တစ်ခါသား ၀ါဆိုဝါခေါင် ရွာပေါ်ရေတက်တော့ တစ်ရွာလုံး ကုန်းမြေဆိုတာ မရှိ၊
မျက်စောင်းထိုးအိမ်က ဈေးဆိုင်ကိုတောင် လှေဖြင့်သွားမှ ရသည့် အချိန်။ မမင်းစိတ်ထင် 88 အရေးအခင်း
ကျောင်းတွေတစ်နှစ်လုံး ပိတ်ထားချိန်ဖြစ်မည်.. ဒါဆို.. မမင်းအသက်က ၈နှစ်။ လှေကြီးတစ်စင်းနှင့်
ရေပြင်ကျယ်ကြီးမှာ ချာချာလည်နေခဲ့တဲ့ အဲ့ဒီအချိန်ကို ရေတွေမြင်တိုင်း ပြန်သတိရ လာတတ်သည်။
လက်ပံပင်တွေ အလွန်ပေါခဲ့ဖူးသော ထိုရွာလေးမှာ ပထမတန်းကနေ
တတိယတန်းအောင်သည် အထိသာနေခဲ့ရပြီး၊ အဲ့ဒီအရင်နှင့် အဲ့ဒီနောက်ပိုင်းမှာတော့ အလည်အပတ်သာ
သွားရသည်။ ရွာသို့ပြန်လည်သည့်အခါတိုင်း၊ ရွာရောက်ရောက်ချင်းမှာ မမင်းမသွားရ မနေနိုင်သော
အိမ်တစ်အိမ် ရွာထဲမှာရှိဖူးလေသည်။ မ၀င်းမေတို့အိမ်။ ဒီအိမ်က တစ်နေရာတည်းမှာ အမြဲရှိနေတာတော့မဟုတ်။
ရွာထဲမှာ လေးငါးနှစ်ကြာ တစ်ခါ ပြောင်းချင်ရာ နေရာသို့ပြောင်း၍ ဆောက်တတ်သောကြောင့်ဖြစ်၏။
ဘယ်လိုပြောင်းဆောက်ဆောက် မမင်းကလည်း ရွာရောက်တိုင်း ထိုအိမ်သို့ ရောက်သည်သာဖြစ်၏။
မမင်း လမ်းမလျှောက်တတ်သေးသည့် အရွယ်ကတည်းကပင် မ၀င်းမေ၏
အိမ်သို့ မကြာခဏ အလည်ရောက်တတ်သည် ဆို၏။ ညနေညနေ အရက်ဆိုင်က ပြန်လာတတ်သော အသားမည်းမည်း
ဂင်တိုတိုနှင့် ကိုင်းသမားကြီးတစ်ယောက် အချိန်မှန်မှန် မမင်းကို လာခေါ်တတ်သည်။ အဖေနှင့်
အမေကလွဲရင် ဘယ်သူမှ အချီမခံသော၊ အလွန်လက်ရွေးသော မမင်းပိစိကွေးက ကွမ်းဝါးထားသော ပါးစပ်နီနီကြီးနှင့်
ထိုလူကြီး၏ လည်ဂုတ်ပေါ်ခွ၍ ပျော်ရွှင်မြူးတူးစွာဖြင့် မ၀င်းမေတို့အိမ်ကို အလည်သွား တတ်မြဲဖြစ်သည်တဲ့။
မမင်း လမ်းကောင်းကောင်း လျှောက်တတ်လာသော အရွယ်တုန်းက ရွာကို အလည်ပြန်ကြရာမှာ၊ ရောက်ရောက်ချင်း
လူကြီးတွေ စကားဖောင်နေခိုက်၊ မမင်းက အသာလေးလစ်ထွက်ကာ အိမ်ရှေ့ အိမ်က အဖွားခင်ကို လက်သွားဆွဲပြီး
အိမ်ဘက်သွားချင်လို့ ခဏလိုက်ခဲ့ပါဟု ခေါ်ကာ မ၀င်းမေတို့အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်
အရောက်သွားခဲ့ဖူးတာ မှတ်မိနေသည်။ သို့သော် မမင်းကို ဘယ်သူကပဲ ဘာအကြောင်းနဲ့ဖြစ်ဖြစ် မ၀င်းမေဟု ခေါ်လျင် မမင်းမကြိုက်တတ်ခဲ့ပါ။ မ၀င်းမေ တောသူမ ဖြစ်နေတာကို ရှက်တာလား၊ ဘာလား မသေချာလှသော အခံရခက်မှုကြောင့်ဖြစ်၏။ အပျိုဘ၀မှာပဲ
အအေးမိ၊ နေမကောင်းဖြစ်ပြီး သေရရှာသော မေမေ့သူငယ်ချင်း မ၀င်းမေက သေခါနီးမှာ သူ့ကို ညောင်တုန်း မှာရောက်နေကြသော ဘဘဆီပို့ပြီး ဆေးကုပေးဖို့နှင့် မေမေ့ကို သတိရကြောင်း တတွတ်တွတ် ပြော၍ သေရှာသည် ဟူသတတ်။
အဲ့ဒီနေ့က အဲဒီအိမ်မှာ မမင်းတို့ သောင်းကျန်းခဲ့ပုံကို အဖွားခင်က
မကြာမကြာ ပြန်ပြန်ပြောပြတတ်၏။ မမင်းကိုယ်တိုင်လည်း သေသေချာချာ မှတ်မိနေတုန်းသာ။ မမင်းတို့
ထိုအိမ်ရှေ့ ရောက်တာနှင့် မ၀င်းမေလာတယ်ဟေ့ ဟူသော ၀မ်းသာအားရ အော်သံနှင့်အတူ တစ်အိမ်လုံး
ကျွက်ကျွက်ညံ သွားလေသည်။ အနီးအနားက အမျိုးတွေလည်း ရွာထုံးစံအတိုင်း အိမ်ပေါ်ရောက်လာကြ၏။
မမင်းက ရုပ်တည်ကြီးနှင့် အိမ်ပေါ်တက်ကာ လှည့်ပတ်ကြည့်လေ၏။ ရေအိုးစင်အောက်က သံပုံးကြီးနှစ်ပုံးနှင့်
ဝါးထမ်းပိုးကို ကိုင်ကြည့်သေးသည်။ အရင်ကဆို နေ့တိုင်း ကိုင်းဆင်းရင် ရေထမ်းတယ် ဟုလွှတ်ခနဲ ပြောလိုက်သည်။
ဒီလိုနဲ့ တောက်တောက် တောက်တောက် လျှောက်၇င်းက အိမ်တွင်းခန်းကို ရောက်သွား၏။ ထန်းခေါက်ဖာလေးတွေ
လေးငါးလုံးခန့် နံရံဘက်ကပ်ကာ တန်းစီထားတာမြင်၏။ မမင်းက ဖာဟောင်းတစ်လုံးဆီ တန်းတန်းမတ်မတ်သွား၍
ဇိုးဇိုးဇက်ဇက် ဖွင့်ကြည့်၏.. အထဲကအ၀တ်တွေကို စိတ်တိုင်းကျ လှန်လှောကြည့်ပြီး ဒါတွေကို
ဘာလို့ သိမ်းထားသေးတာလဲ၊ အုန်းနွဲ့နဲ့ ၀င်းဌေးက အပျိုဖြစ်နေမှပဲ ၀တ်လိုက်ကြတော့၊ ဒီလိုဟာ..
လှူလို့ရတာတွေလည်း လှူလိုက်လေ၊ အလကားနေ အဆွေးမခံနဲ့
ဟုပြောသည်။ အုန်းသန်း ဘယ်ရောက်နေသလဲ ဟု ကိုယ့်ထက်၂နှစ်ခန့် အသက်ကြီးသော အငယ်ဆုံး ကလေးမကိုလည်း
မေး၏။ နင်မွေးခါစက အမေ့လုံချည်တွေ မြစ်ထဲမှာလျှော်လို့ အအေးမိပြီးငါသေတာ စသည်ဖြင့်… မမင်းသေးသေး တောက်တက် တောက်တက်လေး က တစ်ခုပြီး တစ်ခုလျှောက်ကြည့်ကာ ဟိုပြောဒီပြော တွေလုပ်လေ၏။
မ၀င်းမေ၏ အမေဒေါ်သန်းရှင်က မမင်းနောက်က လျှောက်လိုက်နေရာက
မရပ်တည်နိုင်တော့သည့် အလား၊ ကြမ်းခင်း တစ်နေရာတွင် ဖင်ထိုင်ချပြီး ရှိုက်ကြီးတငင် ငိုလေတော့သည်။
ရောက်စက ဆူညံနေသော တစ်ယောက် တစ်ပေါက်သည် မျက်ရည်စကိုယ်စီနှင့် ငြိမ်တိတ်ကုန်၏။ အဲ့ဒီတော့မှ
မမင်းက စိတ်မကောင်း ဖြစ်စွာနှင့် အိမ်ပြန်မည်ပြု၏။ ပြန်ခါနီး ဖိနပ်စီးစဉ်မှာ အမှတ်မထင်
မအုန်းနွဲ့ ပန်ထားသော ကျောက်ဖြူ သုံးလုံးတန်း နားဆွဲကိုမြင်မိ၏၊ အိမ်ပေါ်ပြန်တက်ပြီး ဒါငါ့ဟာ
ငါ့ပြန်ပေး ဆိုပြီး သွားဆွဲဖြုတ်လေသည်။ သြ မ၀င်းမေ… အ၀တ်တွေကျတော့ ညီမတွေကို သထှာတယ်၊
ရက်ရက်ရောရောပဲ၊ ကိုယ်မှ ၀တ်လို့မရတော့ဘဲကိုး။ ရွှေနားဆွဲကျ အတင်းဖြုတ်ပြီး ပြန်တောင်းတယ်..
ဖြစ်ရလေဟု မမင်း အသက်ကြီးလာတော့ ပြုံးစိစိနှင့် တွေးမိရတတ်သည်။
ဒီလိုနဲ့ အခွင့်ရတိုင်း ရွာပြန်လည်တတ်ကြသလို၊ ရွာရောက်တာနဲ့
အထုပ်ချပြီး ထိုအိမ်သို့ သွားတတ်မြဲဖြစ်သည်။ ဆယ်တန်းအောင်ပြီး တရားစခန်းတစ်ကြိမ် ၀င်အပြီးမှာတော့ မမင်းကို မ၀င်းမေဟု မည်သူကမှ မခေါ်ကြတော့သော်လည်း၊ မ၀င်းမေရဲ့ အဖေနဲ့ အမေကို "အဖေ၊ အမေ" ဟု မမင်းက ပီပီပြင်ပြင် ခေါ်သည်။ ရောက်တိုင်းလည်း ကန်တော့သည်။ သံသရာမှာ မိဘမတော်ဖူးတဲ့သူ ဘယ်မှာရှိလို့တုန်း။
အဲ့ဒီ ရေတွေတက်နေတုန်း ရွာပြန်လည်တဲ့ အခေါက်က။ ရွာရောက်တာနဲ့
ထုံးစံအတိုင်း လူကြီးတွေက ပျော်တပြုံးပြုံးနှင့် စကားတွေအမုန်းပြောနေတုန်း မမင်းက ဟိုအိမ်သွားချင်တာ
ဂနာမငြိမ်။ လှေက မလှော်တတ်သေး။ မတတ်နိုင်၊ အသာလစ်ကာ အိမ်ကပြင်တွင် ကြိုးချည်ထားသော လှေပေါ်တက်ပြီး
ခြံပြင်ရောက်အောင် အတော်အားထုတ်ရ၏။ လူကြီးတွေ မသိလိုက်ခင် လှေက လမ်းမပေါ်ရောက်လာ၏။ နွေဆို
ဖုန်ထူလှသော လှည်းလမ်းမကြီးကား ခုလိုရွာပေါ် ရေရောက်ချိန်မှာတော့ လူကြီးတစ်ရပ်စာနက်သော၊
ဘေးနှစ်ဘက်တွင် အိမ်ခြံတိုင်များ တန်းစီဘောင်ခတ်ထားသော လှေလမ်းကြီးဖြစ်သည်။
မမင်း၏လှေကြီးကား
အဖွားခင်ခြံစည်းရိုးကို ယိုင်နဲ့သွားအောင် ၀င်တိုးပြီး လမ်းပိတ်လျက် အကြာကြီး ရပ်နေသေးသည်။
လမ်းသွားလမ်းလာ တွေက ဒီလိုခတ်၊ ဒီလို ဆိုပြီးပြောသွားကြ၏။ အဟား လှေဆိုတာ နောက်ပြန်သွားချင်
ရှေ့ကိုခတ်ပြီး ညာကွေ့ချင်ရင် ဘယ်ကိုခတ်ရသည်ဟု မမင်း သဘောပေါက်သွားတော့၏။ ဂုဏ်ယူဝမ်းမြောက်စွာ၊ ဒယီးဒယိုင်ဖြင့်
ရှေ့ဆက်ချီတက် လာရင်း လမ်းတစ်လျှောက်ရှိ ခြံစည်းရိုးများစွာကို အမျိုးတော်သည် မတော်သည်ဟု မျက်နှာလိုက်ခြင်း၊ အဆင့်အတန်းခွဲခြားခြင်း မရှိဘဲ ကြုံသလိုပင် တိုက်ခိုက် ချေမှုန်းပြစ်ခဲ့လေရာ အတော်များများ ယိုင်ရွဲ့ကာကျန်ရစ်၏။
မမင်းတို့ရွာလေးက အတော်အတန်ကြီးသည်ဟု ဆိုနိုင်ပါသည်။ မမင်းတို့အိမ်က
မြစ်နှင့်အနီးဆုံး အတန်းဖြစ်ပြီး၊ နောက်ထပ် ရွာလမ်းမအရှည်ကြီး လေးခု အပြိုင်ရှိနေသေး၏။
မမင်းတို့ကမ်းနားတန်း လမ်းမပေါ်မှာပင် မြေအနေအထား ပိုနိမ့်ပြီးကွေ့ဝိုက်နေသောကြောင့်
လူနေအိမ်တွေမရှိဘဲ ဆယ်ခြံစာလောက်ကျယ်သော ကိုင်းစိုက်ရာ တစ်နေရာရှိ၏။ ရေတက်နေတော့ မြစ်ပြင်နှင့်
တစ်ဆက်တည်းဖြစ်နေပြီး ရွာထဲလမ်းနှင့်မတူဘဲ လှိုင်းနှင့်ရေစီး ရှိနေသည်။ အဲ့ဒီနေရာကို
မဖြတ်လျင် လမ်းကျဉ်းလေးမှ ရွာအတွင်းဘက် နောက်တစ်လမ်းမဆီက ကွေ့ပြီးပြန်သွားရမည်ဖြစ်သည်။
လမ်းမကြီးမှာတောင် ဖြောင့်အောင်မသွားသော ဤလှေကြီးကား ဤလမ်းကျဉ်းတွင်း ၀င်သွားလျင် ပြန်ထွက်လာမှာ
မဟုတ်တော့ဟု တွေးပြီး မြစ်ပြင်ဘေးကဖြတ်ဖို့သာ ဆုံးဖြတ်လိုက်၏။
လှော်ရင်းက လှိုင်းနှင့်ရေစီးကို
မထိမ်းနိုင်တော့ဘဲ မြစ်ပြင်ဘေးကနေ မြစ်လယ်ဘက်သို့ မြောပါရင်း၊ မမင်းကလည်း ကြိုးစားပမ်းစား
လှော်ရင်းခတ်ရင်း လှေကြီးက တစ်ပတ်ပြီးတစ်ပတ် လည်နေတော့သည်။
လမ်းသွားလမ်းလာ တစ်ဦးတစ်လေ ပေါ်လာမလားဟု ချွေးပျံပျံနှင့်
မျှော်သော်လည်း ရွာတွင်းလမ်းကသာ သွားကြပုံရ၏။ မြစ်ဘက်နီးလာလေ ရေပိုစီးလာလေဖြစ်၍ လည်တယ်လည်တယ်
နှင့် မြောတော့သည်.. ဒုက္ခတော့ရောက်ချေပြီ။ လှေပေါ်ကခုန်ဆင်းပြီး ရေကူးပြန်လျင် ရသော်လည်း
လှေပြန်ရဖို့ ဘယ်နှယ်လုပ်ရပါ့၊ လူကြီးတွေက ရိုက်ကောင်းရိုက်လိမ့်မည်.. စသည်ဖြင့် အသည်းအသန်
အကြံထုတ်ရင်း ရေရေလည်လည်ကို ဂွမ်းလေသည်။ အော်ဟစ်ငိုချင်ချင် ဖြစ်နေတုန်းမှာ ရွာတွင်းလမ်းဘက်ဝင်မည့် လှေတစ်စင်းကိုတွေ့ရ၏။
မည်သို့ အော်ခေါ်လိုက်ရမည်မှန်း မသိသေးခင်၊ ထိုလှေကလူသည် ရေစီးထဲ ကန့်လန့်တိုက်ကာ လည်ချာလည်ချာ မျောနေသော မမင်းနှင့် လှေကြီးကို မူမမှန်သော၊ သံသယဖြစ်စရာ တစ်ခုအဖြစ် သတိပြုမိ သွားသည်။
မမင်းက လက်ကလေးကို မြှောက်ပြီး ခေါ်ဟန်ပြု၏။ တာဝန်သိ လုပ်သားပြည်သူကြီးကား မမင်းရှိရာသို့ တရွေ့ရွေ့ လှော်ခတ်ကာ လာနေပြီဖြစ်သည်။ လားလား.. အနားနီးမှ၊ ထိုလုပ်သားပြည်သူကို မြင်ရသောအခါ မမင်းတစ်ယောက် ခေါင်းမွှေးများထောင်ချင်ချင် ဖြစ်သွားရ၏။ ဦးသိန်းဟန်ဆိုသော ဗိုက်ပူကြီး ဖြစ်နေသောကြောင့်။ ရွာမှာကလေးတွေ ငိုလျင် ဦးသိန်းဟန်ကြီး လာနေပြီနော်၊ ဗိုက်ထဲ ထည့်သွားလိမ့်မယ် ဘာမှတ်တုန်းဟု
ခြောက်လိုက်တာနှင့် ကလေးတိုင်း အငိုတိတ်ကြ၏။ ထိုနေ့က တွတ်ပီတစ်ယောက် အတော်ကြီးကို ကံမကောင်းခဲ့ပါ။ ဟိုဘက်အိမ် သွားမှာပါဆို ဒီဘက်အိမ်ကို မရောက်ရောက်အောင်
ပြန်လိုက်ပို့သော၊ လမ်းမှာလှေကိုတွဲပြီး ဗြစ်တောက်ဗြစ်တောက်နှင့် ဆူငေါက်နေသော၊ မြစ်ထဲမှာ
မမင်းတစ်ယောက်တည်း လှေတစ်စီးနှင့် ဖြစ်ပျက်နေပုံကို အိမ်ကလူတွေထံ ကွက်ကွက်ကွင်းကွင်း မြင်အောင်ဖွဲ့ဖွဲ့နွဲ့နွဲ့ ပြန်တိုင်ပြောသော
ထိုလူကြီးကို အရွယ်ရောက်သည်အထိ မမင်းမုန်းလေ၏။
အဖိုးနှင့် အဖွားဆုံးသွားပြီး နောက်ပိုင်းမှာ မမင်းတစ်ယောက် ရွာကိုပြန်မရောက် ဖြစ်တာလည်း ကြာလှချေပြီ။ မ၀င်းမေရဲ့ အဖေနှင့် အမေလည်း ဆုံးရှာကြပြီလေ။ ဒီတစ်ခေါက် မြန်မာပြည်ပြန်လျင် ရွာကိုရောက်အောင် သွားချင်သည်။ လှူဖွယ်ဝတ္ထု
အစုစုဝယ်ခြမ်းပြီး ဦးသိန်းဟန်ကို သွားကန်တော့ ချင်သေးသည်။ အဲ့ဒီ တာဝန်သိ လုပ်သားပြည်သူ ဦးဗိုက်ပူကြီး အသက်ရှည် ကျန်မာလျက်
ရှိနေပါစေ ဘုရား။ ။