Pages
22 March 2010
ညခါးခါး
နေ့က နွမ်းနယ်ညောင်းကိုက်နေမှတော့
ည ကိုဘယ်လိုများ သောက်မျိုလိုက်ရပါ့
လုပ်ချင်တာလေးတွေ ကပျာကယာလောင်းချိုး
မဖြစ်မနေတွေကို စားသုံးပြီးတဲ့အခါမှာတော့...
ဟာတာတာညတစ်ခုဟာ အိပ်ချင်စိတ်မဲ့နေတတ်ရဲ့။
မီးပိတ်လို့တောင်မှ မှောင်မသွားတတ်တဲ့
ပေါ့ပျက်ပျက်ညမျိုးပေါ့၊ ထုံထိုင်းနေချင်လည်းမရခဲ့ဘူး။
ညရဲ့ ညထဲ... နာနာကျင်ကျင်၊ အလူးလူး အလှိမ့်လှိမ့်နဲ့..
နားစွင့်ထားခဲ့လည်း ကြယ်ကြွေသံ ငါမကြားရဘူး...
လှမ်းမျှော်ငေးလည်း လမင်းက ထွက်မလာခဲ့ဘူး...
အင်တာနက် နဲ့ ဖုန်းကဒ်အသစ်တွေရှိနေလည်း
ငါ... ပြောချင်တာတွေ ပြောခွင့်မရဘူး။
ငါ... ကြားချင်တာတွေ မကြားရဘူးကွဲ့ ။
အသံတိတ်နေလည်း... ကြယ်တွေအချိန်တိုင်းကြွေနေတယ်။
သာသာ၊ မသာသာ... လ' ဆိုတာ ရှိနေတယ်။
မမြင်ရ၊ မကြားရလည်း ငါသိနေတာပဲ အချစ်ရယ်...
ကွယ်...ဒီည၊  ထက်သန်မြမြ၊ စူးရှရှ အလွမ်းတွေနဲ့
ခြေဆုံးခေါင်းဆုံးကို    ခါးသက်နေတော့တယ်။ ။
မမင်း
March 22, 2010(Mon) 11:26 PM
21 March 2010
နေတတ်လျင် ကျေနပ်စရာ
မေလမကုန်ခင်လောက်က ဖြစ်ခဲ့သည်။ Computer Programming သင်တန်း (ACE) မှအပြန်ဖြစ်ပါသည်။ မသွားအား၍ကြာနေပြီဖြစ်သော ဓာတ်ပုံများကိုရွေးရန် စိုင်းဘုန်းထူးဓာတ်ပုံတိုက်ကို သွားရန်စိတ်ကူးရမိသည်က ဒီစာကိုရေးဖြစ်စေသော အကြောင်း၏ အစပေတည်း။
ကျွန်မ၏စိတ်သည် ရုတ်တရက်နောက်ကျိရှုပ်ထွေး သွားပါသည်။ ပိုက်ဆံကတော့ အမှန်တကယ်မများလှပါပေ။ သို့သော် ကျောင်းက ဒီတစ်ပတ်နောက်ဆုံးထား၍ အပ်ရမည်ဖြစ်သည်။ ကျောင်းတစ်ခါအပ်မယ်လုပ်တိုင်း တစ်ခါအလုပ်ရှုပ်ရသော (စာသင်နှစ်တစ်နှစ်ကိုတစ်ခါ နှစ်တိုင်းလုပ်ရသော) ကျွန်မ၏ အကျင့်စာရိတ္ထကောင်မွန်ကြောင်းကို အကျင့်စာရိတ္ထဘယ်လိုနေမှန်း ကျွန်မ မသိသောလူကြီးဆိုသူများထံက သွားတောင်းရသော ထောက်ခံစာများလည်း ပါသွားသောကြောင့်  ပြန်တောင်းရပြန်ဦးတော့မည်။ ဓာတ်ပုံတွေရွေးရန် စကားတွေရှည်ရှည်ဝေးဝေး ပြောရတော့မည်။ လောလောဆယ်အိမ်ကငွေလွှဲလျင် ဘဏ်မှာသွားထုတ်ရန်မှတ်ပုံတင် မရှိတော့။ မှတ်ပုံတင်အသစ် လုပ်ချင်လျင် နယ်မှာပြန်လုပ်ရမည်။ သောင်းနှင့်ချီ၍ ကုန်ပြန်ဦးမည်။ မိဘများကို အားနာမိသည်။ Calculator ပါသွားသဖြင့် မုန့်ဖိုးစုကာ မဝယ်နိုင်မချင်း ၃ လလောက်တော့ ဒုက္ခများပေဦးမည်။ လတ်တလောကျောင်းအပ်ရန်နှင့် သုံးရန်ငွေက ချက်ချင်းလိုအပ်လာပြီ စသည်ဖြင့် စသည်ဖြင့် နောက်ဆက်တွဲပြဿနာများကား မဖိတ်ခေါ်ဘဲ စိတ်ထဲသို့ ပိုင်စိုးပိုင်နင်း အလုံးအရင်းနှင့် ဝင်ရောက်လာတော့သည်။
ထုံးစံအတိုင်း ဒုက္ခတွေ့ တော့ ဘုရားကိုသတိရလိုက်သည်။ အခက်အခဲ အကြပ်အတည်းတွေ လွတ်တယ်ဆိုတဲ့ ဟိုနမောတေ ဂါထာလေးရွတ်လိုက်ရင် ပိုက်ဆံအိတ်များ ပြန်ရလေမလား။ ရလိုမှုနှင့်ဇွတ်တွေးပြီးမှ ရှက်ယောင်ယောင်ဖြစ်မိသေးသည်။ ဘုရားကိုသတိရမိ၍ ကောင်းသောမှန်သော သတိတွေ ဆက်တိုက်ရလာတော့သည်။ ကျွန်မသည် ရုပ်နာမ်တရားတို့၏ သဘောကို အရှိအတိုင်း၊ အမှန်အတိုင်း သိချင်၍ ဝိပဿနာသတိပဌာန်အလုပ်ကို အားထုတ်ဖူးလေသည်။ အလုပ်မရွေး၊ နေရာမရွေး၊ အချိန်မရွေး၊ က္ကိုရိယာပုဒ်မရွေး သတိရလျင်ရသလို သတိထာခြင်းဖြစ်ပါသည်။ ဖြစ်ဖြစ်လောက်လောက် ဇွဲနပဲနှင့် ကြိုးစားခဲ့သည်မဟုတ်၍ ရုပ်အစစ်၊ နာမ်အစစ်တွေတော့ ဘယ်နေသည်သေချာမသိ။ သတိထားသော အလေ့အကျင့်ကြောင့် ယခုသတိလေးရလာသည်။ "ငါ့စိတ်ဟာ ဒေါသကိလေသာ၊ လောဘကိလေသာ အနုစားအကြမ်းစားတွေကြောင့် နောက်ကျိပူလောင်နေပါလား။ ဒါ အကုသိုလ်စိတ်တွေပါလား" ဟူ၍။ "သတိ" ဟုကျွန်မပြောနေသော အမှတ်ရမှုစိတ်ကလေး ဖြစ်ပေါ်သည်နှင့်တပြိုင်နက် ရှေ့က အကုသိုလ်စိတ်လည်း ပျက်လေသည်။ သို့သော် ကိလေသာအပူဓာတ်က အရှိန်ဟပ်နေဆဲဖြစ်သည်ကိုလည်း ကျွန်မကောင်းစွာ သတိပြုမိပြန်ပါသည်။
ဘုရားရှင်ကို သတိရမိတိုင်း မည်သည့်နေရာ၊ မည်သည့်အချိန်တွင်ဖြစ်စေ နမောတဿဘုရား ရှိခိုးကိုနှုတ်ဖြင့်ဖြစ်စေ၊ စိတ်ဖြင့်ဖြစ်စေ ရွတ်ဆိုရှိခိုးမိရန် လေ့ကျင့်နေသူဖြစ်သည့် အားလျော်စွာ ယခုလည်း အသေအချာအာရုံပြုကာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးအား ရိုသေမြတ်နိုးစွာရှိခိုးလိုက်မိပါသည်။ ဘဂဝါဂုဏ်တော်၊ အရဟံဂုဏ်တော်၊ သမ္မာသမ္ဗုဒ္ဓဂုဏ်တော်တို့ကို အကျင့်ရှိပြီးသားစိတ်က ကျကျနန နှလုံးသွင်း ဆင်ခြင်မိသည်။ အရဟံဂုဏ်တော်၏ အနက်တစ်မျိုးဖြစ်သော "ကိလေသာမှန်သမျှကို တစ်ခုမကျန် ပယ်လှန်ထွေးအံ တော်မူပြီးပါပေထသော" ဟူသည့်နေရာအရောက်တွင် ရင်ထဲကကိလေသာများ အရှိန်ကုန်သွားပါတော့သည်။ ဘာမဟုတ်သော အခက်အခဲလောက်နှင့် စိတ်ပျာယာခတ်သွားခြင်းအတွက် ရှက်မိတော့သည်။ ဘုရားရှင်အား လေးစားကြည်ညိုသောစိတ်၊ ကျေးဇူးတင်သောစိတ်များလည်း ယခင်ကရှိပြီးသားထက် ပို၍ပို၍တိုးတက်လာပါသည်။
တိုး၍သာ တိုးလာသည်ဟုပြောလိုက်ရသည်။ ၁၉၉၈ ခုနှစ်သင်္ကြန် (၇) ရက်တရားစခန်းမှ စတင်ကာ ဤကမ္ဘာလောကတွင် ကျွန်မအလေးစားဆုံးနှင့် ကျေးဇူးအတင်ဆုံးပုဂ္ဂိုလ်မှာ ဘုရားရှင်ကိုယ်တော်မြတ်ကြီး ဖြစ်လာခဲ့သည်။ သို့ရာတွင် ဤနေရာ၌ အရေးတကြီးဝင်ခံလိုတာ ရှိပေသည်။ သုမေဓာရှင်ရသေ့ဘဝ ဗျာဒိတ်တော်ရပြီးသည့်နောက် လေးသင်္ချေနှင့်ကမ္ဘာတစ်သိန်း ကာလပတ်လုံး သတ္တဝါအားလုံး၏ အကျိုးစီးပွားကိုသာ စဉ်းစားတော်မူခဲ့သော မဟာဂရုဏာတော်ကြီး၊ ပါရမီဆယ်ပါးအပြားသုံးဆယ်ကို ဆည်းပူးဖြည့်တင်းခဲ့သော ဘဝပေါင်းများစွာမှ အများသူငါကြံစည်ရန်ပင်မရဲသော  စွန့်လွှတ်အနစ်နာခံမှုများ၊ နန်းမသုံးဆောင်နှင့် အမြင့်မားဆုံးစည်းစိမ်တွေအကြားက သိဒ္ဓတ္ထ အဖြစ်မှသည် သစ္စာလေးပါးသိမြင်သော သဗ္ဗညုတညဏ်တော်ရှင် အဖြစ်သို့ အရောက်ပို့ဆောင်ခဲ့သော အကျင့်သီလနှင့် လုံ့လဇွဲသန်အားထုတ်ခဲ့မှုများနှင့် လောကမှလွန်မြောက်၍ အတုမရှိအမြတ်ဆုံး အသာဆုံးဖြစ်သော၊ ကိလေသာဟူသမျှ ဝါသနာနှင့် အငွေ့ အသက်ပါမကျန်ကင်းဝေး စင်ကြယ်တော်မူသော ဘုရားရှင်တော်မြတ်၏ ညဏ်တော်၊ ဂုဏ်တော်၊ ကျေးဇူးတော်တို့ကို ကျွန်မရိပ်မိသောပမာဏသည်ကား မဟာသမုဒ္ဒယာရေပြင်အား ခြင်နှုတ်သီးနှင့် ထောက်မိသည်ထက် ပိုအံ့မထင်ပါ။
ဗုဒ္ဓါနုဿတိကြောင့် တည်ခန့်သွားသောစိတ်သည် မေတ္တာအအေးဓာတ်အား ဖိတ်ခေါ်လိုက်သကဲ့သို့ရှိသည်။ ပထမဦးစွာ ပေါ့ဆမိသော မိမိကိုယ်ကို ကောင်းစွာခွင့်လွတ်လိုက်နိုင်သည်။ [;P ကိုယ့်ကို ကိုယ်ပေကိုးလေ။] ထို့နောက် ကိုရွှေခါးပိုက်နှိုက်အား မေတ္တာပွားမိတော့သည်။ သူတော့အဆင်ပြေ၊ ဝမ်းသာနေပါစေဟူ၍။ [ထိုမေတ္တာဓာတ်ကြောင့်ပေလော။ ကိုခါးပိုက်နှိုက်ကား ကျွန်မ၏ ပိုက်ဆံအိတ်အခွံနှင့် မှတ်ပုံတင်၊ ကျောင်းသားကဒ်နှင့် စာရွက်စာတမ်းများကို ကျွန်မ၏ဖုန်းစာအုပ်မှ သူငယ်ချင်း၏ဖုန်းနံပါတ်အား ဆက်သွယ်ကာ ကျွန်မထံအချိန်မှီ ပြန်ပို့ပေးခဲ့လေသည်။း) ] ထိုသို့ မေတ္တာစိတ်ထားပွားများပြီးချိန်၌ ကျွန်မသည် ရင်ဆိုင်ရတော့မည့် အခက်အခဲအားလုံးအတွက် ကြည်လင်သောစိတ်ထားနှင့် ပြည့်ဝသောခွန်အားတို့ကို ပိုင်ဆိုင်နေခဲ့လေပြီ။ ထိုအခက်အခဲများဖြေရှင်းရာတွင် ပုံစံအမျိုးမျိုးနှင့် ပတ်သတ်ကြမည့်သူများအပေါ် ကြိုတင်မေတ္တာပွားမိပြန်သည်။ ထို့နောက် ဆက်ကာဆက်ကာ သတ္တဝါအားလုံးအပေါ်။ ကျွန်မမျက်နှာပေါ်တွင် အပြုံးမြမြလေးရှိနေသည်ကို ကျေနပ်စွာသတိပြုမိတော့သည်။
စိတ်သည် လက်ဖျစ်တစ်တွက် အတွင်းကုဋေတစ်သိန်း ဖြစ်ပျက်သည်ဟု ကြားနာခဲ့ဖူးသည်။ တကယ်လည်း ကျွန်မပိုက်ဆံအိတ်ရှာမတွေ့ သည်မှစ၍ စိတ်နောက်ကျိရှုပ်ထွေးခြင်း၊ ပူပန်ခြင်းတည်းဟူသော ကိလေသာအပူဓာတ်၊ အကုသိုလ်ဓာတ်ဆိုးများကို ဗုဒ္ဓါနုဿတိ၊ မေတ္တာဘာဝနာတို့ဖြင့် တွန်းလှန်နိုင်ခဲ့သည်အထိမှာ ထိုဓာတ်ပုံဆိုင်ရှေ့မှာပင် ခဏတာမျှသာဖြစ်သည်။ စိတ်တွင်အချိန်မှီဖြစ်ပေါ်လာသော အမှတ်ရမှုသဘော=သတိ လေးအတွက် လေ့လာကျင့်ကြံ အားထုတ်ခဲ့ရသည်များကို ကျေနပ်မိပါသည်။
သက်သတ်လွတ်၊ မီးလွတ်စားသည်ကို တရားအားထုတ်သည် ခေါ်ပါသလား။ တခြားတခြားအလားတူ ကိစ္စများကို တရားအားထုတ်သည်ခေါ်ပါသလား။ မျက်စိမှိတ်၍ ကြာကြာထိုင်နိုင်အောင် ကြိုးစားခြင်းကို တရားအားထုတ်သည် ခေါ်ပါသလား။ ကျွန်မတို့ပတ်ဝန်းကျင် ဘာသာရေးလောကအား ကျွန်မညဏ်မမှီသေး ဟုပင်ထင်ပါသည်။ တရားဆိုတာ ရှုပ်ရှုပ်ထွေးထွေး ဆန်းဆန်းပြားပြားမဟုတ်ဘဲ မိမိစိတ်ကို အကုသိုလ်မှပယ်ရှောင်၊ ကုသိုလ်ဓာတ်ဖြစ်အောင်နှင့် ဖြူစင်အေးချမ်းအောင် အချိန်တိုင်းမှာရိုးရိုးကလေး အားထုတ်ကြိုးစားခြင်းကိုပင် တရားကျင့်ခြင်း(ဝါ) တရားအားထုတ်ခြင်းဟု ဆိုနိုင်ကြောင်းကို ထပ်မံသဘောပေါက်မိသည့်အတွက် အလွန်ကျေနပ်မိပါသည်။
ထိုအချိန်မှာ တန်ခိုးရှင်တစ်ဦး ဘွားခနဲပေါ်လာပြီး ပျောက်သွားသောပိုက်ဆံအိတ်ကို ယခုချက်ချင်းပြန်ရအောင် လုပ်ပေးပါမည်၊ သူ့ထံမှာ ယခုတစ်ကြိမ်သာဆုတောင်းပါဟု ကျွန်မကိုပြောလာသော် ကျွန်မလက်ခံမည်မဟုတ်ပါချေ။ အခက်အခဲဟူသည် လူသားကို personality တက်စေသည်။ အသိညဏ်နှင့် အတွေ့ အကြုံကို ရင့်ကျက်စေသည်။ ဗုဒ္ဓသာသနာကား လူ့အစွမ်းအစကို အပြည့်အဝအသုံးချ၍ လောကမှလွန်မြောက်စေသည်။ ကိုယ်တိုင်ဘုရားဖြစ်လိုလျင်လည်း ဖြစ်စေနိုင်သည်။ ထိုနေ့အဖို့တော့ မကြီးကျယ်လှသော်လည်း အနည်းငယ်မျှမြင့်တက်သွားသော စိတ်ဓာတ်ကို ဆုံးရှုံးသွားသောပိုက်ဆံအိတ်ထက် အဆပေါင်းများစွာပို၍ တန်ဖိုးထားမိသောကြောင့် ကျေနပ်ရသည်။ စိတ်ထားတတ်အောင်၊ အတွေးအခေါ်နှင့် နှလုံးသွင်းမှန်အောင် သွန်သင်ခဲ့သော ဘုရားရှင်တော်မြတ်၊ ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ မိဘဘိုးဘွား၊ဆရာသမားများ၊ မိတ်ဆွေကောင်းများနှင့် ကျေးဇူးရှင်အပေါင်းတို့၏ ကျေးဇူးတရားများကို ပို၍ပင်တန်ဖိုးထား မြတ်နိုးမိသောကြောင့် ပို၍ကျေနပ်ရပါသည်။ အထူးသဖြင့် ကျွန်မနှစ်ရှည်လများ ကြိုးစားလေ့ကျင့်နေခဲ့သော ခွင့်လွှတ်ပြုံးတစ်ခုကို ထိုနေ့မှာ တစ်ချိန်လုံးပီပီပြင်ပြင် ပြုံးနေနိုင်ခဲ့ခြင်းသည်ကား ကျွန်မအတွက် ကျေနပ်စရာအကောင်းဆုံးဖြစ်ပါတော့သည်။ ။
[ထိုနေ့က လုပ်သင့်လုပ်ထိုက်၊ လုပ်စရာရှိသည်များကို လိုက်လံကူညီပေးခဲ့သူ ဆရာမဒေါ်ပပဝင်းအား ဤနေရာ၌ ကျေးဇူးမှတ်တမ်းတင်လိုက်ပါသည်။]
မမင်း(4th E.C)
ရန်ကုန်နည်းပညာတက္ကသိုလ် ဗုဒ္ဒဘာသာအသင်းကြီးက လစဉ်ထုတ်ဝေခဲ့သော ဝိမုတ္တိဂျာနယ် အတွဲ၁၊ အမှတ် ၄။ (1st August 2002)
01 March 2010
အမှိုက်မီး
ဘဝဟာ မီးလောင်မှုတစ်ခုဆိုရင်
လူဟာပိုးဖလံရဲ့ ဆရာ
ချစ်တတ်နေတဲ့ရင်ဘတ်နဲ့
မလွတ်လပ်တဲ့ စိတ်အာရုံကို
အပြစ်တပ် လွှတ်ပစ်လိုက်ချင်လည်း
အမြစ်ထွက် အစွဲတွေနဲ့
ဖျောက်ရခက်ဆဲ ဗီဇတွေက
မီးလောင်ရာ လေပင့်ကြတယ်...
'အဝိဇ္ဇာ' အမှောင်ထုမှာ
တဏှာနဲ့နှောင် စုခဲ့လေသမျှ
သံသရာချီ ဒီအမှိုက်တွေ
ပြဿဒ်ကို မီးလောင်နေတာ။ ။
တရားစခန်းသွားနေတုန်း Scheduled Plan နဲ့တင်တဲ့ပို့စ်ဆိုတော့ ဒါမျိုးပဲ ဖြစ်ရမယ်လေ။ ;P
ရှားရှားပါးပါး တရားသံဝေဂ ဖြစ်ချိန်တွေမှာ ရေးထားမိတဲ့ ကဗျာလေးတွေပြန်ရှာဖတ်ပြီး ဒါလေးက အတိုဆုံးဖြစ်နေတာနဲ့ ဟဲဟဲ.. အလွယ်တကုပဲ ရိုက်ပြီးတင်ခဲ့လိုက်တယ်။
၂၀၀၂ ကတည်းက ရေးခဲ့တဲ့ ကဗျာလေးပါ။ အသက်ကတော့ တော်တော်ကြီးနေပြီပဲ။ :)
ဒီကဗျာလေးရေးတုန်းက စွန့်စားခန်းတစ်ရပ်လိုပါပဲ။ အချစ်ကိုဦးစားပေးတာတို့၊ အချစ်ကိုကိုးကွယ်တယ်တို့ ဆိုတဲ့အရွယ်မှာ... ရင်ထဲကဟာတွေကို အမှိုက်တွေ၊ မီးတွေလို့ နာမည်တပ်လိုက်ရတာ တော်တော်ကို အရသာရှိခဲ့တာကလား။