Pages

01 May 2011

အစွမ်းကုန်ပွင့်၊ အစွမ်းကုန်လှ၊ အစွမ်းကုန်မွှေးပျံ့နိုင်ပါစေ....

 "မာတာ"ဆိုတဲ့ပါဠိစကားက မြတ်နိုးစရာကောင်းသူ ဆိုတဲ့အဓိပ္ပာယ်ရကြောင်း ကျမကြားဖူးခဲ့ပါတယ်။ ဘယ်နေရာကမှန်းမမှတ်မိတော့ပါ။ ကျမရဲ့ ဆယ်တန်းတုန်းက အတန်းပိုင်ဆရာမကို မြတ်နိုးချစ်ခင်စွာပဲ "အမေ"လို့ခေါ်ဖြစ်ပါတယ်။ ကျမအမေအရင်းကိုတော့ "မေမေ"လို့ပဲ စကားပြောတတ်စကတည်းက နှုတ်ကျိုးနေခဲ့တာမို့ပါ။ အဲ့ဒီ ကျမရဲ့အမေဆရာမကို မေလ (၁) ရက်နေ့ ကမ္ဘာ့အလုပ်မားနေ့မှာ မွေးပါတယ်။ ဒါကြောင့်များ ဒီလောက်အလုပ်လုပ်ချင်စိတ်ရှိပြီး အရမ်းကိုအလုပ်လုပ်နိုင်သူ တစ်ယောက်ဖြစ်နေတာများလားလို့ အမေ့ကိုကြည့်ပြီး စိတ်မောတတ်တဲ့ကျမက မကြာမကြာတွေးမိတတ်ပါတယ်။

ဒီနေ့ကတော့ အမေ့ရဲ့ ၅၂နှစ်ပြည့် မွေးနေ့ဖြစ်ပါတယ်။ ကျမကစောစောထပြီး ဖုန်းဆက်ပါတယ်။ "ကုသိုလ်မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံတဲ့ မွေးနေ့ဖြစ်ပါစေအမေ" ပေါ့။ ကျမရဲ့ flat-mate အစ်မညီမတွေကလည်း ကျမလက်ထဲမှဖုန်းကိုလာလုပြီး မွေးနေ့ဆုတောင်းသီချင်းဆိုသူကဆို ပြောသူကပြောနဲ့ ဝရုန်းသုန်းကား ပျော်ပျော်ပါးပါးရယ်။ လက်ဆောင်တွေပိုက်ပြီး အပြေးသွားခဲ့ဖူး၊ အတူရှိခဲ့ဖူးတဲ့ ဟိုးအရင်အမေ့မွေးနေ့တွေကိုတော့ ကျမလွမ်းတမိရတာပေါ့လေ။

အမေက ဥပုသ်စောင့်မလို့နဲ့ ဒီတစ်ရက်အိမ်ကထွက်လို့ ငယ်ငယ်က စာသွားကျက်လေ့ရှိတဲ့ တိတ်ဆိတ်အေးချမ်းတဲ့သူ့အဒေါ်အိမ်မှာ တရားသွားမှတ်နေမယ်လို့ပြောပါတယ်။ ကျမကလည်း မနေ့ညကစာပေဟောပြောပွဲက ည၁၁နာရီကျော်မှပြီးတာကြောင့် အိပ်ရေးသိပ်မဝတာနဲ့ သမီးပဌာန်းရွတ်မယ်နော်။ တရားမှတ်ဖို့ကတော့ သိပ်ပြီးအာမ, မခံချင်ဘူးရယ်... အိပ်ပျော်ပျော်သွားမှာကြောက်လို့... ဟုပြောမိပါတယ်။ တကယ်တော့ ကျမလည်းဥပုသ်ယူဖြစ်ပါတယ်။ တရားမှတ်နေဖြစ်အောင်လည်း ကြိုးစားပါတယ်။ အိမ်သားများ East Coast မှာစက်ဘီးသွားစီးကြတာကို လိုက်မသွားဘဲ အိမ်မှာတစ်ယောက်တည်းနေခဲ့ပြီး ဝတ်လည်းရွတ်ပါတယ်။

“လှည်းဘီးပြင်က၊ နားစောင့်ချသို့၊ မိဘနှင့်သား၊ မယားနှင့်လင်၊ အရှင်နှင့်ကျွန်၊ ထေရ်မွန်ဒကာ၊ မိတ်သဟာနှင့်၊ ဆရာတပည့်၊ တည့်တည့်မချွတ်၊ ကျင့်ဝတ်စုံလင်၊ ဖြူ သန့်စင်မှု၊ ရှင်လည်းမကွေ၊ သေလည်းမကွာ၊ နတ်ရွာလူ့ပြည်၊ လှည့်လည်အတူ၊ စံစားမူ၍၊ နိဗ္ဗူ ရွှေပြည်၊ ၀င်အံ့သည်တည့်။” ဆိုတဲ့ သိင်္ဂါလောဝါဒသုတ်တော်လာ စကားအတိုင်းပါပေ။ အမေနိဗ္ဗာန်ဝင်ချိန် ကျမသံသရာထဲမှာကျန်ခဲ့မှာ ကြောက်လှပါ၏။ ဤမှန်သောသစ္စာ စကားကြောင့် ချစ်သောအမေ... ကျန်းမာချမ်းသာ၊ ပျော်ရွှင်ငြိမ်းချမ်းစွာ အသက်ရှည်ကြာနေနိုင်ပါစေသတည်း။

အမေ့မွေးနေ့အမှတ်တရအဖြစ် တစ်ခုခုရေးချင်လာတော့ 2002' May Day (အမေ့ရဲ့ ၄၃နှစ်ပြည့် မွေးနေ့တုန်းက ကျမကဗျာလေးတစ်ပုဒ် ရေးထားဖူးတာအမှတ်ယလာမိတာနဲ့ အဲ့ဒီကဗျာအဟောင်းလေးပဲ အလွယ်တကူပြန်တင်လိုက်ပါတယ်။

"My Dear Gumkino"

ပူပြင်းစွာသောနွေကို စိန်ခေါ်ပြီး
တောက်ပထည်ဝါစွာ ဖူးပွင့်လာတဲ့
ရွှေဝါရောင်ပိတောက်ပမာ
နွေတစ်နွေရဲ့ နေ့တစ်နေ့မှာ
မင်္ဂလာရှိစွာ မွေးဖွားခဲ့သူ.....

နုသစ်တဲ့အစိမ်းရောင် နောက်ခံမှာ
ဆန်းကြယ်လှပတဲ့ ရွှေပွင့်ချပ်တွေနဲ့
သဘာဝရဲ့ သိမ်မွေ့နက်နဲတဲ့လက်ရာ
ကျက်သရေလင်းဖြာတဲ့ ပိတောက်ပမာ
နှစ်လိုဖွယ်ရုပ်အဆင်းဖြင့် တင့်တယ်လှပသူ....

ဘုရားဆောင်မှာ၊ ဧည့်ခန်းမှာ
ဦးခေါင်းထက်မှာ၊ ရင်ခွင်ထဲမှာ
ဝင့်ကြွားယုယနေရာရသော ပိတောက်ပမာ
မြတ်နိုးတန်ဖိုးထားဖွယ်ရာ
အရည်ချင်းကောင်းများစွာကို ပိုင်ဆိုင်သူ....

လေညင်းသယ်ယူတဲ့ သင်းရနံ့
လန်းဆန်းနှစ်သက်ဖွယ်ဖြန့်ကြက်လို့
ငြိမ်အေးကျေနပ်စေတတ်တဲ့ ပိတောက်ပမာ
ပတ်ဝန်းကျင်လောကအပေါ်
မေတ္တာပြည့်ဝနှလုံးလှ၍ တာဝန်ကျေတတ်သူ....

Oh, My Dear Gumkino!
လှိုက်လှဲစွာရင်နဲ့အမျှ ဆန္ဒပြုပါ၏
လှမ်းလက်ကြမ်းတို့ကမ်းမမှီရာ ပင်ထက်ဖျားမှာ
ဝီရိယ၊ အသိညဏ်၊ သတိ အားတို့ဖြင့်
(လောကကို) အလှဆင်သွားနိုင်တဲ့သူ ဖြစ်ပါစေ.....
(လောကအပေါ်) ချစ်ခြင်း၊ မုန်းခြင်းတို့ကင်းကွာလျက်
ဖြစ်တည်ပျက် သံသရာတစ်ပတ်မှာ
အစွမ်းကုန်ပွင်၊့ အစွမ်းကုန်လှ၊
အစွမ်းကုန်မွှေးပျံ့နိုင်တဲ့အပြင်
အေးချမ်းတည်ငြိမ်စွာနှုတ်ဆက်
အဆုံးသတ်ချုပ်ငြိမ်းနိုင်သူပဲ... ဖြစ်ပါစေ။ ။