Pages

03 February 2013

တစ်ဘက်သတ်

နှစ်လရှည်ကြာမျိုသိပ်ထားရတဲ့ အနမ်းတစ်ရှိုက်ကို တားမြစ်ဖို့အတွက်၊
နင့်ကိုယ်နင် ဇာတ်လိုက်များမှတ်နေသလားလို့ မေးရက်ခဲ့တဲ့သူ.....
ငါ့အတ္တနဲ့ငါ လက်တန်းရေးတဲ့ ငါ့ဇာတ်လမ်းမှာတော့  ငါကဇာတ်လိုက်မဟုတ်တော့ ဘာလဲ...
သူ့ပါရမီနဲ့ ဇွဲကြီးကြီးဖန်တီးထားပြီးတဲ့ သူ့ရဲ့လက်ရာမြောက်ပန်းချီကားချပ်မှာ၊
ရှားရှားပါးပါး မတော်တဆချော်တဲ့ စုတ်မှားတစ်ချက်က ငါဖြစ်နေတာဆိုရင်တော့
ငါ့ကိုယ်ငါ ပါးလျားမှိန်ဖျော့ ပျောက်ပျက်သွားဖို့ လေးနက်စွာ ခွင့်ပြုပါတယ်......

ငါ့ကမ္ဘာနဲ့ မကျွမ်းဝင်ဖူးတဲ့ မိုးတွေ... အခါမဲ့ရွာချတတ်ခဲ့သူက...
အားနာရကောင်းမှန်းမသိတဲ့ နေလောင်ရွက်တွေလို ငါက အရူးအမူးကိုကြွေတော့မှ
ဒါနဲ့... လမ်းဘေးလူ၊ လမ်းဘေးခွေးတောင်မနေ..
လိုအပ်နေရင် ကြင်နာဖေးမကူညီတတ်တာက သူတို့မိသားစုအလိုက် ပင်ကိုယ်စရိုက်ပါတဲ့ကွယ်။
ရေငတ်နေတဲ့ ကမ်းပါးပြတ်လို တရှိုက်မတ်မတ်ပျော်ဝင်၊ ပင်လယ်ထိရယ်လို့ စီးဝင်ခဲ့တဲ့..ငါ
ခု.... ဘယ်မှာ သောင်တင်လိုက်ရတော့မလဲ။

သူငါ့ကိုသိပ်ချစ်တယ်ဆိုတဲ့ ကိုယ့်ဘာသာ သေချာနေခြင်းရဲ့ တစ်ဘက်မှာ...
ဘယ်အချိန်ပဲမေးမေး... "မချစ်ဘူး" လို့ပဲ ပြတ်သားမြန်ဆန်စွာ ဖြေတတ်မြဲခဲ့တဲ့ သူ....
အားငယ်ခြင်း၊ စိုးရိမ်ခြင်း၊ အမှတ်မရှိခြင်းတွေကို အချိန်ပြည့်လွယ်ပိုးပြီး..
အလွတ်ရနေတဲ့ အဖြေအတွက် အကြိမ်တိုင်းမှာ အသက်ရှူရပ်သွားတတ်ခြင်းနှင့်လည်း ယဉ်ပါးလို့။

တစ်ဘက်သတ် ဆိုတာ တစ်ဘက်သားကိုသတ်ရင်း ကိုယ်ပါသေရတာ... ဆိုလား...
မတ်တပ်ကြီးခြောက်ကပ်နေတဲ့ သစ်တစ်ပင်ကိုလေအဝှေ့မှာ..
အိနြေ္ဒကြီးတစ်ခွဲသားနဲ့ ယိမ်းနွဲ့ခါယမ်းလိုက်သလိုမျိုး... ပေါ့...
ငြိမ်သက်စွာ လဲကျ၊ ဆွေးရိ... ပျောက်ပျက်ချုပ်ငြိမ်းခွင့်........ မရမြဲ.........။ ။