီးနေတယ် ..မနေ့ညက ငါ သင်္ကြန်ကျနေတယ် ရေတွေပဲပတ်လောင်းနေတယ် သူများကိုလောင်းတာမဟုတ်ဘူး ငါ့သူငါ အိင်္ကျီ ၀တ်ရက်ကြီးနဲ့ ဆပ်ပြာတွေတိုက်ပြီး ရေလောင်းနေတာ
me: တချို့  sleep-walking တို့ဘာတို့ ကကုထုံးရှိတယ်ထင်တယ်၊ တစ်ချို့ လူတွေဟာ အိပ်မက်ကို controll လုပ်နိုင်ကြတယ်တဲ့........အဲဒါမျိုးကို ငါကိုယ်တိုင်လည်း......ကျန်းမာရေးကောင်းနေတဲ့အချိန်၊ စိတ်အားကောင်းနေတဲ့အချိန်တွေမှာ ရတယ်
မိုး: ဘယ်လိုလုပ်ရမှာတုန်း
ကွန်ထရိုးလုပ်နိုင်တယ်ဆိုတာက ဘာကိုကွန်ထရိုးနိုင်တာလဲဟ
me: ဖတ်ဖူးတဲ့ အထဲမှာတော့ အဲလောက်ပဲရေးထားတာ.........ငါ့အတွေ့ အကြုံအရဆို ၂ ပိုင်းရှိသဟ ....
မိုး: ပြောဟ
me: တစ်ပိုင်းက မက်နေတဲ့ အိပ်မက်ကို ကိုယ်လိုချင်တဲ့ ဇာတ်သိမ်းပိုင်းလေးဖြစ်ခိုင်းလိုက်တာ.......တစ်ခါတစ်ခါ အိပ်မက်ဆိုးမက်ရင်လည်း....... အော...ဒါအိပ်မက်ပဲလို့ အိပ်မက်ထဲမှာပဲ သိပြီး...ဇာတ်လမ်းကို လိုသလိုပြောင်းပြစ်လိုက်တာ မျိုးပဲ....
နောက်တစ်ပိုင်းက လုံးဝအိပ်မက် မမက်အောင်လုပ်တဲ့နည်းပဲ
မိုး: အင်း နှစ်ခုလုံးပြောပြ
ငါ လုပ်နိုင်မယ်လို့ နင်ထင်ရင်
ဟဲ ဟဲ ဟဲ
ငါ အိပ်မက် မမက်ချင်တာတော့ အမှန်ပဲ
ကောင်းတာရော မကောင်းတာရော ငါ မမက်ချင်တော့ဘူး အိပ်မက်မက်ရတာ ငါသိပ်စိတ်ညစ်တယ်
me: အင်........လူတိုင်းလုပ်နိုင်ပါ့။ ပထမနည်းက ငါပြောခဲ့တဲ့အတိုင်း ကျန်းမာရမယ်....စိတ်က အင်အားရှိရမယ်။ စိတ်အင်အားဆိုတာက ... စိတ်ဟာ...သီလစင်ကြယ်ရင်၊ မဟုတ်တာတွေ၊ ကိုယ်မကြည်ညိုနိုင်တာတွေ ကိုမလုပ်ထားမိရင်၊ ဘာဝနာတရားတစ်ခုခုကြောင့် သို့မဟုတ်.......ကောင်းမှုကုသိုလ်တွေကြောင့် ခန့်ကျန်းတဲ့ အနေအထားမျိုးကို ဆိုလိုတယ်
မိုး: ငါက ငါမကြည်ညိုနိုင်တာတွေ ငါလုပ်ထားတာ အများကြီးနဲ့တူတယ်ဟ
:P
me: ငါက ရည်ရွယ်ပြီးလေ့ကျင့်တာမျိုး မဟုတ်တော့ လုပ်နည်းကို ငါမသိဘူး.........ဒါပေမယ့် ငါ ဆယ်တန်းလောက်က...အိပ်မက်တွေကို စိတ်ဝင်စားလို့ မှတ်စုနဲ့ အိပ်မက်ဒိုင်ယာရီ ရေးပြီးတော့ စမ်းကြည့်ဖူးသေးတယ်... တော်တော်စိတ်ဝင်စား ဖို့ကောင်းတာတွေရှိသဟ... နောက်မှပြောပြမယ်..... အင်း..ဟုတ်တယ်... လူအတော်များများက အချိန်အတော်များများမှာ ကိုယ့်ကိုယ်ကို မကြည်ညိုတတ်ကြဘူး... ဒါပေမယ့်လို့ ...အတော်အတန် စိတ်ခန့်ကျန်းကြည်ညိုတဲ့ အနေအထားကတော့ ရှိတတ်တာများပါတယ်။ ငါ အိပ်မက်မက်လို့ ငါ့စိတ်ကြိုက် ဇာတ်သိမ်းလိုက်တဲ့၊ ဇာတ်လမ်းပြောင်းလိုက်တဲ့...အခါမျိုးတွေဟာ... ခုနပြောတဲ့ စိတ်အနေအထားရှိနေတဲ့ အခါမျိုးတွေပဲ ဆိုတာ ငါသတိပြုမိတယ်...........
မိုး: အင်း ... စိတ်ကျန်းမာရင် ကိုယ့်သူကိုယ်ကြည်ညိုလို့ရတယ် ဟုတ်စ
me: သိပ်ဟုတ်.. ခုနောက်ပိုင်း အိပ်မက်ဆိုးတွေဆိုတာ နေမကောင်းဖြစ်နေတာတောင် မမက်တော့ဘူး... စိတ်ကို ပြင်ပက အင်အားတစ်ခုခု နှောက်ယှက်ခံရမှ မက်တာမျိုးပဲ.... မစုနဲ့ နေတုန်းက အိပ်မက်ဆိုး ၃ ညဆက်တိုက်မက်တယ်လေ... အဲမတိုင်ခင်က အိပ်မက်ဆိုးမမက်တာ ၅ နှစ်လောက်တောင် ကြာမယ်ထင်တယ်။ အဲဒီ ၃ ညဆက်တိုက်မှာက ငါမသိဘဲရွာမှာ ငါ့အဖိုး ဆုံးသွားတာကိုးလေ....
မိုး: ဟုတ်ပြီ ဒါဆို ငါ့စိတ်ကျန်းမာအောင် အပြင်က အင်အားအတိုက်မခံရအောင် ငါဘာလုပ်ရမလဲပြောတော့
me: အင်း........  နင်ဘာလုပ်ရမလဲဆိုတာတော့ ငါမသိဘူးလေ..... ငါကတော့ ဆယ်တန်းအောင်ပြီးကတည်းက... တရားစခန်း နှစ်တိုင်းအဝင်မှာ ...  သမထ၊ ဝိပဿနာတွေ လေ့ကျင့်ဖူးတယ်....  စိတ္တာနုပဿနာ ဆိုတာ ကိုယ့်စိတ်ကို သတိထားပြီး သိနားလည်အောင်လုပ်ရတဲ့ ဝိပဿနာကမ္မဌာန်းပဲ..... တရားစခန်းမှာက ဘာလုပ်လုပ်သတိရှိ အောင်ကြိုးစားနေရတာ... နိုးချိန်က စပြီး... အိပ်ပျော်သွားတဲ့အထိပဲ...... နောက်ပြီး ဒေါ်သူဇာ က သူနဲ့အိပ်တဲ့အခါတိုင်း... ငါ့ကို
အာနာပါန ကမ္မဌာန်း သင်ပေးပြီးအဲဒါနဲ့ အိပ်ခိုင်းတာလေ..တစ်ကိုယ်လုံးက အကြောတွေလျှော့ရတာ အရင် ...စိတ်နဲ့ပေါ့ ခေါင်းကနေခြေဖျားထိပဲ...ပြောသေးတာ ... အားလုံးလျှော့ပြီးသွားရင်... နဖူးကြောလေးကျန်နေတတ်တယ်.. တင်းနေတတ်သေးတယ်..  အဲဒါလေးကိုရအောင်ဖြေတဲ့... အဲဒီတုန်းက အဲဒါကို ငါမသိဘူး... သူက စိန်တွေရွေးရလွန်းလို့ နဖူးကြောကျန်မှာပေါ့ဟ.... ငါကအဲဒီတုန်းက ဘာကျန်မှာလဲ...  ခုတော့ COMPUTER ကြည့်ရလွန်းလို့ ငါလည်း တစ်ကိုယ်လုံးက အကြောတွေ စိတ်နဲ့ လျှော့တဲ့အခါ နဖူးကြောကျန်နေတော့တာပဲ...ပြီးရင် နှာသီးဖျားမှာ သတိကပ်ထားပြီး.. အသက်ရှူတဲ့အခါ လေဝင်၊ လေထွက်တော့ ထိထိသွားတာလေးကိုပဲ သတိကပ်ပြီး အိပ်ခိုင်းတာ၊ အင်မတန်ဇိမ်ရှိတယ် ဆရာ၊ ပြီးသူကပြောသေးတာ...အိပ်ပျော်သွားလည်းပဲ...အကျိုးကျေးဇူးက တစ်ညလုံးတရားမှတ်နေတာနဲ့ တူတယ်တဲ့။ အဲလိုမျိုး...အိပ်ပျော်သွားတဲ့အခါတွေမှာ အိပ်မက်လုံးလုံးဝဝ မမက်ဘူး။
မိုး: နင်က နင်မသိဘူးပြောပြီး ငါ့ကို အသေးစိပ်သိအောင်လုပ်နေတယ်...
နင့်အကြံ ငါမသိရင်ခက်မယ် ဟင်း ဟင်း ဟင်း .. အေးပါ ငါစမ်းကြည့်မယ် စစချင်းတော့ မရမှာသေချာတယ် ငါတရားစခန်းဝင်လဲ အကျင့်မရှိတော့ ၄၊ ၅ ရက်လောက်နေမှ စိတ်က စငြိမ်တာဟ
me: ဟီး........ ငါအဲလို.. တရားစခန်းတွေဝင်ပြီး........ အဲ...ဟာတွေလျှောက်ကျင့်ကြည့်တဲ့ နောက်ပိုင်းမှာ ဂယောက်ဂယက်အိပ်မက်မက်တယ်ဆိုတာ မရှိသလောက်ပဲ။ ပြီးတချို့ ကိစ္စတွေဆို တိုက်တိုက်ဆိုင်ဆိုင် အိပ်မက်တွေကြိုမက်ပြီး ငါသိ၊ သိနေတတ်တာတွေတောင် ရှိတယ်။ ငါကရက်စွဲနဲ့ မှတ်စုတွေရေးထားတာလေ။ အိပ်မက်က အရမ်းစိတ်ဝင်စားဖို့ကောင်းတာဟနော်။
မိုး: နင်ပြောတာ ဟုတ်မှာ ငါ ခုမှစဉ်းစားမိတယ် မနေ့...ရှေ့ညက ဆူနာမီကြောင့်သဘောင်္မှောက်တဲ့ကား ငါကြည့်မိတယ်လေ
me: အဲ..................
မိုး: ကြည့်တယ်ဆိုတာ ၅ မိနစ်တောင်မပြည့်ပါဘူးဟာ
အပြင်သွားစရာရှိလို့ ဖြတ်ကနဲ လှမ်းကြည့်ရုံလေး
အဲ့ဒါ ညရောက်တာနဲ့ ငါလှိုင်းစီးနေတော့တာပဲ
ဟေး ဟေး
me: အဟေးဟေး.........East Coast မသွားဘဲ လှိုင်းစီးရတာများ..... နာအံ့ထင်နေသေးတယ်........... နောက်ပိုင်း စိတ်ကိုနိုင်နင်းတဲ့ အခါ အနိဌာရုံ အာရုံဆိုးမြင်ရင်လည်း စိတ်က မလှုပ်သွားဘူး....... သံဝေဂ ညဏ်တွေပဲ တိုးတိုးလာတတ်တယ်... ကံတွေကို မြင်အောင်ကြည့်တတ်လာတော့ မခံသာတာမရှိဘူး..... အဲဒီလိုစိတ်မျိုးက စိုးရိမ်ကြောက်လန့်မှု တွေကနေ ဝေးတယ်ပေါ့ဟာ...အဲ..ငြိမ်တယ်၊ ခန့်တယ်ပြောရမလား
မိုး: အင်း ဟုတ်ပြီ ဟုတ်ပြီ
me: အကျင့်ရှိတော့ အသင့်ပဲဆိုတာဖြစ်လာတာ........ကိုယ့်ကိုယ်ကို အသင့်ဖြစ်နေမှန်းတောင် ကိုယ်ဟာကိုယ်မသိလိုက်ဘူး.........အရေးကြုံတော့ သက်လုံကောင်းနေတာတွေ့ ရတတ်တယ်...
ဓမ္မံသရဏံ ဆိုတာအဲဒါဟ။ တရားကို ကိုးကွယ်တယ်၊ အားကိုးတယ်ဆိုတာဟာ တရားရှိနေတဲ့၊ တရားကိန်းနေတဲ့ စိတ်က အားကိုးရတာကိုပြောတာ။
မိုး: အင်း သဘောတောင်ကျလာပြီ အသင့်ဖြစ်နေတဲ့ စိတ်ကလေးကို
me: တရားဆိုတာ ဘာကြီးမှ မဟုတ်ဘူး.......... မဂ်(၄)ပါး၊ဖိုလ်(၄)ပါးနဲ့ နိဗ္ဗာန်ဆိုတာ အမှန်အတိုင်းသိနားလည်သွားတဲ့ စိတ်အခြေအနေကိုပြောတာ၊ တုန်လှုပ်မှုတွေ ကင်းတဲ့ အမြင့်မားဆုံးအစင်ကြယ်ဆုံးစိတ်အခြေအနေပဲ......ပရိယတ်ဆိုတာကလည်း ခုနောင်အမြဲချမ်းသာဖို့အတွက် နည်းလမ်းဖြစ်တဲ့ ဒါနသီလဘာဝနာ ကျင့်ဖွယ်ရာတရားတွေကို ညွှန်ပြထားတာ
ကြားနာရုံပင် အပူစင်၊ ကျင့်လျင်ဒိဌ ချမ်းသာရတဲ့
စိတ်အဆင့်အတန်း မြင့်မြတ်ရင့်ကျက်လာအောင်...သိစရာတွေ၊ ကျင့်စရာတွေကို ဘုရားရှင်လမ်းညွှန်ထားပေးတာ....... အဆုံးနိဗ္ဗာန်ရောက်နိုင်တဲ့ အထိ ပြည့်ပြည့်စုံစုံပဲ...
မိုး: ကြားနာရုံပင် အပူစင် တဲ့
အစစ်ပဲ
me: သာဓုသာဓုသာဓု
:) ကြားနာပြီး...သလောက်လည်း ကြိုးစားကျင့်ကြံနိုင်ပါစေသော်
မိုး: သာဓု သာဓု သာဓု ပါ
23 February 2010
သူငယ်ချင်းနဲ့ chat ဖြစ်တာလေးတွေ (၄)
မိုး: မမင်း
me: အင်း
မိုး: ဗုဒ္ဓဘာသာ နဲ့ မူစလင်နဲ့ တိုက်ခိုက်နေတဲ့ ဘလော့ခ် ဟာလေ
သိလား
အားကြီးဆိုးတယ်လေ
မနေ့ကမှမိုးသိပြီး ဖတ်မိတာ
:(
me: အင်း...ငါသိတာတော့ကြာလှပြီပဲ...နင်တို့ကိုမပြောတာ...ဘယ်သူ့ကိုမှလဲ မပြောတာပါ...ငါ သိသိချင်းတစ်ခါပဲ..နည်းနည်းဝင်ဖတ်တယ် comment ရေးတယ်... ကဗျာလေးတစ်ပုဒ်ပါ...အဲဒီနောက် ဘယ်သူ့ဆီက ဘယ်လောက်လာလာ လုံးဝ အဲဒီ web-site ကိုမဝင်တော့ဘူး
Google ကနေ တိုင်တာတော့ တိုင်လိုက်ပြီးပါပြီ
မိုး: နှင်းမကပြောတယ် အဲ့ဒါ နအဖက လုပ်တာတဲ့
အာရုံပြောင်းတာဆိုပဲ
me: ဟိဟိ ငါ့လိုလူတွေချည်းဆို သူတို့မအောင်မြင်ဘူး
ငါ့စိတ်ထဲ ဘယ်လိုမှ သိပ်ထွေထွေထူးထူးမရှိ
မိုး: လူတိုင်းက နင့်လိုဘယ်ဟုတ်ပါ့မလဲဟ
me: ငါတို့ဘုရားရှင် ကိုယ်တိုင် လက်ညိုးငေါက်ငေါက်ထိုးပြီး အပုဒ် ၆၀ လောက်ဆဲတဲ့ ဘာဇဒွာရဆိုတဲ့ ပုဏ္ဏားကို
အဲအဲ...နာမည်က ပြောင်းပြန်ရိုက်မိတယ်..ဘာရဒွာဇ...ပါ
6 minutes
7:53 PM မိုး: ပုဏ္ဏား ကို
တန်းလန်းကြီး
me: အေအေ...ဟိုမှာ စကားလာပြောနေလို့ပါဟ
မိုး: မအားရင်လဲ နေပါဟာ ငါလဲ အလုပ်များတယ် အရမ်း
me: ပုဏ္ဏားကို............အမ်......အေးအေး
ဟားဟား
ငါက အားနေတာ..... ငါ့ဟာငါ ရိုက်ထည့်ထားမယ်လေ နင်အားတော့ဖတ်ပေါ့
ဂါထာ ၆၀ နဲ့ လာပြီးစွတ်စွဲဆဲရေးတဲ့ ထိုသကောင့်သား မောင်ပုဏ္ဏားကို .. အဲမောင်ပုဏ္ဏားတော့မဟုတ်ဘူးဟ သူက သူဌေးကြီး... တိထ္ထိတွေကိုကိုးကွယ်တာတဲ့ ခက်တာက သူ့မိန်းမက ဗုဒ္ဓဘာသာ........ အားတိုင်း ဘုရားရှင်ရဲ့ကျေးဇူးကိုသတိရနေတတ်တဲ့သူဆိုပဲ... ထစ်ခနဲရှိ နမောတဿ ဆိုပြီး လက်အုပ်ထ ထချီပြီး ရှိခိုးတတ်တာတဲ့... အဲပုဏ္ဏားက သူ့တိတ္ထိတွေကို အကြီးအကျယ် အလှူပေးထမင်းကျွေးတော့မယ့်အခါ မိန်းမကိုမှာတယ်တဲ့ .. သူ့ဆရာကြီးတွေရှေ့မှာတော့ ဘုရားထ မရှိခိုးပါနဲ့ပေါ့....
8:01 PM အဲလိုနဲ့ အဲမိန်းမက အဲ့ဒီအချိန်ကောင်းကြီးမှာ အဲဒီလူကြီးတွေစားသောက်နေတုန်း ဆိုပါတော့ ဝေယျာဝစ္စတွေလုပ်ရင်းက ဟပ်ချိုးချေမိတော့ နမောတဿ ထလုပ်ပါလေရော...အကျင့်ကိုပါနေတာ၊ အဲဒီမှာတင် ဟိုဆရာကြီးတွေက စိတ်ဆိုးဆိုးနဲ့ ပြောဆိုလုပ်ပြီး ထပြန်သွားကြဆိုပဲ
8:02 PM အဲမှာ မိန်းမကြောက်တာလား၊ ချစ်တာလားမသိတဲ့ အဲလူကြီးက မိန်းမကိုမဆူဘဲနဲ့ ဘုရားဆီသွားဆဲတော့တာဆိုပဲ
8:03 PM မိုး: :P
ငါ ဖတ်နေတယ်နော်
me: ဘုရားက သူဟာသူပြောချင်ရာတွေပြော၊ ဆဲချင်ရာတွေဆဲ(အဲဒီဘလော့လို အူကြောင်ကြောင် အသလွတ်တွေနေမှာပေါ့ဟာ) ဂါထာ ၆၀ တောင်ဆိုလား... ဆဲလို့ပြီးတဲ့ထိ တည်ကြည်ငြိမ်သက်စွာနဲ့ အေးအေးချမ်းချမ်း ကြည့်နေပြီးတော့မှ...
ဘာရဒွာဇ.......သင့်အိမ်ကို လက်ဆောင်ပဏာတွေနဲ့ ဧည့်သယ်တွေဘာတွေ လာတတ်သလား...လို့အေးအေးဆေးဆေး မေးတာတဲ့....
ပုဏ္ဏားက အောင့်သီးအောင့်သက်နဲ့ ဆဲဆဲသမျှလုံးဝ စိတ်ဆိုးဟန်မပြတဲ့ ဘုရားရှင်ကို အံ့သြစိတ်နဲ့ အူကြောင်ကြောင်လည်း ဖြစ်နေဟန်တူပါရဲ့....လာဖူးတာပေါ့ဟ လို့ဖြေသတဲ့
ဘုရားက ဆက်မေးတယ်... သူတို့ယူလာပေးတဲ့လက်ဆောင်တွေကို သင်က လက်မခံဘူး သူတို့ဘာလုပ်သလဲ...ပေါ့
သူတို့ပစ္စည်းတွေပဲဟာ...သူတို့ပြန်ယူသွားရတာပေါ့ လို့ ကိုကိုပုဏ္ဏားက ဆတ်တောက်တောက်၊ ဘောက်ဆတ်ဆတ် ပြန်ပြောတာပေါ့
မိုး: :D
me: အဲဒီတော့မှ ဘုရားရှင်က ကောင်းပါပြီ...ဘာရဒွာဇ... ထိုနည်းတူစွာပါပဲ... အခုသင်ဆဲရေးပုတ်ခတ်သမျှတွေကို ငါဘုရား လက်မခံပါဘူး ...
ဒါတွေဟာ...သင့်ဥစ္စာ အကုသိုလ်အမှုတွေတွေသာဖြစ်ပါတယ်...လို့ မေတ္တာဓာတ်တွေအပြည့်၊ မဟာဂရုဏာတော်အပြည့်နဲ့ပြောတာ ဆရာ...
ငါနိုင်ပဟ နှိပ်ထည့်လိုက်မယ်..ဒင်း ...ဆိုတဲ့စိတ်နဲ့ ပြောတာလုံးဝမဟုတ်ဘူး
5 minutes
me: ဒီလို ဓာတ်ကောင်းတွေက အင်မတန်ကြမ်းတမ်းပူလောင်နေတဲ့ ဘာရဒွာဇရဲ့ ရင်ဘတ်ထဲ သေချာကူးစက်ထွင်းဖောက်သွားတဲ့အခါမှာတော့ (အေးရာက အေးတာသိပ် မသိသာပေမယ့်၊ ပူရာကအေးတာ သိပ်သိသာတယ်) ...ဘာရဒွာဇကလည်း သူ့အကုသိုလ်ဥစ္စာထုပ်ကို အိမ်ပြန်မသယ်သွားပါဘူး...အဲဒီနေရာမှာတင် ချေဖျက်ဖို့ကြိုးစားတာပါပဲ... ညဏ်ကြီးတဲ့ ပုဂ္ဂိုလ်ပေကိုး...တစ်ခါတစ်ခါ ပါရမီအရင့်အမာကြီးတွေလည်း...အဲဒီလို မျက်စိလည် လမ်းမှားတတ်သဟ
ဘယ်လိုလူမျိုးကိုမှ အထင်သေးလို့ မရသလို၊ မပြစ်မှာမစော်ကားသင့်တာ ကို သတိချပ်တော်မူပါ ချစ်နှမ
အဲဒီ ဝက်ဆိုက်ကို တကယ့်မွတ်ဆလင် ကုလားက လုပ်တာဆိုလည်း ဒီကုလား သူ့ဥစ္စာ သူထုပ်နေတာသာဖြစ်ပါကြောင်း၊ နိုင်ငံရေးကိစ္စဆိုရင်လည်း သူတော်ကောင်း မဖြစ်ရှာကြသေးသော ထိုထိုပုဂ္ဂိုလ်ကြီးများသည်လည်း ဘယ်နှကမ္ဘာမှန်းမသိ...အဝီစိမှာကျက်ပြီးရင်တော့ ဘုရားလောင်းတွေလား၊ ပစ္စေက ဗုဒ္ဓါတွေလားမသိနိုင်ကြောင်းပါ
ငါကတော့ အကုသိုလ်မတက်ပါ... ဘုရားသမီးမို့ သူပေးတာ ငါမယူဘူးလေ... ငါရေးလိုက်တဲ့ ကွန်မန့်က
ပြစ်မရှိပြစ်ရှာ
လမင်းကိုခွေးဟောင်လို့
ရွှေလရောင် ပြောင်မပျက်တယ်
လင်းလျက်ပင်သာ
မြရွှေဂူပတ္တမြားကိုလ
ဝက်များက ညူစူစွာ
ရွှံညွံလူးတိုက်နဲ
(နဲ=နည်းတူ)
ပွတ်လေလေ
ရွှေဂူမှာ အရောင်ထွက်တယ်..
ရှေးကထက်ကဲ...
ဒါပဲ...ဘယ်နှတန်းကလားမသိ အော်ကျက်ထားတဲ့ ကဗျာ ...ဘယ်သူရေးတာမှန်းမသိ...ခေါင်းစဉ်လည်း မမှတ်မိ... "ပတ္တမြားရွှေဂူ" လို့ထင်တာပဲလေ။ အဲ... ငါ့ Comment ကိုတော့ သူကချက်ချင်းဖျက်သဟ။
မိုး: မိုးတို့ဘုရားက တော်လိုက်တာနော်
me: ငါတို့ဘုရား တော်တာတွေ ပြောလို့ကုန်မှာတောင်မဟုတ်ဘူး...ရေသည်ပြဇာတ်မှာကြည့်၊ ခေါင်းဖြတ်ပြီးနန်းလုမယ့်ကောင်ကိုနော် ပေးတယ်ဆရာ လက်အောက်ငယ်သားအဖြစ်တောင် နေရဲပါသေးတယ်တဲ့။ ဆဒ္ဒန်ဆင်မင်းဝတ္ထုမှာကြည့် အစွယ်ဖြတ်အသေသတ်တဲ့ မုဆိုးကို အပြန်လမ်းမှာ ပရိတ်ပန်းတောင်မန်းပေးလိုက်သေးတာ။ အလောင်းတော်ဘဝကတည်း ကြည်ညိုစရာ။ ကိလေသာကုန်းခမ်းတဲ့ သဗ္ဗညုတညဏ်တော်ရှင်ဖြစ်ပြီးမှတော့ ငါ့ညဏ်လေးတစ်ထွာတစ်မိုက်နဲ့ ဘယ်လိုတော်တယ်ပြောရမှန်းတောင် မသိတော့ဘူးဟေ့ကောင်။ နောက် ဘာရဒွာဇက ရဟန်းပြုပြီး ရဟန္တာဖြစ်သွားတာနော်... အဲဒါ ပဌာန်းမှာရှိတယ်... ပုရိမာပုရိမာ(ရှေးရှေးအဖို့ဖြစ်သော) အကုသလာဓမ္မာ(အကုသိုလ်တရားသည်) ပစ္စိမာနံပစ္စိမာနံ(နောက်နောက်အဖို့မှာ) ကုသလာနံဥမ္မာနံ (သုသိုလ်တရားတွေအဖြစ်) ကေသဉ်စိ (တစ်ခါတစ်ရံ) ဥပနိသယပစ္စယေနပစ္စယော(အားကြီးသောအထောက်အပံ့ဖြစ်တတ်ပါတယ်) ဆိုတာ...တော်ပြီဟာ.. ပြောနေတာတွေက အစီအစဉ်တကျကိုမရှိဘူး...ငါ နေ့ခင်းစာသွားစားတော့မယ် မနက်က ကော်ဖီတစ်ခွက်ပဲ သောက်ခဲ့ရတာ
20 February 2010
သူငယ်ချင်းနဲ့ chat ဖြစ်တာလေးတွေ (၃)
မိုး: အိမ်ပြောင်းရတာ အဆင်ပြေပါ၏လော ..
အိမ်အသစ်လိပ်စာလေး လုပ်ပါဦး
:D
ဟာ
အဲ့လောက်ကြာကြီး တိုက်ပ်ရသလား
:(
me: ပြေမှပြေ၊ မနေ့ကအိမ်ပြောင်းပြီးတာနဲ့ ဘုန်းဘုန်းတရားပွဲကို ဆက်သွားတာနီးနီးလေးဆရာ၊ အဲဒါစိတ်ချမ်းသာတယ် ဘုန်းဘုန်းလာရင် အဲ့ကျောင်းမှာဟောနေကျ။... အဲ...အိမ်ကို ပစ္စည်းတွေသွားပို့ပြီးပုံထားခဲ့တာလေ.. ဟီး။ ၁ ရက်နေ့မှ ရုံးဆင်းရင် လက်ရှိသုံးနေတာတွေ ကောက်ထည့်ပြီး လူကအပြီးပြောင်းမှာ.... နင်ပဲ ...ပြောစရာကုန်မှ enter ခေါက်ခိုင်းတာပဲဟာ၊ ကြာမှာပေါ့
မိုး: အင် .. သိဘူးလေ ငါက နင် လိပ်စာ အသစ် ရိုက်ပေးနေတယ်မှတ်နေတာကိုးး
me: Blk 643, Ang Mo Kio Ave 5,
#09-3009 (S) 560643
မိုး: မစုကကျန်ခဲ့တာပေါ့ သနားပါတယ် သူလဲ နင့်ကိုတော်တော်ချစ်ကြီး
me: ငါလည်းချစ်တာပဲ..........စိတ်လည်းမကောင်းပါဘူးဟာ...
မမိုတို့၊ မပိုက်တို့ကလည်း အရမ်းကောင်းတာ...
ဟိုကလေးသူငယ်မလေးကိုလည်း လွမ်းနေရတော့မှာ...
ငါက ငွေမျက်နှာပဲကြည့်လိုက်တာ
မိုး: တိန်
၆ကောင်မ ၇ကောင်မ ၈ကောင်မကြီး
နင် တော်တော် ပဲ ငွေစကားပြောနေပါလား
အံ့ပါရဲ့တော်
:P
me: အေးလေ..........ဒီတစ်ခေါက် အဖွားနေမကောင်းလို့ အဖွားအတွက် အလှူလုပ်ပေးချင်လို့ ရွာပြန်သွားတာလေ...... ငါတို့ရွာက ကိုင်းလုပ်ကြတယ်...ခုလိုမိုးတွင်းဆို ရေတွေလျှံပြီး...တံငါအလုပ်ကလွဲပြီး ဘာအလုပ်မှမရှိဘူး။ ကိုင်းအလုပ်ဆို မနက်လေးနာရီကနေညနေ၆နာရီထိ ပေါင်းသင်ရ၊ ကိုင်းခုတ်ရ၊ ပဲနှုတ်ရတာ ..တစ်နေ့ကို မြန်မာကျပ်ငွေ ၁၀၀၀ ပဲရတယ်
မိုး: အဲ့ဒီတော့
me: တံငါတွေလည်း ရေထဲတစ်နေကုန် ငရဲကြီးခံပြီးဆွဲပါမှ နေ့စားသမားက အဲလောက်ပဲရတာ... ငါတို့က ဒီမှာ ဒေါ်လာ ၁၀ (ငွေ ၈၀၀၀) ဆို..ငွေလို့ ထင်တာမဟုတ်ဘူး၊ အကြောင်းမဲ့ကုန်ဖို့ ဝန်လေးတာမဟုတ်ဘူးလေ။ ဒီတစ်ခေါက်ငါ ရွာမှာ ကျောင်းမှာရှိသမျှသံဃာကုန် အိမ်နဲ့အပြည့် ဆွမ်းကပ်တာ ၂ရက်၊ ငါခွင့်ရတဲ့ရက်ကနည်းတာကိုလေ။ ရန်ကုန်ကနေ သပိတ်၊ သင်္ကန်း၊ ပရိက္ခရာအစုံ၊ထီး၊ ဖိနပ်၊ ယပ်၊ လွယ်အိတ်၊ နေရာထိုင်၊ မျက်နှာသုတ်ပဝါ သံဃာအသုံးအဆောင်ပစ္စည်းတွေ အကောင်းဆုံးဆိုတာတွေ ဝယ်သွားတယ်။ အချိုပွဲ၊ ဆွမ်းဟင်းပွဲတွေအတွက်လည်း နိုင်သလောက်ပါတယ်။ ဒေါ်လာ ၅၀၀ လောက်ဟာရယ်၊ စိတ်တိုင်းကျဝယ်လိုက်ရတာ မကုန်တော့ဘူးလားတောင်ထင်ရတယ်။
မိုး: အင်း
၁၀ ဆို သူတို့အတွက် ရက် ၈ စာကြီးများတောင်
:(
me: အိပ်ယာထဲလဲနေတဲ့ အဖွားက လုံးဝမထနိုင်ပေမယ့် သတိတစ်ချက်မှ မလွတ်ဘူးဆရာ၊ အဲဒါ ငါကံကောင်းတာ။ ငါ့အဖွားကို ငါရှာဖွေထားတဲ့ငွေနဲ့ ၈ သိန်းလောက်ပဲ ကန်တော့ရဖူးသေးတာလေ။ အခုက နောက်ဆုံအနေနဲ့ ငါကျေးဇူးဆပ်ခွင့် ရသေးတာ။ အဆင်သင့်ဖြစ်နေတဲ့ ဝတ္ထုငွေတွေ၊ ပစ္စည်း အစုစုတွေကို အဖွားအိပ်ယာဘေးမှာ ပုံပြီးအဖွားကိုထိုင်ကန်တော့လိုက်တယ်။ ဒါအဖွားပိုင်တဲ့ပစ္စည်းတွေ၊ ငွေတွေဖြစ်သွားပြီလို့ တစ်ခုစီကိုင်ပြီး ရှင်းပြ၊ ပြောပြတယ်။ အိမ်ပြည့်သံဃာတွေရယ်၊ သက်ရှင်ဆွမ်းကျွေးတရားတော်တွေရယ်ဟာ ငါပြန်လာမယ်အသံကြားပြီး လန်းလန်းဆန်းဆန်းဖြစ်နေတဲ့ ငါ့အဖွားအတွက် နောက်ဆုံးအချိန်အာရုံကောင်းတွေဖြစ်မှာပါ။ ပြီးတော့ ရွာထဲက အဖိုးအဖွား ၁၇ ယောက်ကိုအိမ်ပင့်ပြီး သက်ကြီးပူဇော်ပွဲလုပ်သေးတယ်။ ငွေငါးထောင်စီနဲ့ ပစ္စည်းက ၃ထောင်ဖိုးစီလောက်မို့ ငါ့စိတ်ထဲသိပ်မဟုတ်လှဘူးမှတ်တာ... ဒါပေမယ့်...
မိုး: အင်း
me: အဲဒီနေ့ကလေ...  သူတို့တွေပျော်နေလိုက်ပုံများ...ငါအော်ပြီးတောင်ငိုချင်တယ်၊ ပျော်လည်းပျော်တယ်
မိုး: အင်း
me: စားကြသောက်ကြနဲ့ သူတို့အရမ်းဝမ်းသာကြောင်း... မိုးတွင်းမှာဝင်ငွေမရှိကြောင်း အဇွားနဲ့လဲ စကားတွေပြောကြလို့ ... အဲဒီ မှာငါသိလိုက်ရတာက..  ဒီ၂ နှစ်မှာကိုင်းတွေရှုံးလို့ ကြွေး ၃သောင်း ၄သောင်းတင်တာ သူတို့မှာ နွားရောင်းရ၊ ကိုင်းရောင်းရနဲ့ ဘဝပျက်တာဆိုပဲ...
မိုး: :(
ငါတောင် နိုချင်လာဘီ
me: မြန်မာငွေ ၄သောင်းဆိုတာလေ... တစ်ခါတစ်လေ ငါတို့စားတဲ့ ထမင်းတစ်နပ်စာလောက် ရှိတာကလား...........
မိုး: အေးယေ
me: ဟုတ်တယ်၊ ငါ ..ဝင်ငွေတိုးပြီးမရှာနိုင်ရင် လက်ရှိမှာ သီးခံခြွေတာပြီး... ငါလုပ်ပေးချင်တာလေးတွေ ရှိတယ်...
မိုး: အင်း
မိုးတို့ကော လုပ်ကူမယ်လေ နင် ဖိတ်ခေါ်ရင်
ဟိုကောင်တွေလဲ ကူချင်မှာပါ
မိုးတို့ သူငယ်ချင်းတွေရေစက် မပျက်အောင်ပေါ့ ဟီ ဟိ
နင် တယောက်ထဲပြေးသွားပစိုးလို့
ညှင်း ညှင်း ညှင်း
ငါကလဲ သူများကိုပေးရကျွေးရလို့ ရတဲ့ ပီတိကိုသိပ်မက်တာ
me: အဲ........ခုငါနေမယ့်အခန်းက အလုပ်နဲ့ဝေးတယ်၊ air-con မပါဘူး...စတိုခန်းလိုဟာလေးပေါ့ တစ်ယောက်လည်းနေရမှာ ......... တစ်လ ၂၂၀ ပဲ...လက်ရှိ မစု နဲ့နေတဲ့အခန်းက တစ်လကို ၄၀၀ ကျော်ကျတယ်
မိုး: အယ် စတိုခန်း
ဟဲ့ကောင် ငါလာကြည့်မယ်
၁ရက်နေ့ ဘယ်ချိန်အဲ့အိမ်သွားမှာလဲ
ငါ လိုက်မယ် ဒီတခါတော့
me: ငါ့ရဲ့ အစ(ပထမဆုံး) ကတော့ ငါနေ့တိုင်းစောစောထပြီး ရုံးသွားရတော့မယ်၊ ရုံးပြန်နောက်ကျမယ်၊ ပုလှောင်လှောင်အခန်းကလေးမှာ...လောလောဆယ်တော့ ကုတင်မပါ ဘာမပါအိပ်ရတော့မယ်.... ဒါက ငါသီးခံနိုင်ပါတယ် .. ငါမှ တစ်နေကုန်နေပူထဲ ကိုင်းမလုပ်နိုင်တာ၊ တစ်နေကုန် ရေစိမ်ပြီး ပိုက်မဆွဲနိုင်တာပဲဟာ ..နော်
မိုး: အိစ်
နင် နင်
me: ;P
မိုး: နေပါဦးဟာ နင်အဲ့လိုလုပ်တာ နင့်မေမေသူဇာသိရင် အားပေးမယ်ထင်လား
me: အဲ......သူမသိလောက်ပါဘူးလေ.... သိလည်း ငါကပြေလည်သွားအောင်ပြောတတ်ပါတယ်..... ဒါကြောင့်လည်း ခုချိန်ထိ ငါ့မိဘတွေဆို ငါဘာလုပ်လုပ်အကောင်းချည်းပဲ ထင်နေတာ
ဟားဟား
မိုး: ငါမေးတာက သိရင်လို့
အေးပါဟာ .. ငါက နင့်အတွက်ပဲစိတ်ပူတာ ..
ငါ ဘာမှမမြင်ရသေးလို့ ဘာမှမပြောသေးဘူး ကြာသပတေးနေ့မှတွေ့မယ်လေ ...
me: ဟဲ့ပလုပ်တုတ်......စနေတနင်္ဂနွေမှ... လာချင်လာစမ်းပါ...... ကြာသပတေးမလုပ်ပါနဲ့..အဲ...
 အေး......သိရင် အားမပေးဘူး သေချာတယ်၊ ဒါပေမယ့် ငါ့နေရာမှာ သူဆိုရင် ဒီထက်ပိုပြီး ထိရောက်တာတွေ လုပ်မှာသေချာတယ်....
မိုး: အေး နင့်ထက်ပိုပြီးထိရောက်အောင် လုပ်မယ်ဆိုတာတော့ ငါသိတယ် ဒါပေမယ့် ကိုယ့်သူကိုယ်အထိခိုက်ခံပြီးမှလုပ်လိမ့်မယ်လို့တော့ ငါမထင်ဘူး
နင်လုပ်တာသိရင်လဲသူအားမပေးဘူး သူစိတ်ကောင်းမှာမဟုတ်တာ နင်လဲသိသားနဲ့
နင် အဲ့လိုလုပ်ပြီးမှ အဲ့လိုလှူတယ်ဆိုတာကို နင်လှူတဲ့သူတွေသိရင်ကော
ဟဲ့ကောင် နင်က ငါ့ထက် ပိုသိပါတယ်ဟ .. ဇွတ်ကြီးမလုပ်စမ်းနဲ့
me: အေးအေး....ဇွတ်ကြီးမဟုတ်ပါဘူး....ငါ့ကိုယ်ငါ အဆင်ပြေမလားဆိုတာ အများကြီးမေးပြီးပါပြီ....ငါက တစ်ယောက်တည်းနေချင်တာလည်း ပါသေးတာကိုး၊ ကျဉ်းပေမယ့် ငါ့တစ်ယောက်ကတော့ ဘယ်လိုနေနေပါဟ
မိုး: နင် က ဘယ်လောက် တောင်လှူချင်တာလဲဟယ် ငါတို့ဖြည့်ကူပါ့မယ် .. ငါတို့ စိတ်မကောင်းဖြစ်အောင်တော့ မလုပ်ပါနဲ့ဟ
မောထှာ
ရေသောက်ဦးမယ်
ဟဲ့ . နင့်အိမ်က အမ်အာတီနဲ့လဲ ဝေးကြီးပါ့ကော ?!!!
နင့်အလုပ်ကို ဘတ်စ် ရောက်တာလား ဟုတ်လား
 အောင်မိုးကရိုနဲ့ ကော ယိုချုးခန်း နဲ့ကော ဝေးကြီးပဲ အဲ့အမ်အာတီ၂ခု အလည်လောက်သွားကျနေတာကိုးးး .. ငါက မြေပုံထဲကြည့်လို့လားတော့သိဘူး
me: ဟားဟား.......အေးသောက်သောက်၊
မြေပုံရှာမနေနဲ့ ...
ငါ့ဟာငါတောင် မရှာရသေးဘးဟိဟိ
ငါဘယ်လောက်လှူမယ်လို့ စိတ်ကူးထားတာမရှိသေးဘူး၊ ငါခု စုစောင်းလို့ရတာတွေကို လှူလိုက်မယ်ဆိုတာထက်၊ နင်နားလည်ပါ့မလား... ငါ တစ်ရွာလုံး၊ တစ်နယ်လုံး၊ တစ်တိုင်းပြည်လုံးက ဆင်းရဲသားတွေ.(လူချမ်းသာပြီး စိတ်ဆင်းရဲနေတဲ့လူတွေလည်းပါတယ်ထင်တယ်) ... အဲလူတွေရဲ့ လူနေမှူဘဝ ကိစ္စအဝဝ နဲ့ အသိညဏ်တွေ တိုးတက်ကောင်းမွန်အောင်... လုပ်ပေးနိုင်တဲ့သူ ဖြစ်အောင် ငါ့ကိုယ်ငါ မြန်မြန်ဆောက်တည်ချင်တာ.... ကဲ....ငါ့ကိုအဲလိုလူဖြစ်အောင် နင်တို့ကူညီချင်ရင် အကြံညဏ်တွေ၊ အဆုံးအမတွေသာ များများပေးကြ.........
မိုး: ဗုဒ္ခေါ မြတ်စွာကယ်တော်မူပါ
နင့်ကို ဆုံးမနိုင်တာ နင်ကိုယ်တိုင်ပဲရှိတယ် နင်က ဘယ်သူဆုံးမတာကို နားထောင်လို့လဲပြောကြည့်ပါဦး ... မြေပုံ ရှာပြီးလို့ ဝေးကြီးလို့ပြောနေတာလေဟာ
me: အင်... ငါ ကဘယ်သူပဲ ဆုံးမ ဆုံးမ ငါကြိုက်ရင် အမြဲနားထောင်တာ ကလား... ငွားငွားငွားငွား
မိုး: အေလေ အဲ့ခါကျတော့ နင်နားမထောင်ချင်တဲ့ဟာတွေကို ဆုံးမမိတဲ့သူတွေကအရူးဖြစ်တာပေါ့ မတာမရဲ့
me: အမ်......ငါ့ကိုဆုံးမတဲ့မှန်သမျှ ဘယ်သူမှ တစ်ခါမှ အရူးမဖြစ်ဖူးပါဘူး ဟ...နင်ကလည်း..ဆုံးပဲဆုံးမ ကြည့်ပါဦး
10:21 AM မိုး: နင်က နင် နားထောင်ချင်တဲ့ဟာမှနားထောင်တာကြီး... နင် နားထောင်ချင်တဲ့ဟာကိုမှရွေးပြောတာကို ဆုံးမတယ်လို့ ခေါ်ဝူးနဲ့တူတယ်
:P
 ဆုံးမတယ် ဆိုတာ ဆုံးမတဲ့သူဖြစ်စေချင်တာ ..ကို ပြောရတာဟုတ်ဝူးလား
me: အဟေးဟေး....... နင့်ကိုငါမငြင်းတော့ပါဘူးဟ၊ ငါနားမထောင်ချင်တဲ့ ဆုံးမစကားတွေကို ရင်နဲ့အပြည့် လွယ်ပိုးထားပြီး .. မလုပ်ချင်ဘဲလုပ်နေရတာတွေ...အများကြီးကို နင်မှမသိတာပဲ။ တချို့ ကိစ္စတွေ မလုပ်ချင်တာက ခံစားချက်၊ လုပ်နေရတာက အသိညဏ်ကြောင့်။ နောက်ဆို လိုလိုချင်ချင်လုပ်မှာပါ။အင်း ငါဒီလိုဖြစ်နေတာ ငါ့ Model တွေကြောင့်ဟ။
မိုး: ဟွန်း နင် မှ နားမထောင်တာ နင့်ရင်နဲ့လွယ်ပိုးထားလဲ ဘာမှအသုံးမ၀င်ဘူး ပြောရတာ မောတာပဲအဖတ်တင်မှာ ..
 me: ဓမ္မဒူတ ဆရာတော်ဘုရားကြီး ရှိတုန်းက ရေလဲဆိုတဲ့ရွာမှာ တရားပွဲ၊ ရွာပြင်လယ်ကွင်းထဲက ဝါးနဲ့ဆောက်တဲ့ ဓမ္မပုလ္လင်ခပ်မြင့်မြင့်မှာ ရွာနီးချုပ်စပ်က လှည်းတွေနဲ့လာကြတဲ့ တရားနာပရိတ်သတ်ကို လေတဖြူးဖြူးမှာ တရားဟောတာ ၂ နာရီ တဲ့ဆရာ၊ ဆရာတော်ကြီးက ငှက်ဖျားရှိတယ်၊ လမ်းမှာကတည်းက ဖျားလာတာခြစ်ခြစ်တောက်တဲ့။ ဘုန်းဘုန်း (ဓမ္မဒူတမှော်ဘီဆရာတော်) ဆို ပြီးခဲ့ ၂ ပတ်ကျော်က အသည်းမကောင်းလို့ဆိုလား SSC မှာ။ ဟော ခုကြာသပတေးမှာ အလုံကလူတွေ သတင်းပို့တယ်၊ အာရှတော်ဝင်မှာတရားပွဲဟောသတဲ့။ ခုစနေ၊ တနင်္ဂနွေ Singapore က သား၊ သမီးတွေကို သနားလို့ဆိုပြီး ပြုံးပြုံးနဲ့ရောက်လာတယ် မဟုတ်လား။ မေမေသူဇာဆိုလည်း ငါဒီကိုအလည်ခေါ်နေတာ ကြာပေါ့။ ဒီကိုလာလည်ရင်ကုန်မယ့် ပိုက်ဆံတွေကိုတဲ့ လိုအပ်နေတဲ့ဘယ်နေရာတွေမှာ ဘယ်လိုလှူလိုက်ရ၊ ဘယ်လောက်အရသာရှိမှာဆိုပြီး ဘယ်သူဘာလိုနေတယ်၊ ဘယ်လိုကူုညီမယ်တွေပဲလိုက်လုပ်နေတယ်။ Pass Port ကိုမလုပ်လို့ ငါ့မှာရောဂါတွေကို တက်နေတာ။ လှူတာလဲလှူနေတာပဲလေဟာ... အင်း... အဲလိုပါဆို.. ငါ့ပြောမရတာမဆန်းဘူး။
ဖျားနေတဲ့ဆရာတော်ကြီး တရားပွဲမဟောပါနဲ့ ပြောမရဘူးတဲ့။ နေမကောင်းတဲ့ဘုန်းဘုန်း နားပါဆိုပြောမရဘူးတဲ့။ မေမေသူဇာ သူများကိစ္စတွေ ခဏလောက်ထားခဲ့ပြီး ဒီကိုခဏလေး လာလည်ပါဆိုတာ ပြောမရဘူးဟ။ ဟိဟိ နင်မောသွားတာ တောင်းပန်ပါတယ်ဟာ နော်နော်။ ငါအိမ်ပြောင်းပြီးရင် မုန့်ဟင်းခါးချက်ကျွေးပါမယ်။ ။
17 February 2010
နေက္ခမ တိုက်ပွဲ
ကျေးဇူးတော်ရှင် ချမ်းမြေ့ရိပ်သာဆရာတော် ဘုရားကြီးရဲ့ (၁၄)ရက် ဝိပဿနာအလုပ်ပေး တရားစခန်းပွဲကို ဒီနေ့ ဖေဖော်ဝါရီ ၁၇ ကနေ၊ မတ်လ ၂ရက်နေ့ထိ သွားဝင်တော့မှာမို့ မမင်းနည်းနည်းတော့ အလုပ်များနေတယ်ဆိုပါတော့။
ရှားရှားပါးပါးအခွင့်အရေးအနေနဲ့ ဆရာတော်ဘုရားကြီးအား ဖူးမြော်ကြည်ညို၊ တရားနာကြားလိုသူတွေ၊ အချိန်ပိုင်းတရားလာအားထုတ်ချင်သူတွေအတွက် သတင်းလေး Share ခဲ့ချင်သေးတာနဲ့။ နေရာက
Palalai Buddhist Temple
No. 49 Bedok Walk Road
Singapore 469145
Tanah Merah MRT Station ကနေ No.2 Bus ကို ၂ မှတ်တိုင်စီး၊ ဆင်းရင်ဘယ်ချိုး ပြီး၊ ဘယ်ထပ်ချိုးရင် ထိုင်ဘုန်းကြီးကျောင်း အကြီးကြီးတွေ့  မယ်တဲ့။ အဲဒါပဲ။
မတွေ့ ရင်တော့ Daw Kyu Kyu Hlaing 98399346 နဲ့ Daw Mya Wit Yee 91389712 ကိုဆက်သွယ်မေးမြန်းပါရန်။း)
မမင်းတို့ ဒီတစ်ခါတရားစခန်းသွားဖို့အရေး အလုပ်ရှုပ်ပုံလေးနည်းနည်း ပြောပြီး လစ်တော့မယ်ဗျိုး၊ ညနေ ၄ နာရီနောက်ဆုံးထားပြီး ဝင်ရမှာမို့။ အလုပ်ကရှုပ်ဆို အရှုပ်တွေလုပ်တာကိုးလေ။ ကြည့်...။ မတတ်တတ်နဲ့မို့ စွဲနေတဲ့ Blogging လေ။ ၁၄ ရက်စာ ကိုယ့်ဘလော့လေး သေနေမှာကြောက်သတဲ့... ခက်ပုံများ။ ဒါနဲ့ သူငယ်ချင်းနဲ့ Chat တာလေးတွေက ဘာမှအားစိုက် ရေးစရာမလို Chat History ကနေကူးထည့် စာလုံးပေါင်းပြင်ပြီး၊ ဟိုသူငယ်ချင်းဆီပေးဖတ်ပြီးရင် တင်လို့ရပြီမို့ အဲဒါတွေကို Scheduled Plan နဲ့ တင်ခဲ့ဖို့ လုံးပန်းတယ်လေ။ ဘုန်းဘုန်းဓမ္မဂင်္ဂါပြောတဲ့ ဘလော့ဂါတစ်ယောက်ရဲ့ နိကန္တိ၊ ဘလော့ဂါတစ်ယောက်ရဲ့ ချစ်ခြင်းဆိုတာ ဒါမျိုးလားလို့ ကြီးကြီးကျယ်ကျယ်ပဲတွေးလိုက်တော့တယ်။
၁၄ ရက်တာပြစ်ထားခဲ့ရတော့မယ့် ဒီ Lap Top အပါအဝင် အဝတ်အစားနဲ့ အသုံးအဆောင်ပစ္စည်းတွေ သူ့နေရာနဲ့သူ စနစ်တကျသပ်သပ်ရပ်ရပ်ကျန်ခဲ့ဖို့။ အခန်းလေးရှင်းလင်း ပြောင်လက်နေဖို့ လည်း အားထုတ်ရသေးတာ။ ပြန်ထွက်လာရင် အလုပ်က ပိတ်ရက်ရှားသွားပြီ။ ခွင့်လည်းကုန်ပြီမဟုတ်လား။ ဒါကတော့ ဘာရဲ့ နိကန္တိလည်း မသိတော့။
ခရီးဆောင်အိတ်အတွင်းသို့ အိပ်ယာလိပ်၊ အဝတ်အစားတချိုနှင့် လိုအပ်ရာရာ ပစ္စည်းအတိုအထွာများ ကောက်ထည့်ရင်း။ အင်း ၁၄ ရက်၊ ဟိုမှာလိုအပ်နေရင် မျက်နှာငယ်ရမယ်နော်၊ ဟိုဟာလေးလည်း လိုလိုမယ်မယ်၊ ဒီဟာလေးလည်းလိုလိုမယ်မယ်... Balancing Cleanser က ၈ ပါးသီလနဲ့ သုံးလို့ရရဲ့လား၊ ဝက်ခြံတွေက ငွေကုန်ကြေးကျခံပြီး မနည်းလုပ်ထားလို့ ပျောက်ရုံလေးရှိသေးတာ၊ ပြန်ထွက်လာပြန်ရင် ဒုက္ခ... စသဖြင့် ထွေရာလေးပါး၊ ငါးပါးမက တွေးရင်းက ဘုန်းဘုန်း(ဓမ္မဒူတမှော်ဘီဆရာတော်ဘုရား) ဟောထားသော နေက္ခမပါရမီတရားတော် မှတရားစကားတချို့ ကို တန်းစီသတိရလိုက်မိတော့သည်။ သြ နှလုံးမယဉ် ပုထုဇဉ်ကား နေက္ခမဓာတ်ဘယ်လိုဖြစ်မယ် မစဉ်းစား၊ လိုလိုမယ်မယ်များကိုသာ စဉ်းစားမိလေသည်ဟု ကိုယ့်ကိုယ်ကို ရှက်စနိုးဖြစ်ရတော့သည်။
ဆရာတော်ပြောပြသည်ကား ရှင်ဘုရင်ဘဝမှ တောထွက်လာသော ရသေ့ညီနောင်နှစ်ပါးအကြောင်းတည်း။ ညီငယ်ရသေ့ကား ဆားထုပ်ကလေးကျောင်းခေါင်မိုးမှာ ညှပ်၍ လိုလိုမယ်မယ်သိမ်းထားမိသောအဖြစ်။ ရွှေနန်းစည်းစိမ်ကို မက်တာနဲ့ ဆားထုပ်ကလေးမက်တာ ဘယ်ဟာကတော်သေးသလဲဟု ဆရာတော်ကမေးသည်။ ဘယ်ဟာကမှ မတော်ပါဘူးဟုလည်း အဖြေပေးခဲ့သည်။ အာရုံတောကထွက်တဲ့ နေက္ခမနှင့် ကိလေသာတောကထွက်တဲ့ နေက္ခမဟူ၍ ဆရာတော်ဘုရား ရှင်းလင်းစွာဟောကြား ဆုံးမထားလေသည်။
မမင်းတစ်ယောက် အလုပ်ရှုပ်နေတာတွေ တိခနဲရပ်သွားသည်။ ၁၄ ရက်တာတော့၊ အင်း ၁၄ ရက်ကလေးတော့ ဒီအာရုံတွေကိုထားခဲ့နိုင်မည်။ ရိပ်သာတွင်လည်း အာရုံသစ်တွေနှင့်လုံးပန်း၍ ကိလေသာတောက ထွက်ချိန်နည်းလျင် တရားတော်အဆုံးအမကို နားလည်လိုက်နာသည်မမည်။ အိမ်နှင့်အလုပ်တည်းဟူသော အာရုံတောမှ လူကောင်ကြီးထွက်ခွာခြင်းကား အကာ၊အခွံ သာတည်း။ ကိလေသာတောမှ စိတ်၏ ထွက်ခွာလွတ်မြောက်ဖြင်းကား အနှစ်သာရတည်း။ အကာကိုအကြောင်းပြု၍ အနှစ်ကိုရှာရန် ၁၄ရက်တာ တိုက်ပွဲဝင်ပေတော့မည်။ တနည်း တစ်သံသရာလုံးပုံလာသော အမှိုက်များအား ၁၄ရက်တာအတွင်း ရှင်းနိုင်သမျှလေးရှင်းရန် ကြိုးစားခြင်းသာတည်း။ ။
15 February 2010
သူငယ်ချင်းနဲ့ chat ဖြစ်တာလေးတွေ (၂)
မိုး: မမြင်း
me: အင်း
မိုး: နေကောင်းရဲ့လား
me: ကောင်းပါ၏
မိုး: စိတ်ကော
ဟဲ ဟဲ ၏ .. ချစ်လို့စတယ်မှတ်ပါ
me: ကောင်းလှပါ၏
မိုး: မိုးစိတ်ညစ်နေတယ်
me: ညစ်တယ်ဆိုတော့ မသန့်ဘူးပေါ့
မိုး: မိုးမောင်လေးအမှု အမိန့်ကျပြီ၏
သန့်လို့ကိုမရနိုင်လို့ပါ၏
me: အဲ.........
မိုး: ငိုချည်းငိုချင်နေတယ်ဖြစ်တယ်
မိုးမှာဒီမောင်လေးတစ်ကောင်ရှိတာ
ခုတော့လူညွှန့်တုံးးပါပေါ့
me: အင်း.......ငါဆိုလည်း အဲလိုပဲ ငိုချင်နေမှာပဲ
မိုး: ၁၀ နှစ်တဲ့မမင်းရယ်
သွားပြီပေါ့သူ့ဘ၀လေး
အိမ်မှာအပူရုပ်ကို ဟန်လုပ်ပြီးနေနေရတယ် လူတွေရှေ့မှာမိုးငိုချင်ဘူး၏
ခု မမင်းကိုပြောရင်း ငိုနေတာ
ဟဲ ဟဲ၏
me: အာ..........ဟိုကောင့်ဖေဖေ ၃ရ နှစ်လားဘာလားတောင် ကွင်းလုံးကျွတ်လွတ်သေးတာဟာ....  လိုက်လို့ရပါတယ်။ ငါကအဲကိစ္စ... ပြီးသွားပြီ.. .အဲလောက်မဟုတ်ဘူးထင်နေတာ။ ငါက လေသံသဲ့သဲ့ပဲ နင့်ဆီကကြားဖူးတာ... သေချာသိတာမှမဟုတ်တာကိုး....အေးငိုချင်ခဏငိုလေ.... မျက်ရည်ထွက်ပေးတာဟာ...မျက်ရည်လမ်းကြောင်းကိုရှင်းလင်းစေပြီး... မျက်လုံးကြည်သတဲ့ဟ
မိုး: အေးဟ ဒါဆိုအိမ်သာထဲသွားငိုဦးမယ်
မှန်ကြည့်ပြီးငိုတော့ လှတာပေါ့ဟာ
ဟိ
ခနလေး
ပြန်လာခဲ့မယ်
me:ဟဲ့ ...  ကြာကြီးငိုရင် ခေါင်းကိုက်တတ်တယ်နော်
မိုး: အင်းပါ ခနပဲငိုမှာပါ၏
me: အင်း....ငါငိုကူမယ်... နင် နည်းနည်းလျှော့ငို
မိုး: အေးပါလျှော့ငိုတာတော့မဟုတ်ဘူး လစ်မစ် နဲ့ငိုတာ
me: နေဦး.......အယူခံလို့ လိုက်လို့ပြုလို့ မရတော့ဘူးလားတဲ့
မိုး: ၀င်မယ် ပြောတယ် တိုင်းရုံးအထိတက်မယ်ပြောတယ်
me: ဟိုကောင့်ကို မေးရမယ်လား...အဲ့လိုက်တဲ့ကိစ္စတွေကိုလေ။ သူ့ဖေဖေတုန်းက ရုံးထုတ်ရက်ဆို ငါ့ကိုဖုန်းဆက်တယ်သူက ...ငါက ဘုရားတွေရှိခိုး...မေတ္တာတွေ အသကုန်ပို့.....မောရသုတ်ပရိတ်တွေ... နမောတေဂါထာတွေ...ရွတ်....ပြီးတော့ သူရော...ငါရောက ဖေကြီးကို ထောင်ထဲမှာ လုံးဝမထားဘူး...ဆိုတဲ့ ခိုင်မာတဲ့ စိတ်ရှိတာ၏.... လိုက်လို့မရရင် ငါတို့နှစ်ယောက်ထောင်သွားဖောက်ပြီး ခိုးကြမလို့
ရီစရာပြောတာ မဟုတ်ဘူး.... သူက တစ်ကယ်လုပ်ချင်နေတာ... ငါကလည်း သူလုပ်ရင် လိုက်ကူမှာတကယ်ပဲ...
ဆန္ဒဝတော ကိံနာမ ကမ္မန သိဇ္ဖတိ။ တဲ့ ...ဆန္ဒထက်ရင် ဘာမဆို အောင်မြင်တယ်
15 minutes
မိုး: ဟုတ်ကိ
မိုးဘာလုပ်ရမလဲပြောပြ ဒါဆို
ခုလောလောဆယ်တော့စိတ်သေးသေးလေးပဲကျန်တော့တယ်ဖြစ်တယ်
:(
me: အင်း..........သူ့ တုန်းက ဒီကနေငွေပို့ သူ့အစ်မက ဟိုမှာလိုက်တာပေါ့..... သူက ငွေရှာဖို့ လိုသေးတာကို...နောက်ပြီး...ဖေကြီးကလဲ....အထဲမှာ ဘုရားတရားတွေတော်တော် လုပ်တာကလား.... နင် ပိုင်းလော့ ဆရာတော်ရဲ့ ဒဏ်၁၀ပါးစာအုပ် ဖတ်ပြီင်္းပလား.... နင်ကိုဟိုတစ်ပတ်ကပေးလိုက်တဲ့ နှစ်အုပ်ထဲက  အဖုံးဝါဝါနဲ့ဟာလေ။ အဲထဲမှာပါတယ်
မိုး: မောင်လေးကတော့ ဘုရားတရား ဘယ်လိုလုပ်ခိုင်းရမှန်းမသိဘူး၏
မမင်းပြောတဲ့စာအုပ်ဖတ်ရသေးဝူး
သူ့ခမျာ ထိတဲ့ခလုတ်က အမိတောင် မတလိုက်နိုင်ဘူးမှတ်တယ်
me: သူလည်းခုချိန်မှာ ဆောက်တည်ရာမရတော့ဘူးဆိုတော့ ....ဆောက်တည်ရာတစ်ခုခုလိုအပ်နေပြီ... သက်သာရာရမယ့်နည်းက ဒီတစ်ခုပဲရှိတာဟာ။ လောလောဆယ်လူမသက်သာသေးတောင်မှ စိတ်သက်သာမယ်။ ကုသိုလ်စိတ်တွေဖြစ်လာရင်.... လူပါပြောင်းလဲလာတယ်... ဘဝပါ ကောင်းတဲ့ဘက်ကို ပြောင်းလဲသွားရတယ်...ဒါက သဘာဝနိယာမပဲ...အမြဲမှန်တယ်။ ဒါကြောင့် ဆရာတော်က စာအုပ်အဖုံးမှာ... အချိန်တိုင်းတွေးနေရင်း ဘဝပြောင်းနေသည်လို့ ရေးထားသဟ။
မိုး: ငါ နင့်ကို မောင်လေးနားခေါ်သွားမှနဲ့တူတယ်၏
me: လောလောဆယ် နင်အရင်ဆုံးလုပ်ရမှာက .. အဲစာအုပ်ကို သေချာဖတ်လိုက်ဟဲ့ .. အချိန်၁နာရီ လောက်ပဲကြာမှာ... အဲဒီမှာ....တိုက်ဆိုင်တာတွေ ရှိတယ်။ နင်ဘာလုပ်ရမယ်၊ သူဘာလုပ်ရမယ်လည်း ပါတယ်။
မိုး: တင်ပါ့
me: ဂုဏ်ကျေးဇူးကြီးမားကြကုန်သော... ၁။ ဘုရား၊ ၂။ ပစ္စေကဗုဒ္ဓါ။ ၃ အဂ္ဂသာဝကာ၊ မဟာသာဝက ။ ၄ ရဟန္တာအရှင်မြတ်ကြီးများ။ ၅ မိခင်။ ၆ ဖခင်။ ၇ ဆရာသမား။ ၈ သီလ၊ သမာဓိပညာ တို့ကိုဖြည့်ကျင့်နေတဲ့ လူ၊ ရဟန်း၊ အရိယာပုဂ္ဂိုလ်။ ၉ တရားဟောပြပေးတဲ့ ဆရာ။ ၁၀ ထမင်းတစ်လုပ်၊ ရေတစ်မှုတ်ပေးကမ်းထောက်ပံ့ဖူးတဲ့ ကျေးဇူးရှင်............ဆိုပြီး ခင်ပွန်းကြီး၁၀ပါးရှိတယ်...
မိုး: အင်း
me: ကာယကံ၊ ဝစီကံ၊ မနောကံတွေနဲ့ ပြစ်မှားမိတဲ့အခါ....ကြမ်းတမ်းပြစ်မှာတဲ့စိတ်က အပူလှိုင်း၊ အဖျက်လှိုင်းတွေ ...ထွက်ပေါ်လာတယ်... အပြစ်မှားခံပုဂ္ဂိုလ်ဆီကို သွားရောက်ရိုက်ခတ်တယ်
တစ်ဘက်ပုဂ္ဂိုလ်ဟာ... အအေးဓာတ်အင်အား...ကုသိုလ်အင်အား....ကြီးရင်ကြီးသလောက် တန်ပြန်လှိုင်းတွေ...ကိုယ့်ဆီပြန်ရောက်လာတယ်..... ကိုယ့်ရဲ့ပြစ်မှားတဲ့ ကြမ်းတမ်းတဲ့ ပူလောင်တဲ့ဓာတ်တွေဟာ... အဆပေါင်းများစွာတန်ပြန်လှိုင်းတွေနဲ့အတူ ကိုယ့်ရဲ့ စိတ်အစဉ်မှာ...ကိန်းဝင်သွားတယ်...
အဲဒီဓာတ်တွေဟာ... ချက်ချင်းဖြစ်စေ၊ အခါအခွင့်သင့်မှဖြစ်စေ... အကျိုးပေးမှာ သေချာတယ်..
အကျိုးပေးပြီ...ဆိုရင်တော့ ဒဏ်၁၀ပါးကျရောက်လာတော့တယ်..  
၁။ သွေးအန်တဲ့ရောဂါတွေဖြစ်တယ်
၂။ အရောင်းအဝယ်တွေ အကြီးအကျယ်ရှုံးတယ်
၃။ ကိုယ်အင်္ဂါ ဆုံးရှုံးချွတ်ယွင်းတတ်တယ်
၎။ နူတတ်တယ်
၅။ စိတ္တဇရောဂါတွေ ခံစားရတယ်
၆။ မင်းပြစ်မင်းဒဏ်တွေ.. ဘာမဟုတ်ဘဲ.. မထင်မှတ်ဘဲ ..သင့်ရတယ်  
မိုး: အင်း
အဲ့ဒါနေမှာနော်
:(
me:  ဒါပဲပေါ့... ခုဖြစ်တဲ့ကိစ္စက အသလွတ်နေရင်းဟာ။
၇။ ကြမ်းတမ်းစွာ စွပ်စွဲဆဲရေးခံရတတ်တယ်...
၈။ ဆွေမျိုးသားချင်းတွေနဲ့ သေကွဲကွဲရတယ်
၉။ စီးစိမ်ပျက်တယ်၊ စီးပွားပျက်တာကိုပြောတာ
၁၀။ နေအိမ်မီးလောင်တတ်တယ်တဲ့
အဲဒါ... စနစ်တကျ ကန်တော့တောင်းပန်ရင် ပြေပျောက်ချမ်းသာနိုင်ပါသတဲ့
me: ဟိုသူဌေးသား....ရေချိုးသွားရင်း ... အရှင်မဟာကစ္စည်းမထေရ်...(ဘုရားရှင်ပြီးရင် အသားအရေအလှဆုံးပဲတဲ့) ရေချိုးပြီးလို့ သင်္ကန်းလဲနေတာမြင်ပြီး ... လှလိုက်တဲ့ကိုယ်တော်နှယ် အသားကိုဝင်းအိနေတာ...ငါ့မိန်းမပဲ ဖြစ်လိုက်ပါတော့ဆိုပြီး.... စိတ်ထဲက ဘာတွေလုပ်သလဲမသိ...
မိုး: ဟီးးး
me: ဟိုက .. ကမ္ဘာတစ်သိန်းတောင် ကုသိုလ်ပါရမီဓာတ်တွေ ဖြည့်ထားပြီး....နောက်ဆုံးဘဝမှာ ရဟန္တာကြီးဖြစ်နေပြီဆိုတော့ ... တန်ပြန်လှိုင်းက အဆများတယ်လေ...
အဲသူဌေးသား.... ဖြိုးဖြိုးဖျင်းဖျင်းနဲ့ ချက်ချင်းကြီး မိန်းမဖြစ်သွားတာကလား
11:15 AM မိုး: အင်း ကျော်ဟိန်းကြီး
မိုးကြည့်ဖူးတယ်၏
me: ရှက်လွန်းလို့ တခြားနိုင်ငံကိုပြေး... ကလေး၂ယောက်တောင် မွေးလိုက်ရသေးသတဲ့
အဲဟာ.... ပြန်တောင်းပန်တော့ ...ကောင်းသွားတယ်လေဟာ
ခုဟာက အဲလောက်တော့ မဆိုးသေးပါဘူး
မိုး: အဟစ် မိုး တကယ်ပြောချင်တယ်
အဲ့ဒါတွေ မိုးသူ့ကိုစာရေးပြောချင်တယ် မမင်းကူညီပါလားဟင်
မမင်းစာထပ်ရေးပေးဦးမလား
ဟီးးးးးးးးးးး
ဒါမှမဟုတ် မမင်းပါးစပ်နဲ့ပြော မိုးလာရေးမယ်၏
နော်
me: အေး........နင်အဲစာအုပ်ဖတ်ကြည့် ... ပြီးလို့ နင့်မောင်လေးကို စာအုပ်ပေးဖတ်ရုံနဲ့ မဖြစ်၊ ငါရေးပေးမှ ဖြစ်မှာလို့ နင်ယူဆတယ်ဆိုရင် ငါစိတ်ပါလက်ပါ သေချာရေးမှာပါ...ရေးချင်လို့ကို ရေးပေးမှာပေါ့ဟာ.... အဲဒါနင် စာအုပ်ဖတ်ပြီးမှ ငါ့ကိုပြောပေါ့.... ခုငါပြောနေတာတွေ အားလုံးက အဲစာအုပ်ထဲကဟာတွေပဲ၏။
မိုး: အင်း မိုးဖတ်ပြီးရင် ပြောမယ်၏
ခုကကော မိုးတခြားဘာတွေလုပ်ပေးလို့ရနိုင်သေးလဲဟင်
me: အိုကေ........နင်အရင် အပူသက်သာအောင် နင့်ကို အရင်ဖတ်ခိုင်းတာပါ
ရသေးတယ်.... နင့်မှာ အအေးဓာတ်ဖြစ်လာရင်.. မေတ္တာပို့ပေးရမှာလေ...
ငါဒီတစ်ပတ်သောကြာနေ့က ဟိုဆွေးနွေးပွဲကိုသွားသေးတာ...HOW AND WHY WE NEED TO PRAY တဲ့ ခေါင်းစဉ်က
မိုး: အင်း
me: အဲဒီမှာ...သူတို့က မေတ္တာဘာဝနာကမ္မဌာန်းကိုအဲဒါဗုဒ္ဓရဲ့ မူပိုင်လို့ မသိဘဲ... သုံးနေ၊ သင်နေကြသကိုး..
မိုး: အဲ
အားလုံးတူတူပဲလား
me: ဗုဒ္ဓကလည်း...ဘယ်တရားကိုမှ...သူ့မူပိုင်လို့ မဆိုခဲ့ဘဲ...အမှန်တရား၊ အရှိတရားတွေကို သတ္တဝါအားလုံးအကျိုးအတွက် ညွန်ပြခဲ့တာကိုး.......ငါကသာ ဘာသာစွဲနဲ့ မူပိုင်လို့ပြောလိုက်တာ... တူသပေါ့ဟ...သူတို့ရဲ့ သားတော်ဘုရားဆိုတာ....၁၉နှစ်လောက် တိဘက်မှာ ဘုန်းကြီးလုပ်ခဲ့တာဆိုကလား  
မေတ္တာကမ္မဌာန်းအောင်မြင်ခဲ့တယ်လို့ ရှိတယ်
အဲ... ဒီတစ်ပတ်ဆွေးနွေးပွဲမှာ သူတို့တွေက...သူတို့အဖေ၊ အမေ၊ အိမ်ထောင်ဘက်၊ သားသမီး၊ မောင်နှမ...စတဲ့ တခြားလူတွေအတွက် ဘုရားသခင်ဆီမှာ ဆုတောင်းပေးတာ...ဘယ်လိုပြည့်ကြောင်း ကိုယ်တွေ့ တွေ ပြောသွားကြတာ။ အမ်မယ် စိတ်ဝင်စားစရာကောင်းသဟ။
တကယ်က ... ဘုရားသခင်ကြောင့် ပြည့်တာမဟုတ်ပါဘူး။ သူတို့ အဲလူအပေါ်ကောင်းစေချင်တဲ့ စိတ်က ... ထွက်ပေါ်လာတဲ့ အအေးလှိုင်းတွေကြောင့် .....
မိုး: မေတ္တာပို့ပေးတာ ဟုတ်ဝူးပေါ့ ဆုတောင်းပေးတာပေါ့
me: ဆင်တယ်ဟ....မေတ္တာစိတ်နဲ့မှ... လှိုက်လှဲစွာဆုတောင်းတယ်ဆိုတာ
ဖြစ်လာတာ
အပေါ်မှာပြန်ဖတ်လိုက်ဦး
မိုး: အင်း သူတို့က မေတ္တာပို့တယ်လို့မခေါ်ဘူးလို့ ဘုရားသခင်ဆီမှာဆုတောင်းပေးတယ်လို့ ခေါ်တယ်လို့ပြောတာ၏
me: အေးပေါ့.....အခေါ်အဝေါ်လွဲသလို အနှစ်သာရကလွဲနေတယ်........အဲဒီဘုရားသခင်နဲ့ ဆုတောင်းတာပါနေလို့ကို သူတို့မှာ အကျိုးရှိသင့်သလောက်မရှိဘူး... တကယ်ဆို မေတ္တာဘာဝနာဟာ... စတုတ္ထဈာန်ထိရစေနိုင်တယ်လေ........အဲ...ပထမဈာန်ထိလား... အင်း စတုတ္ထဈာန်ထင်ပါတယ် .. ငါ ..စာတွေမေ့ကုန်ပြီဟ
မိုး: အင်း ကောင်း၏တာ နားတွေလည်လာပြီ
me: ပွားတဲ့သူမှာ ကောင်းကျိုးများသလို...အပွားခံအပို့ခံရတဲ့သူမှာလည်း...ကောင်းကျိုးများတယ်... စိတ်ဟာ ရုပ်တရားတွေထက် အဆပေါင်းများစွာ ပိုအစွမ်းထက်တဲ့အတွက်ကြောင့် .... BBC, BOA ..စတဲ့ ကမ္ဘာအနောက်ကလွှတ်တဲ့ ရုပ်သံလှိုင်းကို မြန်မာပြည်ကနားထောင်လို့ သုံးလို့ရရင်... စိတ်လှိုင်းနဲ့ပို့တဲ့မေတ္တာဓာတ်ကို ခံယူခံစားရဖို့ဟာက... ၁၇ဆလောက်ပိုသေချာတယ်လို့မှတ်ရမယ်
မိုး: အမ်
နင့်ဟာ ကြော်ငြာလဲပါတယ်
:D
me: အဲဒီမှာ....ရေဒီယို RECEIVER လိုသလိုပဲ...... ခံယူနိုင်တဲ့ အနေအထားလည်းလိုသေးသပေါ့
အရေးကြီးသဟ...ဒါအခြေခံတွေ  
မိုး: အော် သိပြီ
me: တကယ်ကျင့်ရင် လွယ်ပါတယ်...
မိုး: ဆက်ပြောဦး စိတ်ဝင်စားစရာ အလွန်ကောင်း၏
me: စိတ်နဲ့ပို့တဲ့ဓာတ်လှိုင်းကို စိတ်နဲ့ဖမ်းရတာပေါ့.... ကုသိုလ်အအေးလှိုင်းကို ... အကုသိုလ်အပူဓာတ်ရှိနေတဲ့ စိတ်က မဖမ်းနိုင်ဘူး... အမျိုးမတူဘူး... Band Width မတူဘူး... Nature မတူဘူးလေ
ငါဆို....... အခက်အခဲတစ်ခုခု ကြုံတာနဲ့ .. သရဏဂုံ refrash လုပ်၊ ၅ ပါးသီလ မြန်မြန်ယူပြီး... နီးစပ်ရာကို မေတ္တာပွားတာတို့...ဆန္ဒရှိရာဘာဝနာတစ်ခုခုနဲ့ စိတ်ကိုအမြန်သန်ုစင်အေးချမ်းစေပြီးရင်... ငါ့ကို မေတ္တာပို့နေမှာသေချာတဲ့....ဒါမှမဟုတ် ငါ့ကိုသတိရတိုင်းမေတ္တာဓာတ်တွေဖြစ်မှာ သေချာတဲ့သူတွေကို စိတ်မှန်းပြီး.... မေတ္တာခံယူပါတယ်ဆိုပြီး...အချိန်နည်းနည်းပေးတတ်တယ်....
11:50 AM နင်သိလား....အချိန်တိုင်းမှာ... တစ်ယောက်မဟုတ်တစ်ယောက်ကတော့ မေတ္တာဓာတ်တွေ လွှတ်နေမှာ သေချာတယ်လေ... တောတောင်ထဲမှာလဲ... မေတ္တာကမ္မဌာန်းအားထုတ်နေတဲ့ ပုဂ္ဂိုလ်တွေ...အများကြီး... ကုသိုလ်ပြုမေတ္တာပို့နေသူတွေ အများကြီး ရှိနေတယ်.... နောက် ... မိဘတွေရဲ့ မေတ္တာ၊ နောက် ဆရာတွေရဲ့ မေတ္တာ.... အဲဒါတွေ ခံယူလို့ရသဟဲ့
11:55 AM နင်သိမယ်ထင်တယ်... လိပ်မတွေဟာ.. ဥတွေဥပြီး သဲနဲ့ဖုံးခဲ့ပြီး.....သူတို့သဘာဝ ကုန်းပေါ်မှာအကြာကြီး မနေနိုင်၊ မစောင့်ရှောက်နိုင်ကြလို့ .. ရေထဲကနေ မေတ္တာပို့နေကြတာတဲ့။ အဲဒီမေတ္တာဓာတ်ကြောင့်သာ ဥတွေကနေ အကောင်ပေါက်တာတဲ့။ သုတေသနတွေက စမ်းပြီးပေါ့...  ဥပြီးဆင်းသွားတဲ့ လိပ်မကိုဖမ်းပြီး သတ်ပြစ်လိုက်တဲ့အခါ ဥတွေက ပုပ်သွားသတဲ့ ။ အရှင်ထားတဲ့ လိပ်မရဲ့ ဥတွေကတော့ အကောင်ပေါက်တယ်တဲ့....
11:58 AM ညဏ်မယှဉ်တဲ့ အဟိတ်တိရစ္ဆာန်စိတ်နဲ့ ပို့တဲ့မေတ္တာ ကတောင် အဲလောက်စွမ်းနေတာ... အဲလောက် အားကိုးရတာ... အဲလောက် ရုပ်တရားတွေကို ပြောင်းလဲဖွင့်ဖြိုးစေနိင်တာ...
12:00 PM ငါတို့လူတွေက မဟာကုသိုလ်စိတ်တွေနဲ့ ယှဉ်တဲ့မေတ္တာတွေပို့ပေးရင်.... မဖြစ်နိုင်ဘူးဆိုတာ ဘာမှ မရှိဘူးဟဲ့
5 minutes
12:05 PM မိုး: သာဓု သာဓု သာဓု
me: အိပ်ပျော်သွားတာမလား..နင်
တရေးနိုးမှ...သာဓုထခေါ်နေတာ
တို့ရွာက အဖွားကြီးတွေလည်းအဲလိုပဲကွဲ့ 
:)
မိုး: ဟုတ်ဝူး မိုးအလုပ်များသွားတာ
ဆရာ့အခန်းကနေပြန်လာမှနင့်စာတွေပြန်ဖတ်ရတာ
ခု ထမင်းစားနေတယ်
စားနေရင်းတန်းလန်းလာဖတ်တာ၏
:P
me: အဟိုးဟိုး...........နာတိပါလယ်ဟ.... နောက်လိုက်တာပါ.. နင်ကလဲ...။ ငါလည်း အလုပ်လုပ်လိုက်၊ စာရိုက်လိုက်..... လူလာလိုက်ရပ်ထားလိုက်နဲ့ ...ဗိုက်ဆာလိုက်တာဟာ ထမင်းဘူးမပါဘူး... သွားစားတော့မယ်။
14 February 2010
သူငယ်ချင်းနဲ့ chat ဖြစ်တာလေးတွေ (၁)
မမင်းမှာ သူငယ်ချင်းတစ်ယောက်ရှိပါတယ်။ "ဟမ်...တစ်ယောက်တည်းရှိတာလား လို့"မေးရင်၊ တစ်ယောက်တည်းရှိတာတော့မဟုတ်ပါဘူး။ မမင်းမှာ သူငယ်ချင်ကောင်းတွေ၊ စစ်မှန်တဲ့ မိတ်ဆွေကောင်းတွေ အများကြီးကိုရှိတာပါ။ ဘာလို့ သူငယ်ချင်းတစ်ယောက်ရှိတယ် လို့ပြောရတာလဲဆိုတော့....
-မမင်းကို "မမင်း" လို့ လောကကြီးမှာ ပထမဆုံးစခေါ်ခဲ့တဲ့..သူ
-YTU-1st year နဲ့ 2nd year အဆောင်မှာတစ်ယောက်တစ်ခန်းစီ နေကြတုန်းက အားအားရှိ...မမင်းကုတင်ပေါ်ပိုင်စိုးပိုင်နင်း တူတူတက်လှဲသေးတယ်၊ မမင်းပြောပြတာတွေလည်းနားထောင်သေးတယ်၊ ပြီး သူ့  နည်းနည်းလောက်စောင်းပြောမိရင် ငါကန်ချလိုက်မှာနော်လို့ ပြောတတ်တဲ့သူငယ်ချင်း မျိုး ဒီလောက မှာသူတစ်ယောက်ပဲရှိတာ...
-ညနေစောင်း ထမင်းစားပြီးလမ်းလျှောက်တဲ့အခါ၊ အဆောင်နဲ့ကျောင်းကြားက ကတ္တရာလမ်းပေါ်မှာ နှစ်ယောက်သား ဖိနပ်ပစ်တမ်းကစားရင် သမ္ဗာန်လောက်ရှိတဲ့ သူ့  စင်ကြယ်ဖိနပ်အစိမ်းရောင်ကြီးနဲ့ မမင်းရဲ့ စင်ကြယ်ဖိနပ်အနီရောင်ပိစိကွေးကို မညှာမတာ ပစ်တတ်တဲ့သူငယ်ချင်းမျိုး ဒီလောကမှာ သူတစ်ယောက်တည်းရှိတာ....
-အဲအဲ...ထမီကို ခါးပတ်ပတ်ဝတ်ရတာကလည်း...မမင်းသူငယ်ချင်းတွေထဲမှာ သူတစ်ယောက်တည်းရှိတာ မို့ပါ... =P
သူကမာနကင်းပြီး အမြဲပျော်ပျော်နေတတ်သူဖြစ်ပါတယ်။ သူငယ်ချင်းအားလုံးနဲ့ပတ်သတ်လို့ ကူညီစရာရှိရင် ထိထိရောက်ရောက် ကူညီတတ်သလို၊ အမြင်မတော်တာတွေ့  လည်း...ထိထိရောက်ရောက် ဝင်ပါတတ်သူဖြစ်တယ်။ ပင်ကိုယ်စိတ်ထားက နူးညံ့ဖြူစင်ပြီး၊ ယဉ်ကျေးပျူငှာတဲ့ သူဖြစ်ပါတယ်။ တစ်ခါတစ်ခါ အာပြဲကြီးနဲ့ အော်ချင်ရာတွေ ထအော်တတ်တာကလွဲလို့... မမင်းစိတ်ထင် ကိစ္စတိုင်းကို တော်တော်လက်တွေ့   ကျကျစဉ်းစား လုပ်ဆောင်တတ်သူ၊ စိတ်ဓာတ်ခိုင်ခန့်သူဖြစ်ပါတယ်။ ကျောင်းတုန်းက မမင်းက ရန်ကုန်မှာကျူရှင်သွားတက်ပြီး...စာမေးပွဲနီးရင် သူ့ကိုစာရှင်းပြရပါတယ်။ အောင်စာရင်းထွက်တိုင်းလည်း သူက မမင်းအပေါ်ကနေ အမြဲအောင်တတ်သူဖြစ်ပါတယ်။ ညဏ်ကောင်းချက်။  မမင်းအချိုးမပြေတာတွေ၊ ပုံစံမကျတာတွေကို အရင်းအတိုင်းထောက်ပြဝေဖန်တတ်သူ အဖြစ် သူ့ ကိုအားကိုးရတဲ့ အချက်က မမင်းရင်ထဲကသူ့ ရဲ့ သီးသန့်နေရာ၊ သီးသန့်တန်ဖိုးတစ်ခုဖြစ်ပါတယ်။
အဲဒီလို သူငယ်ချင်းနဲ့ အချိန်ရလို့ (အများအားဖြင့်တော့ ရုံးချိန်မှာ) ချတ်ဖြစ်တာလေးတွေထဲက တချို့  ဟာ မမျှော်လင့်ဘဲ ပြန်ပြီးမျှဝေချင်စရာဖြစ်နေပါတယ်။ ဒါမျိုးတွေပြောဖြစ်ဖို့ ဆိုတာလူတိုင်းနဲ့ မဖြစ်နိုင်ပါဘူး။ အပြန်အလှန်ကြုံသလို ချတ်ကြတာမို့ အချက်အလက်ပိုင်းမှာ အားနည်းတာကြောင့် ဘာသာရေးနဲ့ပတ်သတ်လို့ မသေချာတာလေးတွေကိုတော့ မမင်းလေးစားအားထားရသော ဘုန်းဘုန်း အရှင်ဒေဝိန္ဒာဘိဝံသ -သီတဂူ (သီရီလင်္ကာနိုင်ငံ) ထံ Forward လုပ်၍ အမှားပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်းများပြုလုပ်ပေးပါရန် တောင်းပန်ခဲ့ပါတယ်။ ဘုန်းဘုန်းက ထိုအကြောင်းအရာများကို "သူငယ်ချင်းနှင့် ဆွေးနွေးခန်း" ခေါင်းစဉ်တပ်၍  သီးသန့်ပြန်ရေးပြီး ဘုန်းဘုန်းထံပို့ပေးရန် တိုက်တွန်းခဲ့ပါတယ်။ ဖတ်ကောင်းအောင် ဘုန်းဘုန်းက Edit လုပ်ပေးပြီးရင် share လို့ရပြီလို့ပြောပါတယ်။ သမီးရေးဖြစ်အောင် ကြိုးစားပါမယ်ဘုန်းဘုန်း လို့ပြောထားတာ အကြာကြီးကြာခဲ့ပြီး ခုထိလည်းမရေးဖြစ်၊ မပို့ပေးဖြစ်သေးပါ။ ခုလို ကိုယ်ပိုင် Blog လေးလုပ်ဖြစ်တော့ ဖတ်မကောင်းမှာတွေ၊ ဘာဘာညာညာတွေကို မငဲ့ဘဲ၊ တင်ချင်ရာတွေ အားမနာတမ်းတင်နေတာကြောင့် ဒီ ချတ်တင် အကြောင်းအရာလေးတွေကိုလည်း ဒီမှာပဲစာလုံးပေါင်းလေးပြင်ပြီး၊ (အလုပ်တစ်ဘက်နဲ့ ချတ်ကြရတာကြောင့် လိုရင်းမရောက်တာလေးတွေကို) အနည်းငယ်ဖြည့်စွက်လျက် အကြမ်းပတမ်းပဲ တင်လိုက်ပါတယ်။
သူငယ်ချင်းနဲ့ chat ဖြစ်တာလေးတွေ (၁)
မိုး: ငါတို့ နတ်ပြည်ရောက်နေတာကျနေတာပဲဟာ
မီးခိုးတွေတလူလူနဲ့၏
မီးလေ နေရာတိုင်းရှို့ နေကြတာ မွှန်ထူနေတာပဲ
:(
me: ဟုတ်လား......
ဒုက္ခော
မိုး: လူလဲ မှိုင်းဝပြီး အပေါ်ပျံ တော့မယ်
:D
တော်တေးလယ် ငါ ဘောင်းဘီဝတ်လာလို့
အဟစ် ဟစ်
me: ပိုက်ဆံ အစစ်တွေ၊ ကားအစစ်တွေ ...ရှို့မှ...ဟိုဘဝက သရဲတွေက အစစ်တွေရမှာလို့ပြောလိုက် ... ဘယ့်နှယ့် အတုတွေနဲ့ ကိုယ့်ဒုက္ခကိုယ်ရှာ... သူများလည်းဒုက္ခပေးနဲ့
ဘယ်လိုဟာတွေနဲ့ လာတွေ့ တယ်မသိ
နင်မိုးပေါ်ပျံမသွားဘဲ... မှိုင်းမိပြီး...ပျံလွန်တော်မူသွားဦးမယ် ... ဝေးဝေးမှာနေ
မိုး: ပျံလွန် တော်မူတယ် ...??? !!! အင်း ဒီစကားလုံး ကို ငါကြားဖူးပါတယ်
အယ်
ဟား ဟား
မတာပုမ
me: အဟေးဟေး.....ငါကလဲ တစ်နေ့တစ်ခါလောက်မှ နင်ဆဲတာမခံရရင် တယ်မလန်းဆန်းဘူး ဖြစ်တယ်
မိုး: အေးပါ စိတ်ချ
မေးဦးမယ်
ပရိတ်ကြီး ၁၁သုတ်က ဘာလို့ရွှတ်ကြတာလဲ
ပဌာန်းကိုကော ဘာလို့ရွတ်ကြတာလဲ
ရွတ်နေတဲ့အချိန်ဘယ်လိုဘယ်လိုစိတ်ထားပြီးရွတ်သင့်သလဲ
အဓိပါယ်လဲ မသိဘူးလေ နော် ... ဘယ်လိုစိတ်မျိုးမှမသွင်းပဲ ဗတား ဗတားနဲ့ရွတ်နေရင် ဘာအကျိုးမှမရှိဘူးလား
ဟီးး
me: ငါညကမအိပ်ခင် ပဌာန်းရွတ်တယ်၊ ဒီနေ့ခင်း ထမင်းစားပြီး ပရိတ်ကြီး၁၁သုတ်ရွတ်တယ်...
မိုး: ဘာလို့ရွတ်တာလဲ
me: ပျော်လို့
မိုး: အေး ငါလဲအမြဲပျော်နေတော့ ရွတ်မလားလို့လေ ..
me: ဟေတု=ဟိတ်၊ ပစ္စယော=ကျေးဇူးပြုတယ်... ဟီး... ရွတ်ရင်းနဲ့ကိုပျော်လာမယ်
မအိပ်ခင်ရွတ်ရင် ... အိပ်ပါပျော်သွားမယ် 
မိုး: ငါ ရွတ်ပါတယ် ရွတ်ရင်းနဲ့လဲပျော်ပါတယ် ဘာလို့ ဆို ရွတ်လို့ကောင်းတာကိုးးး ..
နင်က ငါ သိချင်တာကိုမဖြေဘူး
ဟွင်း
ဒီတိုင်းရွတ်ရုံနဲ့ စာအုပ်တွေထဲမှာရေးထားတဲ့ အကျိုးတွေ အကုန်ပြည့်ရောလား
ပရိတ်ကြီးကောပေါ့ဟာ
ရွတ်နေချိန် ဘာကိုအာရုံပြုသင့်လဲပါဆိုမှ
me: စာအုပ်ထဲက အကျိုးတွေ......... ဘုရား၊ဘုရား။ ..အဲဒါတွေငါသိပ်မသိဘူးထင်တယ်...... ငါရွတ်တာက ဘာလို့ရွတ်တာလဲဆိုတော့...(အဲကြွားလိုက်ဦးမယ်... ငါက ပဌာန်းနိဒေသ နဲ့ ဓမ္မစင်္ကြာကို အလွတ်ရွတ်တာ ဆရာ...) ။ နင့်ကို ဘာလုပ်(ဘာအာရုံပြု)လို့ မပြောပြတတ်ဘူး...ငါဘာလုပ်တယ်ဆိုတာပြောမလို့...
မိုး: အင်းပြောပြ
ပဌာန်းကို အလွတ်ရွတ်လို့ရတဲ့ ဇယား ရှိတယ်လို့တော့ပြောတယ် ငါ တော့ စာအုပ်ကြည့်ရွတ်တာ
--------------------------------------------------------------------------------
6 minutes
မိုး: အာလာလာ ၃ နှစ်ခွဲလောက်ကြာနေပြီဟ
me: ပရိတ်ကခဏနေဦး၊ ပဌာန်းအကြောင်းလေး အရင်ပြောမယ်
နမူနာလေးပေါ့ ... ဟိတ် ၆ ပါးရှိတယ်.... "လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ" .... အဲဒီ ၆ ပါးက တစ်လောကလုံးမှာ ရှိရှိသမျှ ကုသိုလ်၊အကုသိုလ်တွေ၊ ကောင်းကျိုး၊ ဆိုးကျိုးတွေဖြစ်လာအောင် ... (ဥပမာ...သစ်ပင်ရဲ့ အစိတ်အပိုင်အားလုံး ရှင်သန်ကြီးထွားအောင် ရေသောက်မြစ်က ထောက်ပံ့သလို) ဟိတ် (သို့) မူလ (သို့) အရင်းအမြစ် အဖြစ် ထောက်ပံ့ပေးတယ်။ ဟိတ် ၆ ပါးဖြစ်တဲ့ လောဘ၊ဒေါသ...တွေက စိတ်ကိုမှီတွယ်ပြီး၊ စိတ်ကိုခြယ်လှယ်တဲ့ စေတသိက်တရားတွေပဲ။ အကုသိုလ်ဟိတ်သုံးပါးဖြစ်တဲ့ လောဘ၊ ဒေါသ၊ မောဟကြောင့်ဖြစ်တဲ့ လောဘစိတ်၊ ဒေါသစိတ်၊ မောဟစိတ်တွေက ရှိရှိသမျှ အကုသိုလ်မနောကံ၊ အကုသိုလ်ဝစီကံ၊ အကုသိုလ်ကာယကံတွေကိုဖြစ်စေပြီး အကုသိုလ်အကျိုးပေး မကောင်းတဲ့တရားမှန်သမျှရဲ့ မူလဇာစ်မြစ်ပဲဖြစ်တယ်။ ကုသိုလ်ဟိတ်တွေကြောင့် ကောင်းတာတွေဖြစ်တာကို အလားတူလို့ သဘောပေါက်လိုက်ပါဦး။ စိတ်၊ စေတသိက်တွေ၊ ကံသင်္ခါရတွေ အကြောင်းသိရင် ... ရွတ်နေရင်းအာရုံပြုလို့ အင်မတန်ကောင်းပေါ့... တစ်ခါတည်းရုပ်နာမ်ဓမ္မကို ဝိပသနာရှူပြီးသားဖြစ်တယ်...  နင် စိတ်ရှည်ရှည်ထားနော်... နင်သိချင်တဲ့နေရာထိ ငါဆွဲသွားမှာပါ... အမြင့်ဆုံးကနေပဲ စပြောချင်တယ်... နင်ကညဏ်သိပ်ကြီးတဲ့ ပုဂ္ဂိုလ်မို့ပါ
ပဌာန်းရွတ်ရင်းနဲ့ သစ္စာလေးပါးကိုသိသွားနိုင်တယ်ဆိုတာ .. ငါ့ရဲ့ ကိုယ်ပိုင်ယုံကြည်ချက်ပါ။ ဒါအမြင့်ဆုံးအဆင့် မျှော်လင့်အပ်တဲ့အရာပါ။ သစ္စာလေးပါးသိဖို့ ရွတ်တယ်....နော်..
မိုး: အင်း
me: နောက်တစ်ဆင့် ဆင်းပြောတော့မယ်...
မိုး: ဆင်း
me: ဘုရားရှင်ရဲ့ ကောင်းမြတ်တဲ့ အဆုံးအမ သာသနာဟာ... စောင့်ရှောက်ထိန်းသိန်းနိုင်တဲ့သူတွေ...မရှိတော့တဲ့နေ.မှာ... ကွယ်ပျောက်သွားမှာဖြစ်တယ်...ပိဍကတ် ၃ပုံ တရားအလုံးစုံမှာ... အဲဒီပဌာန်းကျမ်းကြီးက အခက်ခဲဆုံးဖြစ်တဲ့အတွက်... သာသနာကွယ်ရင် ပဌာန်းက စ...ကွယ်မှာဖြစ်တယ်
မိုး: အခက်ဆုံး ဟုတ်လား
ပြောဟာ ငါ ခုမှနင့်နှာဖျားလေးပဲမြင်ရသေးတယ်
နင် ဘာတွေလုပ်နေတာလဲဆိုတာ အကုန်မြင်ရအောင်ပြ
me: ဟုတ်၏......ဓာတ်၊ ပရမတ် အရှိတရားတွေကို အရှိအတိုင်းဟောထားတာကြောင့် ခက်တာပဲ။ ဒါကြောင့်ပဌာန်းကို အဓိပ္ပာယ်သိအောင်သင်ယူပြီး၊ အာဂုံရွတ်ဆောင်တဲ့သူဟာ... သာသနာကို စောင့်ရှောက်ထိန်းသိမ်း ကျေးဇူးဆပ်နေရာရောက်တယ်.... ဒါကြောင့် ဒုတိယအဆင့်အနေနဲ့ သာသနာတော်ကို ကျေးဇူးသိတတ်လို့ စောင့်ရှောက်ထိန်းသိမ်းလိုလို့ ရွတ်ရတယ်။
မိုး: ပြီးတော့ကော
မမြင်း
ဘယ်ပြေးသွားတာတုန်း၏
me: အေး.....ရှေ့ကခေါ်လို့၏
နောက်တစ်ချက်က အဲဒီ ပဌာန်းကျမ်းအပါအဝင် အဘိဓမ္မာတရားတွေကို ဘုရားရှင်နတ်ပြည်မှာဟောခဲ့တာဖြစ်တယ်
အဲဒီတော့ နတ်တွေအားလုံး အရမ်းအလေးအနက်မြတ်နိုးတဲ့ အသံဖြစ်တယ်လေ
မိုး: ဟီးးး နင် မအားတာကို ငါက က ကူရှုပ်သလိုဖြစ်နေတယ်
အော် ... ဒါကြောင့် နတ်တွေ ကိုသေချာပင့်ဖိတ်ပြီးမှရွတ်ခိုင်းတာကိုးး
me: နင့်ဟာနင် အဓိပ္ပါယ်သိလို့ပဲ ရွတ်ရွတ်၊ မသိဘဲ ရွတ်ရွတ်... earth bound daties ဆိုတာရှိတယ်.. စတုမဟာရာဇ်နတ်တွေပေါ့
မိုး: အင်း အဲ့နတ်တွေက နားလည်မှာပေါ့
နော် မမင်း
me: နားလည်တာပေါ့... သူတို့က တစေ၊သူရဲပြိတ္တာတွေကို အုပ်ချုပ်တယ် ... လူတွေကိုစောင့်ရှောက်တယ်..  အဲဒါကြောင့် အဲလိုရွတ်တဲ့သူကို ချစ်ခင်ကြည်ညိုတယ်
မိုး: အော် အော် သူတို့ကောမရွတ်ဘူးလား
me: ဒါက စာအုပ်တွေမှာ ပါတဲ့ အကျိုးတွေပြည့်ပုံပြည့်နည်းပဲဖြစ်တယ်
အင်း........သူတို့ရွတ်မရွတ်တော့ ငါမသိပါဘူး..... သူတို့မှာ စာအုပ်တွေဇယားတွေတော့မရှိဟန်.. ဟားဟား
မိုး: အဟစ် ဟစ် ဟုတ်မှာပဲ ... အင်း ..နင်ပြောတဲ့ သစ္စာလေးပါးကို က ဘယ်လိုသိမြင်နိုင်မှာတုန်း၏
me: ဒါကတော့ ရွတ်နေတုန်းမှာ ..အဓိပ္ပါယ်ကို နှလုံးသွင်းဆင်ခြင်ပြီး သဘောပေါက်နားလည်ရင်... သိမှာ။ (ဥပမာ...အာရမ္မဏပစ္စယော=အာရုံအဖြစ်ကျေးဇူးပြုတာ။ ရူပါယတနံ-အဆင်းအာရုံရုပ်တရားတို့သည်...စက္ခုဝိညာဏဓာတုယာ-မြင်သိစိတ်ကိုတဲ့၊ အာရမ္မဏပစ္စယေန ပစ္စယော-တောင်ဝှေးကြိုးတန်းသည် မျက်မမြင်ဒုက္ခိတကို မှီရာရပ်ရာဆွဲကိုင်လမ်းလျှောက်ရာအဖြစ်ထောက်ပံ့ကျေးဇူးပြုသလိုတဲ့... )
မိုး: အော် အော် ငါ သိပြီ
နှာခေါင်း၇င်းလောက် မြင်ရပြီ ဆက်ပြဦး
 me: အဲဒီမှာ အဆင်းကိုမြင်တဲ့ အခါဖြစ်လာတဲ့ စိတ်စေတသိက်တွေ၊ ရုပ်တရားတွေကို အာရုံပြုရင်းက ရုပ်နာမ်ဓမ္မတွေရဲ့ သဘော=တရား ကို ဝိ=အထူး၊ ပသနာ=သိတတ်သော၊ ညဏ်ပညာဖြစ်လာပြီး၊
သစ္စာလေးပါးကိုသိဖို့ ညဏ်၁၀ပါးရှိသဟ....ဝိပသနာညဏ်၁၀ပါးပေါ့...
ပထမဆုံးက နာမရူပပရိစ္ဆေဒညဏ်တဲ့ ရုပ်နာမ်ကိုပိုင်းခြားသိတဲ့ညဏ်။ ရုပ်နာမ်တွေကို ပိုင်းခြားသိရင် ရုပ်နာမ်ဓမ္မတွေရဲ့ ဆင်းရဲကြောင်း ဒုက္ခသစ္စာ၊ ဆင်းရဲခြင်းဖြစ်ကြောင်း သမုဒယ သစ္စာ၊ ဆင်းရဲခြင်းချုပ်ရာ နိရောဓသစ္စာ၊ ဆင်ရဲခြင်းချုပ်ကြောင်းအကျင့်တရား မဂ္ဂသစ္စာ ဆိုတာတွေကို သိလာမှာ။
အမှောင်မရှိရင် အရှိကို အရှိအတိုင်းမြင်တယ်... သစ္စာလေးပါးဆိုတာ အရှိတရားပဲ...အမှောင်ဆိုတာ မောဟဟိတ်.... ညဏ်ဆိုတာ....အမောဟဟိတ်... ပဌာန်းတရားကလွတ်နေတဲ့၊ ပဌာန်းတရားမှာ မပါတဲ့ သဘာဝဓမ္မ...လောကမှာလုံးဝမရှိပါဘူး
မိုး: ဟား ရေလည်မိုက်တယ်
နင့်ဟာက ဆင်းနေတာလား ပြန်တက်နေတာလားဟင်
နင် ပြောရမှာကျယ်ပြန့်လွန်းနေတယ်မှတ်တယ် .. ငါ လာခဲ့မယ် နင်အားတဲ့တနေ့လောက် ငါ့ကိုပြောပြ
စာရိုက်ရတာ နင့်လက် မောနေဦးမယ်
me: နင့်ကို အမြင်ဆုံး သစ္စာလေးပါးနဲ့ .. အနိမ့်ဆုံးနတ်ချစ်အောင်လုပ်ပြီး လိုရာအကျိုးပြီးတဲ့ အဆင့်၂ခုပြောနေတာလေ....
ဓမ္မဒူတ ဆရာတော်ကတော့ ခုငါပြောတဲ့ အဆင့်၂ခု...
ရဲ့ အလယ်က တစ်ဆင့်ကို သင်ထားတာရှိသေး၏
မိုး: ခုပြောမှာလား ငါက သိချင်တယ် နင့်လက် ပေါက်စိလေးတွေကို သနားလို့၏
:(
 me: ဟေတု=ဟိတ် (ရေသောက်မြစ်).... ကိုယ်ဟာ... ကိုယ့်မိသားစုရဲ့ ရေသောက်မြစ်ဖြစ်ပြီလားလို့... ကိုယ့်ကိုယ်ကိုပြန်မေးတဲ့
မိုး: လုံး ၀ လုံးဝ မဖြစ်သေးပါ ဟု သေချာပါသည် တဲ့ အဖြေက
me: ဒီထက်ပို ညဏ်ကြီးရင် ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်း ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်သာသနာ... ကိုယ့်ကမ္ဘာအတွက် ရေသောက်မြစ်သဖွယ် ကျေးဇူးပြု ထောက်ပံ့နိုင်တဲ့သူ ဖြစ်ပြီလားပေါ့
မိုး: ဝေးးးးးးးးးးးးးးးးကြီးဗြဲ
ဟိ ဟိ
မမင်းကော ဘယ်အတွက်ရေသောက်မြစ်ဖြစ်ပြီလဲ၏
me: ငါလား.........နင့်လိုပဲ ဝေးကြီးဗြဲ....
အာရမ္မဏ=အာရုံ..... ကိုယ်ဟာ ကိုယ့်မိသားစု ကိုယ့်ပတ်ဝန်းကျင်အတွက်ကောင်းတဲ့ အာရုံဟုတ်ရဲ့လား...ကိုယ့်ကြောင့် စိတ်နှလုံးဝမ်း အေးငြိမ်းချမ်းသာရရင် ကိုယ့်မြင်တိုင်း(ရူပါယတနံ=အဆင်းအနေနဲ့) ။
ကိုယ့်အသံကြာတိုင်း (သဒ္ဒါယတနံ)
အဲလို အာရုံကောင်းအဖြစ်နဲ့ လောကကို ကျေးဇူးပြုနိုင်တဲ့သူ ဖြစ်ပြီလားလို့ ကိုယ့်ကိုယ်ကို ပြန်မေးတဲ့
မိုး: အာ ... မမြင်းက မိုးထက် နှာတဖျား သာပါတယ်ဟာ ..သွပ် သွပ် သွပ်
အဲ့ဒါတော့ဖြစ်လောက်တယ်ဟ ငါက အိမ့်ဆည်းလဲလေ
me:ငါက ဒီလောက် နှခေါင်းပြားတာ ဘယ်လိုလုပ် နှာတစ်ဖြားသာမှာလဲ
 အေးအေး ၂၄ ပစ္စည်းရှိတာ ရှေ့ဆုံး ၂ခုတော့ အကြမ်းဖျင်းလေးပြောလို့ပြီးပေါ့ ... ကျန်တာကတော့ ... ကိုပေါက်ကိုပဲမေး......ဟေးဟေး။ ပရိတ်ဆိုတာလည်း ဒီအတိုင်းပဲဟ။ နတ်တွေရဲ့ ချစ်ခင်ကြည်ညိုစောင့်ရှောက်မှုလိုချင်လို့ ရွတ်တာက တစ်မျိုး။ နောက် ပရိတ်မှာက သစ္စာဆို၊ သစ္စာပြုထားတာတွေများတယ်လေ။ သစ္စာရဲ့ တန်ခိုးကလည်းစွမ်းတယ်။ နောက် ပရိတ်ရွတ်တဲ့သူဘက်က ပြည့်စုံရမယ့်အင်္ဂါရပ်တွေမှာ အဓိပ္ပာယ်သိရခြင်းဆိုတာပါတယ်။ မိုးကုတ်ဆရာတော်ဘုရားကြီးကတော့ အဲဒီပရိတ်ရွတ်တာနဲ့ ပတ်သတ်ပြီး "ခင်ဗျားတို့က သောက်ဆေးကို လူးဆေးလုပ်ပြီး သုံးတာကိုး" လို့ပြောသွားဖူးတယ်။ ရွတ်ရုံမဟုတ် နားလည်သိမြင်၊ ကျင့်ကြံအားထုတ်ရန် လို့ပြောသွားတာဟ။
မိုး: အင်း....ဆက်ပြောပါဦး။ စိတ်ဝင်စားတယ်..
me: ပထမဆုံး မင်္ဂလသုတ္တန်မှာဆို လောကီ၊ လောကုတ္တရာ ကြီးပွားချမ်းသာ မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံအောင် ကျင့်ကြံရမယ့် နည်းလမ်း ၃၈ ပါးကို ဘုရားရှင်သင်ထားတာ။ လူမိုက်ရှောင်၊ လူလိမ္မာပေါင်း၊ ပူဇော်ထိုက်သူပူဇော်၊ သင့်ရာနေ...ဆိုတာတွေကစပြီး သူမြတ်ဖူးမျော်၊ အာရုံမလိုက်စား၊ တရားဆွေးနွေး၊ အကျင့်မြတ်ပွားများ...ဆိုတာတွေအလယ်၊ အရိယာသစ္စာသိမြင်၊ နိဗ္ဗာန်မျက်မှောက်ပြု ဆိုပြီး... နိဗ္ဗာန်အထိအကျိုးပြီးစေတဲ့ တရားနည်းလမ်းတွေပေါ့။ ဒါလည်းပရိတ်ကြီး ၁၁ သုတ်မှာ ပထမဆုံးတစ်ခုကိုပဲ ပြောရသေးတာလေ။ ဒီတော့ အစမှာရင်းနှီးကျွမ်းဝင်အောင်ရွတ်၊ လူနတ်ချစ်ခင်တယ်၊ စိတ်ကြည်လင်တယ်။ နောက် အဓိပ္ပာယ်သဘောပေါက်အောင် လေ့လာ။ ကျင့်ကြံနေထိုင်သွားရင် ဘဝသံသရာကနေ အပြီးထွက်မြောက်သွားနိုင်တဲ့ အထိအကျိုးရှိတာလေ။ နောက်တစ်ခါအချိန်ရခဲ့ရင် နောက်ထပ်ပဌာန်းပစ္စည်းတွေ၊ နောက်ထပ်ပရိတ်သုတ္တန်တွေကို အေးဆေးဆက်ရှင်းပြချင်သေးတယ်။
မိုး: ငါဒီဟာကို ပရင့်အောက်ထုတ်သွားမယ်ဟာ။ အဇင့်ကိုပြန်ပြမလို့...
me: အေးအေး... နင့် ရုံးဆင်းချိန်ကျော်နေပြီ မဟုတ်လား... ပြန်လိုက်ဦးလေ...
မိုး: အေး .. ပြန်တော့မှာ ..
me: အေးအေး....ကောင်းတယ်...ဂိုး
13 February 2010
ကိုယ့်အကြိုက် (ပထမဆုံး တဂ်ပို့စ်)
မဇွန်ရဲ့  "ကိုယ့်အကြိုက် (ပထမဆုံး တဂ်ပို့စ်)"  ဆိုတာလေးဖတ်ပြီးသကာလ ကုတင်အောက်က Leggage ထဲတွင် ချောင်ထိုးထားသည်မှာ ကြာလှပြီဖြစ်သော လုံချည်ကလေးများအား ခဏတဖြုတ် ထုတ်ဝတ်ချင်စိတ်လေး ဖြစ်မိပါသည်။ မဇွန်အား Online တွင် အဆင်သင့်တွေ့ ရသဖြင့် လှမ်းမေးလိုက်သေးသည်၊ " တဂ်ပို့စ် ဆိုတာဘာကြီးလဲဟင် " ဟု။ မဇွန်က စိတ်ရှည်လက်ရှည်ရှင်းပြပြီးနောက် "တဂ်လိုက်မယ်နော်၊ ရေးပါ" ဟုပြောချိန်မှာ မမင်းစိတ်က ၉-တန်းတုန်းက ရေးခဲ့ဖူးသော စာစီစာကုံးနှစ်ပုဒ်ကို အပြေးအလွှား သတိယသွားမိလေတော့သည်။
၈-တန်းအောင်တဲ့အထိ စာစီစာကုံးဆိုတာ စာမေးပွဲကြီးရောက်မှ ကြုံသလိုရေးခဲ့သည်ချည်းပင်။ ၉-တန်းရောက်တော့မှ လူလူသူသူ အတန်းထဲတွင် စာစီစာကုံးအရေးကျင့်ရဖူးတော့သည်။ မှတ်မိနေသေးသည်။ ပထမဆုံးအပုဒ်က "ကျွန်ုပ်၏ တစ်နေ့တာ" ဟူတည်း။ မမင်းက သာမန်နေ့တစ်နေ့တွင် မမင်းလုပ်လေ့ရှိသည်များနှင့် ကြုံရလေ့ရှိသော အဖြစ်အပျက်များကို တစ်မျက်နှာသာသာတောင် လက်စွမ်းပြရေးဖွဲ့ ခဲ့ပေရာ ပေးမှတ်ဆယ်မှတ်တွင် သုံးမှတ်ကြီးများတောင်ရရှိခဲ့လေသည်။ အောင်မှတ်ပင်မရငြားသော်လည်း ကိုယ့်ဟာကိုယ်တော့ အင်မတန်သဘောခွေ့ မိလေသည်။ မနက်ခင်းကားနိဒါန်း၊ ညပိုင်းကားနိဂုံးချုပ်ဖြစ်၍ ကျန်တစ်နေ့တာလုံးကား စာကိုယ်ပိုဒ်များတည်း။ ပြောင်မြောက်လှသော မမင်း၏ စာစီစာကုံးနိဂုံးချုပ်ကား ဤသို့တည်း။ "ညနေစောင်းတွင် သူငယ်ချင်းများလူစုကာ စက်ဘီးတစ်စီ်းစီဖြင့် လည်၍ပတ်၍ ဆော့၍ပြော၍မှ အားမရသေးမီ၊ ဖြစ်ချင်သလိုဖြစ်လျက်ရှိသော လောကကြီးသည်ကား အမှောင်ထုကိုဆောင်ကြဉ်းခဲ့ချေပြီ။ အဖွားကိုအလွန်ချစ်သော ကျွန်မသည် မတတ်သာ၍အိမ်ပြန်ကာ အဖွားချိုးရန်ရေဖြည့်၊ ကိုယ်တိုင်ရေချိုး၊ ထမင်းစားပြီးသည့်နောက် မီးမလာလျင် စာနည်းနည်းပါးပါးကျက်ပြီး၊ မီးလာလျင်ကား တီဗွီဇာတ်လမ်းတွဲကြည့်ပြီးနောက် အိပ်ယာဝင်ခြင်းဖြင့် ကျွန်ုပ်၏တစ်နေ့တာကို နိဂုံးကမ္မတ်အဆုံးသတ်လိုက် လေတော့သတည်း။"
နောက်ထပ်တစ်ပုဒ်ကား "ကျွန်ုပ်၏ အိမ်နီးချင်းများ"။ လေးမျက်နှာကျော်သောထို စာစီစာကုံးတွင် ပါဝင်သမျှ မမင်း၏အိမ်နီးချင်းများ၏အမည်ကား ဟေမာ၊ မေဆွိ၊ မီမီဝင်းဖေ၊ ကော်နီ၊ ရင်ဂို၊ ဗဒင်၊ ဇော်ဝင်းထွဋ်၊ ကိုင်ဇာ၊ ခိုင်ထူး၊ ခင်မောင်တိုး၊ ထူးအိမ်သင်.... စောဘွဲ့ မှူးတောင်ချမ်းသာမပေး ထိုခေတ်ကရေပန်းစားသော အဆိုတော်အားလုံးကို ယူသုံးထားခြင်းသာတည်း။ ထိုစာစီစာကုံးနှစ်ပုဒ်အား သိမ်းထားခဲ့မိရင်ကောင်းမှာဟု တစ်ခါတစ်တွေးမိနေတတ်သည်။ ယခုမူ မဇွန်ကျေးဇူးကြောင့် အလားတူ စာစီစာကုံးတစ်ပုဒ်တော့ ရေးဖြစ်ပေဦးတော့မည်ဟု သဘောရလျက် "ချကွာ၊ ကျောင်းတုန်းက အတန်းထဲမှာ စာစီစာကုံးဖြေသလိုပဲ သဘောထားပြီးရေးမယ်။ တဂ်လိုက်ပေတော့ မဇွန်ရေ" ဟုတာဝန်ခံမိသည့် အားလျော်စွာ ကြိုးစား၍ ရေးသားလိုက်ပါသည်... ဆက်လက်ရှူစားအားပေးတော်မူကြပါကုန်။
တဂ်ပို့စ်၏ခေါင်းစဉ်ကား "ကိုယ့်အကြိုက်"၊ ရှေ့ကလူများက လုံချည်များအကြောင်းရေးခဲ့သည်တဲ့။ "ကိုယ့်အရှိ" ဆိုဟုတ်တုတ်တုတ် ဟုဖြတ်ခနဲတွေးထည့်လိုက်မိသည်။ မမင်းကား ဤသို့သောရိုးရာလုံချည်များအား ကိုယ်ဟန်ပြေပြစ်သူများ ကျော့ရှင်းစွာ ဝတ်ဆင်ထားလျင် အင်မတိ၊ အင်မတန် နှစ်သက်မက်မော သဘောကျတတ်သူဖြစ်လေသည်။ ကိုယ်တိုင်မူကား ပုအိုင့်အိုင့်မို့ လုံချည်နှင့်မလိုက်ဘက်ဟု အထင်ရောက်သည်က တစ်ကြောင်း၊ ခါးတွင်တင်းစွာစည်းနှောင်နေသော ခံစားချက်ကို မခံစားတတ်၍တစ်ကြောင်း လုံချည်များကို မြတ်မြတ်နိုးနိုးမက်မက်မောမော မရှိလှပေ။ စလုံးသို့ထွက်လာသောအခါ ရေလဲလုံချည်ပင် မပါလာခဲ့ပေ။ ထိုအခါမှပင် ဘဝမှာ လုံချည်တစ်ထည်မှမရှိဘဲလူလုပ်ရတာ သိပ်တော့အဆင်မပြေလှဟု တွေးမိတော့သည်။ ရေလဲလုံချည်လေး ပို့ပေးပါဟု အိမ်ကိုပြန်မှာရလေသောအဖြစ်။
ရေလဲလုံချည်များကလွဲ၍ ချမ်းသာသမျှဒါအကုန်ဖြစ်ပါသည်။ တစ်ထည်မှ ကိုယ့်ဟာကိုယ်ဝယ်ထားတာ မပါပေ။ စလုံးရောက်မှ ကီမိုနို ၅ ထည်နှင့် ပါတိတ် ဆယ်ထည်ထက်မနည်းဝယ်ပြီးဖြစ်သည်။ [ပါတိတ်စက်ရုံရှေ့တွင် ၄လခန့်နေခဲ့ဖူးသည်လေ။] ဝယ်ဝယ်သမျှ အမေများနှင့် အဒေါ်များအတွက်သာ၊ ကိုယ့်အတွက် တစ်ထည်မှမပါခဲ့ပေ။ မမင်းကို အဝတ်အစားဆင်ရသူများ ဒုက္ခတော့များရှာသည်။ မမင်းလိုလူ၏ အကြိုက်ကို အမေအရင်းပင် မသိတန်ရာ။ မွေးစားအမေကား ပိုဆိုးတော့သည်။ သူ့ ကိုယ်သူပင် သူဘာကြိုက်မှန်း မသိ၍ အပျိုကြီးလုပ်နေလေသည်။ =P မမင်းကိုယ်တိုင်လည်း ကိုယ်ဘာကြိုက်မှန်းကိုယ်မသိ (အပျိုကြီးဖြစ်တော့မှာ သေချာသလောက်ရှိသည်)။ ထို့ကြောင့်ကိုယ်နှင့်တန်လို့ ရလာသမျှ (အဝတ်အစားကို ဆိုလိုသည်) ဘယ်သူက ဆင်ဆင် ဂျီးမများဘဲ ကြိုက်ရတော့သည်သာ။
အလယ်မှ ခရမ်းရောင် အပွင့်ကား အချစ်ဆုံးသူငယ်ချင်း ဗျိုင်း ပေးထားတာဖြစ်သည်။ ပုဇွန်ဆီရောင် ကချင်ပိုးကား ဝမ်းဆက်ဖြစ်လေသည်။ မေမေ ထားဝယ်မှလူကြုံနှင့် တကူးတက ပို့ပေးလိုက်တာဖြစ်သည်။ ကျန်လုံချည်အားလုံးမှာ မွေးစားအမေဟု မမင်းပြောနေသော ဆရာမဒေါ်သူဇာဝင်း ၏ ညီမ ဒေါ်သဇင်ဝင်း၏ လက်ရာများသာဖြစ်သည်။ စလုံးမှ လုံချည်မပါဘဲပြန်လာမည့် သူ့တူမအကြောင်းကိုသိ၍ ကြိုတင်ချုပ်နှင့်ကာ ရန်ကုန်ကနေဆီး၍ ဆင်ရှာလေသည်။ ကျေးဇူးကြီးပေစွ။ အစွန်ဆုံး မီးခိုးပြာလေးကား စကတ်ထဘီ (ဖိစကတ်) အင်္ကျီနှင့် ဝမ်းဆက်ဖြစ်လေသည်။ တစ်ခါမှ မဝတ်ရသေးပါ။ အန်တီသဇင်က မမင်း အနက်ရောင်ကြိုက်တတ်သည်ဟု အမှတ်မှား၍ အနက်ကလေး နှစ်ထည်လည်း ဝယ်ထားရှာသည်။ မမင်းအကြိုက်ဆုံးကား ယောဂီထဘီပင်တည်း။ PAMC (Weekends Meditation Retreat) များဝင်တုန်းက ဝတ်ဖြစ်သည်လေ။ အိမ်နေရင်းလည်း တစ်ခါတစ်ခါ ဝတ်ပါသည်။ နိဗ္ဗိန္ဒညဏ်ကို အာရုံပြုသောအရောင် မဟုတ်ပါလားလေ။
ဘဝမှာ အကြိုက်ဆုံးလုံချည်တစ်ထည် ရှိခဲဖူးပါသည်။ YTU တက်စဉ်က မေမေချုပ်၍ ပို့ပေးသော မီးခိုးရောင်ထဘီလေးဖြစ်သည်။ ချိတ်ဖြင့်ချုပ်ထားသော စကတ်ထဘီဖြစ်၍ ဝတ်ထားလျင် လုံချည်ပင်ဖြစ်ပြီး နေရထိုင်ရအင်မတန်လွတ်လပ်လေသည်။ ပုံကျပြီး၊ အဆင်လှသော ထိုလုံချည်လေးအား ကြိုက်လွန်းလှ၍လည်း မကြာမကြာဝတ်ဖြစ်ခဲ့လေသည်။  ထိုလုံချည်လေးကား တနင်္သာရီရိုးမတစ်နေရာမှာ ဆိုင်ကယ်ဖြင့် လျှိုထဲကို ဇောက်ထိုးဆင်းစဉ်အခါက ဒူးအောက်မှ တစ်ပိုင်းလုံးပြတ်၍ ပါသွားခဲ့လေပြီ။ ကျောင်းပြီး၍ ဘွဲ့ ယူခါနီးတွင် ပိုးချိတ်ပန်းရောင်လေးတစ်ထည်ကို အီတလီပိုးပန်းရောင်ဖျော့ အင်္ကျီ လေးနှင့်တွဲ၍ မေမေဝယ်ချုပ်ပေးခဲ့ပေသည်။ သို့သော်ခုထိ တစ်ခါမှ မဝတ်ဖူးသေး။ ရွာကအိမ်မှ သေတ္တာထဲတွင် ဒီအတိုင်းပင်တွေ ခဲ့သေးသည်။ [ဘွဲ့ ယူမည့်ရက်သည် ဝင်နေကျတရားစခန်းနှင့် တိုက်ဆိုင်နေသောကြောင့် ဘွဲ့ ကိုအဝေးရောက်ပြောင်းတင်ကာ တရားစခန်းသွားဝင်ခဲ့သောကြောင့်။]
ဓာတ်ပုံထဲတွင် မမင်းကြိုက်တာလေးတစ်ခု ထည့်ထားပေသေးသည်။ ကတီပါဖိနပ်။ ခုထိ ရန်ကုန်ပြန်သည့်အခေါက်တိုင်း ဗျိုင်းအတွက် အမြဲဝယ်လာတတ်သည်က ကတီပါဖိနပ်သာ။ မမင်းကိုယ်တိုင် ရုံးနေရင်း၊ အိမ်နေရင်းလည်း ကတီပါဖိနပ်သာစီးပါသည်။ ဓာတ်ပုံတွင်ပါသော ဖိနပ်မှာ ရွာမှသယ်လာသော နောက်ဆုံးလက်ကျန်လေးသာဖြစ်တော့သည်။ ချမ်းသာသမျှထုတ်ကြွားလိုက်ရ၍ နေသာထိုင်သာရှိသွားပါပြီ။ [မဇွန်ရေ သုံးမှတ်လောက်တော့ ပေးပါဗျိုး။]
နိဂုံးချုပ်ပါတော့မည်။ သူဖြစ်ချင်သလိုဖြစ်လျက်ရှိသော လောကကြီးသည်ကား အမှောင်ထုကိုဆောင်ကြဉ်းခဲ့...အဲ့အဲ့ ရောကုန်ပြီ။ "လူမှာအဝတ်၊ တောင်းမှာအကွပ်" ဟူသောစကားကို ငြင်းပယ်လိုစိတ် မရှိဖူးသော မမင်းသည် အဝတ်အစားနှင့်ပတ်သတ်၍ အချိန်ကုန်ခံတတ်သူမျိုးလည်း မဟုတ်ခဲ့ပါလေ။ Shopping ဟူ၍ အရသာခံကာ တစ်ခါမှကို မထွက်စဖူး။ လိုအပ်ပြီဆိုမှ နှစ်ထည်သုံးထည်၊ နှစ်ရံသုံးရံ၊ နှစ်လုံးသုံးလုံး(လက်ကိုင်အိတ်ပြောပါတယ်)... တပြိုင်တည်းနှင့် တွေ့ ကရာရာကို၊ တွေ့  ကရာရာဈေးနှင့် စွတ်ရွတ်ဝယ်လေ့ရှိသူသာ ဖြစ်ပါသည်။ သို့သော် တစ်ခါတစ်ခါ အထူးတလည် လှချင်နေတတ်သော အချိန်များရှိနေတတ်ကြောင်းလည်း ဝန်ခံလိုပါ၏။ အထူးသဖြင့် ထိုအခါမျိုးများတွင် အောက်ပါစာပိုဒ်ကို အာရုံစိုက် နှလုံးသွင်းတတ်ပါလေသည်။
ချမ်းပူကိုဖျက်၊ ခြင် မှက် လေ နေ၊ ကင်းမြွေလွဲသုဉ်၊ ဟီရိဂုဏ်ကို၊ ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကိုစံပယ်၊ ဆင်ပြင်မယ်ဟု၊ စိတ်ဝယ်မညွတ်၊ ဤကိုယ်ဝတ်ကို၊ ဝတ်ရုံ ဖုံးလွှမ်းပါသတည်း။
မဟာစည်-နွေရာသီယဉ်ကျေးမှုသင်တန်း၊ ရှင်ကျင့်ဝတ်စာအုပ်မှ ရဟန်းတော်များ ပစ္စည်းလေးပါးဆင်ခြင်ရာသီလပိုင်းတွင် ပါဝင်သော သင်္ကန်းဆင်ခြင်ပုံအား ဆရာကြီးဦးသစ်ဆန်းလွင်မှ လူများနှင့်လျော်ညီအောင် ပြင်ဆင်ရေးသား သင်ကြားခဲ့သောကဗျာလေး ဖြစ်ပါသည်။ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက သူမြတ်ဂုဏ်စဉ် ၁၀ ပါးတွင် အဝတ်အစားတတ်ဖို့က ဆဌမ ဟုဖော်ပြသတ်မှတ်ခဲ့သည် မဟုတ်ပါလော။ ကိုယ့်အကြိုက်လေးများ၊ ကိုယ့်အရှိလေးများကို ပညာညဏ်ယှဉ် ဝတ်စားဆင်ယင်တတ်ကြသဖြင့် လူရော၊ စိတ်ပါ ယဉ်ကြ၊ လှကြ ပါစေကုန်သတည်း။ ။