Pages

24 March 2011

YOUR GIFT COULD SAVE A LIFE

" ရခဲလှစွာသော လူ့အသက်တစ်ချောင်း၊ တန်ဖိုးကြီးလှစွာသော လူ့ဘဝတစ်ခု.... ထိုသူနှင့်ပတ်သတ် ဆက်စပ်သမျှသော အနာဂတ်များစွာ၊ ဘဝများစွာ၊ မျှော်လင့်ချက်များစွာ... ကို သင်ပေးမည့် လက်ဆောင်တစ်ခုက ကယ်တင်ဆောင်ကြည်းပေးနိုင်သည် ဖြစ်ပါအံ့..... "

ရုတ်တရက် သည်းသည်းမည်းမည်း အော်မြည်ရွာချလိုက်သော မိုး ကို သူနည်းနည်းတော့ ညိုညင်မိလေသလားမသိ။ သို့သော် Singapore မိုး ဘယ်လောက်ကြီး သည်းသည်း၊ ဘယ်တော့မှ ကြာကြာမရွာတတ်ပါလေ ဟု သူ့ဘာသာမှတ်ချက်ပြု၍ ရေချိုးခန်းသို့ဝင်ခဲ့သည်။ Flat-mate ညီမလေးတစ်ယောက်က သွေးသွားလှူမည်ပြောသောကြောင့် အဖော်လိုက်ပေးရင်း၊ သွေးပါလှူချင်စိတ် ပေါ်လာခြင်းဖြစ်သည်။ သူငယ်ချင်းတွေက သူ့ကိုမေးသည်၊ ဘယ်နေရာမှာ သွားလှူရမှာလဲ၊ ဘယ်တော့လဲဟု။ ဒါကိုသူမသိပါ... ဟိုကလေးမသွားတဲ့နေရာ၊ သွားချင်တဲ့အချိန်ပေါ့လကွာ ဟု သူပြန်ဖြေသည်။ သူကဤသို့သော လူစားသာတည်း။ ခု ဟိုကလေးမ Orchard ကနေ shopping ထွက်ရင်းက အခေါ်တော်ရှိလေသောကြောင့် သူရေချိုးခန်းသို့ ဝင်ရခြင်းဖြစ်၏။

မနက် ၁၁နာရီခွဲ အိပ်ယာကအထမှာ တန်းစီနေသော sms များ၏ကျေးဇူးကြောင့်သာ ဒီနေ့တပေါင်းလပြည့်နေ့မှန်း သိရသည်။ ညနေမင်္ဂလာဆောင်တစ်ခု သွားမည်ဟု ဆုံးဖြတ်ထားပြီးဖြစ်နှင့်၍ ဥပုသ်တော့မရနိုင်။ ရှိစေတော့ သူ့အတွက် ကုသိုလ်ဆိုတာ ခက်ခဲလှသည်တော့မဟုတ်။ စိတ်ကောင်းကလေးကြည်ကြည်လင်လင်ထားပြီး သကာလ... ရေချိုးခန်းအိမ်သာတိုက်၊ ရေချိုးရင်းဂုဏ်တော်ပွား၊ လမ်းသွားရင်းမေတ္တာပို့၊ ရထားစီးရင်း ပဌာန်းရွတ်၊ စိတ်ကူးပေါက်လျင် ထင်ရှားပေါ်ရာခန္ဓာငါးပါး သတိထား... စသဖြင့် လုပ်စရာအပြည့်။ [ဘေးတွင်ကပ်၍သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း တကြူကြူလုပ်တတ်သူ, i-pad, i-phone... စသော အချိန်သူခိုးများ သူ့မှာမရှိပါ။ သို့ရာတွင်ပြောခဲ့ပြီးသော ကုသိုလ်အလုပ်များကို သူနေ့စဉ်အချိန်ပြည့် လုပ်နေသည်ဟုတော့ မမှတ်ကြစေလိုပါ။ :P ဤကားစကားချပ်။]

ထုံးစံအတိုင်း Singapore မှာရွာတဲ့မိုးက ခုနအသည်းအသန်ဖြစ်တာ သူမဟုတ်သလိုလိုနဲ့၊ ပြင်လို့ဆင်လို့မှမပြီးခင် တိတ်သွားသည်။ အိမ်မှအတန်လှမ်းသော Yio Chu Kang MRT Station သို့လမ်းလျှောက်ရင်း သူအိမ်ကထွက်ပြီဖြစ်ကြောင်း ဟိုကလေးမကို ဖုန်းဆက်လိုက်သည်။ သူ့ကိုစောင့်နေရမှာစိုးရိမ်သဖြင့် taxiနှင့်လာခဲ့မည် ဘယ်နေရာကိုလာရမလဲပြောဆိုတော့ သူငယ်မက Outram Park MRT Station သို့ရထားစီးလာရန်ပြောသည်။ အဲ့ဒီတော့မှ သူသွားရမည့်နေရာကို သူသိတော့သည်။ "ဟဲ့ Exit တွေအများကြီးမဟုတ်လား ဘယ်အပေါက်ကထွက်ရမယ်ဆိုတာ ငါမသိဘူးလေ။ အဲ့နားရောက်ခါမှ ဖုန်းပြန်ဆက်မယ်နော်" ဟုလည်း အကြွေးထားလိုက်သေးသည်။ ဒါကလည်း သူ့အကျင့်။

သူ Outram Park ရောက်တာနှင့် ဟိုသူငယ်မကို ဖုန်းခေါ်သည်။ "အစ်မ ကျနော် Orchard မှာပဲရှိသေးတယ်။ SHG ကိုလမ်းညွှန်ရှိတယ်။ အဲ့ဒီအတိုင်းသွားပြီး ဟိုမှာ Form ဖြည့်လိုက်"ဟူသော အသံလေးကို ကြားရသည်။ "ရော်... ဒီနား...ရှိတာ SGH ပါဟယ် (သူမနှစ်က လေးရက်တာနားခိုဖူးသော ဆေးရုံဖြစ်သောကြောင့်သာ သူသိနေခြင်းဖြစ်၏)၊ ဒီဆေးရုံကိုတော့ ငါသိတယ်၊ ဒါပေမယ့် ဒီလောက်အကြီးကြီး" (အထဲမှာတင် တစ်ဌာနကနေ တစ်ဌာနကို Shuttle Bus နှင့်သွားရသည်၊ သွေးဘယ်နားမှာသွားလှူရမယ်ဆိုတာ ငါဘယ်လုပ်သိမလဲဟု ဆိုလိုသည်)။ ထိုအခါ သူငယ်မက "ဒါဆိုလည်းစောင့်နေ" ဟုအမိန့်တော်မှတ်လေသည်။ ကျေးဇူးကြီးပါဘိ။ :P

သူက Passanger Service (သူတို့အခေါ် ကတ်ဖြတ်သည့်နေရာတွင်) ယောင်ချာချာနှင့်ရပ်သည်။ နေရာကကျဉ်းပြီး မွမ်းကြပ်ကြပ်၊ စိတ်နှင့်လူနှင့်သိပ်အဆင်မပြေချင်ဘဲ ဖြစ်လာသောအခါ SGH သို့ဆိုသောလမ်းညွှန်အတိုင်း သူထွက်သည်။ လမ်းမပေါ်သို့ရောက်သည်နှင့် Blood Bank ဟု နဖူးတွင်စာရေးထားသော အဆောက်အဦးကြီးကို လမ်းမ၏အခြားတစ်ဖက်တွင် မားမားကြီးရပ်နေတာ ပက်ပင်းတွေ့လေတော့သည်။ မလှမ်းမကမ်းတွင်မူ စက်လှေကားတပ် လမ်းကူးတံတားကိုတွေ့ရပြန်သည်။ သြ...ဂလောက်လွယ်သလား ဟုသူတွေးလိုက်သည်။
 
Blood Bank အတွင်းသို့ မအူမလည်ရုပ်နှင့် သူဝင်သွားသည်။ ကာတွန်းထဲကတောသားမောင်န မြို့ရောက်သလို ဟိုမော့ဒီငေး တောင်ကြည့်မြောက်ကြည့်။ အပြင်ဘက် Snack&Drink ဆိုင်လေးထဲတွင် စားသောက်နေသော ကျောင်းတုန်းက တစ်တန်းတည်းသားချင်းတစ်ဦးကိုမြင်လိုက်၍ သွားနှုတ်ဆက်ပြီး မေးလိုက်ရင်ကောင်းမလား သူစဉ်းစားသည်။ သို့သော်စဉ်းစားလို့မပြီးခင် လူမထိုင်သောကောင်တာတစ်ခုကို သူတွေ့သည်။ "Walk In Donor" ဆိုသောစာရွက်တစ်ရွက် ကပ်ထားသည်။ လိုရင်းကတော့ ဤကောင်တာပေါ်ရှိ ကော်ခြင်းအဖြူတွင်းမှ form ကိုယူပါ၊ ဟိုဘက်က Form Filling Area မှာ သွားဖြည့်ပါ၊ ပြီးလျင် ဟိုးရှေ့ကလူတွေထိုင်နေသော ကောင်တာပေါ်ရှိ ကော်ခြင်းအပြာထဲမှာသွားထည့်ပါ ဟူ၏။ ကောင်တာတိုင်း၏အပေါ်တွင် အနီရောင်အသဲပုံလေးပါသော ဘောပင်ဖြူဖြူကလေးတွေ ခြင်းကလေးတွေနှင့်အပြည့်တွေ့ရ၏။ သူက from နှစ်စုံယူပြီး ဟိုဟိုဒီဒီငေးနေစဉ် ဝန်ထမ်းတစ်ယောက်ရောက်လာပြီး သူ့ကိုဖော်ရွေစွာပြုံးပြကာ Form Filling Area ကဟိုဘက်မှာဟု လက်ညိုးညွှန်ပြသည်။ Water Dispenser တစ်ခုကိုလည်း အနီးအနားတွင်တွေ့ ရသည်။ အဆင်ပြေလှပါဘိခြင်း။

သူ့အတွက် အသစ်စက်စက်ဖြစ်နေသောကြောင့် Formမှာပါသော အချက်အလက်တိုင်းနှင့် မေးခွန်းတိုင်းကို သူအချိန်ပေး၍ သေချာဖတ်ပြီး ဂရုစိုက်ဖြည့်သည်။ မေးခွန်းအားလုံးက သူသည်သွေးလှူသင့်သူတစ်ယောက် ဟုတ်မဟုတ်ကိုဆုံးဖြတ်ပေးမည်။ အတိုချုပ်သော် နှစ်ပိုင်းဖြစ်၏။ တစ်ပိုင်းကား ကိုယ်ပေးလှူမည့်သွေးသည် လက်ခံမည့်သူအတွက် အန္တရယ်ကင်းမကင်းကို စစ်ဆေးခြင်းဖြစ်သည်။ ကျန်အပိုင်းကတော့ ကိုယ့်ကျန်းမာရေးအနေအထားသည် သွေးထုတ်လှူရန်လုံလောက်စွာ ကောင်းမွန်နေကြောင်း သေချာစေရန်ရည်ရွယ်သည်။ နှစ်ပိုင်းလုံးအရေးကြီးလှသောကြောင့် မေးခွန်းတိုင်းကို အသေးစိပ်မှန်ကန်တိကျစွာ ဖြေဆိုသင့်သည်ဟု သူထင်ပါသည်။

နည်းနည်းလေးထပ်ချဲ့ပြောရသော် ပထမပိုင်းသည် HIV, အသဲရောင်ရောဂါ, ကာလသားရောဂါ နှင့် ငှက်ဖျား ဤလေးမျိုးကင်းရှင်းကြောင်း ခိုင်လုံရန်လှည့်ပတ်မေးထားခြင်းဖြစ်သည်။ မေးခွန်းများမှာ တော်တော်ကြီး စုံစိ၍ အသေးစိပ်လှသည်။ သို့သော် သူတို့မတတ်သာသော ကိစ္စတစ်ရပ်အားလည်း ဤသို့တွေ့ရသည်။ မိမိသွေးတွင် HIV ရှိနေသော်လည်း activeမဖြစ်သေးသောကြောင့် စစ်ဆေးချိန်တွင် positive မပြသောကာလတစ်ခု ရှိကြောင်းကို သင်သိပါသလားဟူ၏။ ဆိုလိုသည်က သွေးလှူဒါန်းသွားပြီး နောက်ပိုင်းတွင် သင်သည် HIV positive ဟူသော result မျိုးရှိခဲ့လျင်သော်လည်းကောင်း၊ ရှိနေပြီဟု သံသယရှိလျင်သော်လည်းကောင်း သင့်သွေးအားမသုံးသင့်ကြောင်းကို အမြန်ဆုံးနည်းနှင့် သွေးဘဏ်သို့ အကြောင်းကြားစေလိုခြင်းဖြစ်သည်။

ဒုတိယအပိုင်းကတော့ သင်ဒီနေ့နေထိုင်ကောင်းပါသလားဟူသော မေးခွန်းမှစတင်သည်။ သင်သည်ပုံမှန်ဆေးကုသမှု ခံယူနေသူ (သို့မဟုတ်) ခံယူရန်လိုအပ်နေသူဖြစ်ပါသလား၊ ဆေးဝါးတစ်မျိုးမျိုးကို အမြဲစွဲသောက်ရန်လိုအပ်သူဖြစ်ပါသလား စသဖြင့်။ သူ Form ကိုစိတ်ဝင်စားနေချိန်မှာ ဟိုကလေးမသည် သူ့ညီမဝမ်းကွဲနှင့်အတူ ပေါက်ချလာသည်။ သူကထိုညီအစ်မအားနှုတ်ဆက်ရင်း ဒီနေ့၁၈ရက်နေ့လား၊ ၁၉ရက်နေ့လားဟုမေးကာ form ဖြည့်ခြင်းကို အပြီးသတ်၏။ ကော်ခြင်းအပြာလေးအတွင်း form ကိုသွားထည့်ပြီးနောက် ရေသောက်ရင်း အေးအေးဆေးဆေး ထိုင်စောင့်မည်ဟု နောက်ပြန်အလှည့်မှာပင် ကောင်တာက အမျိုးသမီးက သူ့နာမည်ကို မပီမသခေါ်ချင်သလို ခေါ်ပါလေတော့သည်။ အလွန်ပြုံးချိုသောမျက်နှာထားဖြင့် ထိုအမျိုးသမီးက သူ့ထံမှ ID တောင်းပြီး PC တွင်တဂျောက်ဂျောက်လုပ်လေသည်။ ပြီးသွားပြန်ထိုင်စောင့်ရန် ပြောပြန်သည်။ ခဏကလေးအကြာမှာ Interview Room 1 မှဆရာဝန်ဖြူဖြူကလေး တစ်ကောင်ထွက်လာကာ သူ့နာမည်ကိုမြန်မာသံနှင့်ပီပီသသခေါ်ပါသည်။ (တောင်ကြီးသားဟု သိရသည်... :P စကားချပ်)။ သူ့ရုပ်ကိုကြည့်ကာ body weight ကိုပင်မချိန်။ မေးရုံမေး၍ 52kg ဟုသူ့ပါးစပ်က တွေ့ကရာလျှောက်ပြော သည့်အတိုင်းပင် form ကိုဖြည့်ရှာသည်။

မြန်မာပြည်ပြန်တော့ကော ရန်ကုန်တင်လားဟု ဆရာဝန်ကမေးသည်။ (မေးခွန်းတိုင်းကို တိတိကျကျမှန်မှန်ကန်ကန်ဖြေဆိုသော်လည်း သူဒီနေရာတွင်ထိန်ချန်မှု့တစ်ခုလုပ်ခဲ့ပါသည်။) သူ့မိဘနေထိုင်ရာ တနင်္သာရီဒေသကား ငှက်ဖျားအထူးဇုံဖြစ်သည်။ unicefအဖွဲ့ကြီးက ခြင်နိုင်ဆေးစိမ်ထားသော ခြင်ထောင်များ မကြာခဏလှူဒါန်းရာ နေရာလည်းဖြစ်သည်။ အဲ့ဒီတုန်းကရွာမှာ သူတို့အိမ်တစ်အိမ်တည်း ခြင်ထောင်ဖြင့်အိပ်တတ်သည်။ ဒါကိုရွာခံတွေက ခြင်မှမကိုက်တာ ခြင်ထောင်ကြီးက မွမ်းပါ၊ အိုက်ပါဘိ၊ ထိမိရင်ယားကျိကျိနှင့်ဟူ၏။ မှန်ပါသည်... ခြင်ကလူသိချိန်မှာမကိုက်၊ လူအိပ်ချိန်မှကိုက်သည်။ များများစားစားလည်းမရှိ၊ တစ်ကောင်တလေသာရှိသည်။ တစ်ကောင်မှတ်မှတ် အစွမ်းထက်လှသည်။ လူတိုင်းလိုလိုငှက်ဖျားမကင်း၊ ပိုးနှင့်ယဉ်ပါးနေသည်မှာ တော်ရုံနှင့်မဖျားကြ။ ဖျားပြီဆိုလျင်လည်း ကလေးလေးတွေကအစ တော်ရုံငှက်ဖျားဆေးလောက်နှင့်မပျောက်တတ်။ သူတို့ငှက်ဖျားတက်ပြီး ဆေးခန်းရောက်လာချိန်တိုင်း ဖေဖေကဆူဆူပြောပြောဖြင့် ခြင်ထောင်ဖြင့်အိပ်ရန်စည်းရုံးတတ်သည်။ ပထမဆုံးအကြိမ် unicef ခြင်ထောင်များ တစ်အိမ်တစ်လုံးထုတ်ပေးချိန်က အတော်အောင်မြင်သည်ဟု ဆိုနိုင်သည်။ ထိုခြင်ထောင်ဖြင့် ချောင်းထဲတွင်ငါးသဲ့နေကြသည်ဟု သတင်းကြားသောကြောင့်တည်း။ ယခုရန်ကုန်တင်လား ဟူသောမေးခွန်းကား ဒါကိုအတိအကျရည်ရွယ်ခြင်းမှန်း သူသိလေသည်။ အိမ်ပြန်တိုင်း ကာကွယ်ဆေးအမြဲသောက်သော သူ့တွင်ငှက်ဖျားပိုး လုံးဝမရှိတာ သေချာသောကြောင့် စကားမရှည်တော့ဘဲ ရန်ကုန်တင်လားဟူသော မေးခွန်းကို သူခေါင်းညိတ်ပြမိသည်။


ဂလိုနှင့် Interview ကားချောချောမောမော အောင်မြင်လေသည်။ ဆရာဝန်က ဒါလေးကပ်ထားဟု sticker လေးတစ်ခုထုတ်ပေးသည်။ သူက ဘာမှန်းမသိဘဲ၊ ကြည့်လည်းမကြည့်ဘဲ စွတ်ကပ်သည်။ ဒါလည်းသူ့အကျင့်တစ်ခုပင်။ [သွေးလှူပြီးပြန်ထွက်မှ ခွာကြည့်တော့ "Be nice to me. This is my first donation." ဟူ၏။] အမှန်တော့ ထိုဌာနကဝန်ထမ်းများအားလုံးသည် အလှူရှင်တိုင်းကို ဖော်ရွေစွာဂရုတစိုက် ဝန်ဆောင်မှုပေးနေကြသည်သာ။ Interview ခန်းမှ လက်ညိုးညွှန်ရာ မလှမ်းမကမ်း နောက်ကောင်တာတစ်ခုသို့သွား၍ လက်ခလယ်ထိပ်ကိုဖောက်ရသည်။ ဟေမိုဂလိုဘင်ပမာဏစစ်သလား၊ သွေးအမျိုးအစားစစ်သလား သူမသေချာ။ စပ်ဖျင်းဖျင်းနေတာတော့ သေချာသည်။ ခဏထိုင်စောင့်ပြီးသောအခါ သွေးထုတ်ယူမည့်အခန်းသို့ဝင်ရန် သူနာပြုတစ်ယောက်ကလာခေါ်သည်။

သူကလည်းအခွင့်အရေးရသမျှ စပ်စပ်စုစုအကုန်ကြည့်သည်။ ဆရာမတွေက ပိုးသတ်ပေါင်းလျှော်ထားသော စောင်တစ်ထည်ယူလာပေးသည်။ သူ့ကိုကုတင်ပေါ်တက်လှဲခိုင်းပြီး စောင်ခြုံပေးသည်။ သွေးစက်ပုံဘောလုံးအနီကလေးကို အိပ်မှဖောက်ယူပြီး သူ့လက်ထဲထည့်ပေး၏။ ညစ်ပေးလျင် လက်မှသွေးကြောတွေပေါ်လာခြင်းနှင့် သွေးထုတ်ရာတွင်ပိုမြန်စေရန်ဖြစ်မည်ဟု သူကလူပိန်းတွေးတွေးသည်။ သွေးထုတ်ချိန်တွင်ဆန့်ထားရသော လက်ကို မညောင်းစေရန်လည်း ဖြစ်ကောင်းဖြစ်မည်။ ထိုင်ပြီး ၁၀မီးနစ်ခန့်ကြာမှ သွေးဖောက်မည့်နေရာကို ထုံဆေးတစ်လုံးလာထိုးလေသည် (ခံကောင်းရုံလေးသာနာပါသည်။) ID Card နံပါတ်လေးရွတ်ပြပါဟုပြောသေးသည်။ အာရုံလွှဲမှန်းသိသောကြောင့် သူက အလွတ်မရသောနံပါတ်ကိုတော့ရွတ်မပြ၊ ငါမကြောက်ဘူး ဖောက်ပါဟုသာ ပြုံး၍ပြန်ပြောလိုက်သည်။ အပ်ကတော်တော်ကြီးနေတာတွေ့ ရ၍ ထုံးဆေးထိုးခြင်းကို သူမအံ့သြတော့။ ထုံးဆေးကျေးဇူးကြောင့် အပ်အကြီးကြီး ဘယ်လိုဝင်သွားမှန်းတောင်မသိလိုက်။ ထိုအပ်ကြီးကြီး၏ အရင်းရှိပိုက်မှ ပလတ်စတစ်အိတ် (သူမြင်မိသလောက်) သုံးလုံးအတွင်းသို့ သူ့သွေးတွေက သုံးမျိုးသုံးစားခွဲ၍ စီးဝင်နေကြသည်။ သွေးနီဥ၊ သွေးဖြူဥနှင့် သွေးရည်ကြည်ဆိုပြီး တစ်ခါတည်းကိုခွဲထုတ်လိုက်တယ်နေမှာဟု သူက သိသမျှလေးနှင့်လူပိန်းတွေးတွေးလိုက်ပြန်သည်။ ၂၅၀မီလီဂရမ်ထုတ်မည်ဖြစ်ပြီး အချိန် ၅မီးနစ်မှ ၁၀မီးနစ်အတွင်းကြာမည်ဟုဆိုသည်။ အဲ့သလောက်တောင်မြန်တယ်... ဟုရေရွတ်ကာ သူ့သွေးကိုလက်ခံမည့်သူသည် ဘေးအန္တရယ်ကင်းရှင်း ချမ်းသာခြင်းနှင့်ပြည့်စုံပါစေကြောင်း သူစိတ်ညွတ်သည်။ ထို့ထက်ပို၍သူသည်ဤသွေးကို ပေးလှူနေစဉ်မှာ ဝိပဿနာအလုပ်ကို ကြိုးစားနေသင့်ကြောင်းတွေးမိသည်။

သွေးလှူခြင်းသည် (သွေးသား၊ ကိုယ်လက်အင်္ဂါကိုလှူခြင်းတည်းဟူသော) ဒါနဥပပါရမီဖြစ်သည်။ နဂိုကပင်မြင့်ပြီးသား ဒါနအမျိုးအစားဖြစ်သည်။ သူသည် ထက်သန်သောစေတနာနှင့် ကိုယ်တိုင်လာရောက်၍ မွန်မွန်မြတ်မြတ်လှူခြင်းလည်းဖြစ်သည်။ သေချာပေါက်လိုအပ်မည့်အရာကို လိုအပ်မှလှူခြင်းမျိုးမဟုတ်ဘဲ အဆင်သင့်အလွယ်တကူရစေချင်သော စိတ်စေတနာလည်းရှိ၏။ မည်သူ့အတွက်ဟူ၍ ပုဂ္ဂိုလ်ရေးကပ်ငြိမှုမျိုးမပါ။ ဘာအကျိုးမျော်လင့်ချက်နှင့် ဘာဆုတောင်းမှလည်း သူ့စိတ်မှာမရှိနေ။ ဝေဒနာဆိုး၏ နှိပ်စက်မှုကြောင့် ဆင်းရဲဒုက္ခ သောကကြီးစွာရောက်နေရှာသော လူသားတစ်ဦးဦးသည် အသက်နှင့်ထပ်တူလိုအပ်နေသော အရာကိုလိုအပ်သောအချိန်တွင် ခက်ခဲဖင့်နွဲ့ခြင်းမရှိဘဲ အဆင်သင့်အလွယ်တကူ ရနိုင်ရန်သူပေးအပ်နိုင်ခဲ့ပြီဟုသာ ကျေနပ်ပီတိဖြစ်ရသည်။ အဲ ၃မျိုးခွဲ၍ပေးလျင် လူ၃ဦးကိုကယ်တင်နိုင်ပြီနဲ့တူတယ် ဟုတွေးပြန်သည် လူပိန်းတွေး။

တစ်စက္ကန့်တွင်းမှာ သွေးဆဲလ်ပေါင်းမည်မျှ အသစ်ဖြစ်ပေါ်ပွားစည်းနေသည်ကို သူမသေချာ။ အဘိဓမ္မာကျမ်းဂန်အရတော့ လက်ဖျစ်တစ်တွတ်တွင် နာမ်တရားသည် ကုဋေတစ်သန်း၊ ရုပ်တရားသည် ကုဋေရှစ်ရာ။ စိတ်ကြောင့်ဖြစ်သော စိတ္တဇရုပ်သည် သွေးဆဲလ်တွင်အဓိကလွမ်းမိုးကြောင်း သူကြားဖူးထားသည်။ သူ့သွေးသည် လက်ခံသူအတွက် မလိုလားအပ်သော ရောဂါပိုးမွှားများကင်းရှင်း သန့်စင်ပြီး၊ လိုလားအပ်သော ဓာတ်သတ္တုအာဟာရမှန်သမျှ ပြည့်ပြည့်ဝဝပါဝင်စေချင်သည့်အပြင်၊ သူစိတ်တွင်ပြုစုလိုက်သော မေတ္တာဓာတ်၊ ဝိပဿနာဓာတ်များပါ ပါဝင်သွားစေချင်မိတာ ထူးခြားသောသူ့စေတနာသာဖြစ်သည်။

ဘောလုံးလေး ညှစ်ကာညှစ်ကာနှင့် အချိန်ဘယ်လောက်မှမကြာခင် 250ml အိတ်ပြည့်လေရာ အပ်ဖြုတ်၊ ပတ်တီးစီးခြင်း အမှုကို မြန်မာသူနာပြုတစ်ယောက်က လာလုပ်ပေးလေသည်။ သူက ပတ်တီးကို ၄နာရီကြာအောင်စည်းထားရမည့် ညွှန်ကြားချက်ကို နားလည်ပါကြောင်းနှင့် သူအခု မင်္ဂလာဆောင်တစ်ခု သွားချင်သောကြောင့် ဒါကိုအချိန်မပြည့်ခင်ဖြုတ်လျင် ဘာဖြစ်တတ်ကြောင်းကို မေးမြန်းစပ်စုကြည့်သည်။ သွေးဖောက်ရာနေရာနှင့် သွေးကြောတစ်ဝိုက် အညိုအမဲစွဲတတ်ပြီး ပျောက်ရန်အချိန် အနည်းငယ်ကြာတတ်ကြောင်း သိရသည်

ဆယ်မီးနစ်နားပြီးမှ ထသွားရမည်ဖြစ်ပြီး၊ တခြားဝန်ထမ်းတစ်ယောက် ရောက်လာပြန်သည်။ နေကောင်းပါသလားမေးပြီး ဘောလုံးအနီကလေးကို သိမ်းထားရန်ယူသွားမလားဟုမေး၍ သူလည်းယူလိုက်သည်။ အားဆေးတစ်ကဒ်၊ ကဒ်ထူပြားတစ်ခုနှင့် ကူပွန်တစ်ရွက်ပေးသေးသည်။ အားဆေးက နေ့စဉ်တစ်လုံးအစာစားပြီးသောက်ရန်။ ကဒ်ပြားလေးက နေမကောင်းလျင် ချက်ချင်းဆက်သွယ်ရန် ဖုန်းနံပါတ်နှင့်သူနောက်တစ်ကြိမ်သွေးပြန်လှူလို့ ရမည့်ရက်စွဲအပြင် "Our opening hours for whole blood donation are:-
Tues-Thurs 9am-6.30pm, Fri 9am-8pm, Sat 9am-4.30pm & Sun 9am-2.00pm. Closed on Monday and public holidays." ဟူသော information အတွက်ဖြစ်ပြီး ကူပွန်ကား အပြင်ကဆိုင်ကလေးမှာ နှစ်သက်ရာ snack တစ်မျိုးနှင့် drink တစ်မျိုးကို တောင်းယူနိုင်ပြီး နားနားနေနေစားသောက်ရန်ဖြစ်သည်။ ဟိုကလေးမက မွေးလတွင်းဖြစ်နေ၍ Happy Birthday! စာတမ်းပါသော စာအိတ်ပန်းရောင်လေးတစ်ခု ပိုရလာသည်။ အတွင်း၌သံလိုက်ဓာတ်ပါသော မွေးနေ့ကဒ်လှလှလေး တစ်ခုနှင့် ez-link sticker လေးတစ်ခု ကိုတွေ့ ရသည်။










သူတို့သုံးယောက် အပြင်ကဆိုင်လေးမှာ ပျော်ပျော်ပါးပါး နားနားနေနေ စကားတွေဖောင်ဖွဲ့ စားသောက်နေခဲ့ကြစဉ်၊ သွေးလှူခြင်းကို စိတ်ဝင်တစားရှိလှ၍ မေးမြန်းသမှုပြုကြသော မိတ်ဆွေများအားသတိယသွားမိသည်။ ဤမျှ အဆင်ပြေချော့မွေ့ လွယ်ကူကြောင်းနှင့် သူရမိသမျှ Information တို့ကိုပေးချင်သောဆန္ဒဖြင့် ပို့စ်တစ်ခုတော့ မအားလည်းပဲရေးမည်ဟု သူတွေးနေမိသည်။ ကောင်းမှုကုသိုလ်နှင့် အပြစ်ကင်းစွာ ပျော်ရွှင်ခြင်းသည် အလွန်အရသာရှိပါ၏။ သူကအခုလို သွေးလှူဖြစ်တဲ့အတွက် ဟိုကလေးမကို ကျေးဇူးအများကြီးတင်မိကြောင်း လှိုက်လှဲစွာပြောမိသည်။ (စိတ်သဘောထား ဖြောင့်စင်းကောင်မွန်သောထိုသူငယ်မ၏ ကျေးဇူးတွေသူ့အပေါ်များစွာရှိဖူးလေ၏။) ထိုနေ့က သူတို့သုံးယောက်လုံး ပျော်တပြုံးပြုံး မော်မဆုံးသောမျက်နှာများနှင့် မိုးထဲရေထဲ ထီးမဆောင်းပဲပြန်ခဲ့ကြသည်ကို မှတ်မိနေပါသည်။ ပြန်ရေးတော့လည်း ပြန်တွေးပြီးပျော်မိပြန်သည်။

" ရခဲလှစွာသော လူ့အသက်တစ်ချောင်း၊ တန်ဖိုးကြီးလှစွာသော လူ့ဘဝတစ်ခု.... ထိုသူနှင့်ပတ်သတ် ဆက်စပ်သမျှသော အနာဂတ်များစွာ၊ ဘဝများစွာ၊ မျှော်လင့်ချက်များစွာ... ကို သင်ပေးလိုက်သည့် လက်ဆောင်တစ်ခုက ကယ်တင်ဆောင်ကြည်းပေးနိုင်သည် ဆိုလျင်..... " သင်ဘယ်လောက်ပျော်ရွှင် ဝမ်းမြောက်ပီတိဖြစ်မည်ကို သင်ခန့်မှန်းနိုင်ပါ့မလား။   ။