Pages

31 January 2010

လက်ဆောင်

ဘဝထဲ အရောင်အသစ်တွေ ထပ်ဝင်အလာ
သန့်စင်ခိုင်မာလာတာတွေ ရှိသလို
ကိုယ်တိုင်က မရေရာ၊ မကြေငြာချင်နေတဲ့
ပျောက်ဆုံးနဲ့ ဒဏ်ရာရစာရင်းကြောင့်
သက်ပြင်းတွေ အသမာတက်ခဲ့ပေါ့။

ဘာတွေဘယ်လိုပြောင်းပြောင်း
ရင်ခွင်ရာသီဟောင်းမှာတော့
အလွမ်းတွေ တဖွဲဖွဲရွာဆဲပါ....
[တွေ့ တယ်မဟုတ်လား အမေရယ်]
ပွင့်နေကျပန်းတွေပွင့်တာလေ
ခါတိုင်းထက်တောင် ဝေဆာနေသေးတော့တယ်။

ပင်လယ်ကြီး ခြားနေတယ်
နိုင်ငံတွေ ခြားနေတယ်...ဒါပေမယ့်
အနမ်းတွေနဲ့ ပြန်နွှေးပြီး
အိပ်မက်တွေအဖြစ် ပို့မိတဲ့အခါ...
ပန်ဖြစ်တယ်မဟုတ်လားအမေ...။ ။


-Singapore ရောက်ပြီးနောက် ပထမဆုံးရေးဖြစ်တဲ့ ကဗျာလေးပါ။ 2008-Singapore လို့သာရေးထားပြီး ရက်စွဲလည်းမတပ်မိပါဘူး။
-အင်းဝခေတ် ကဗျာလေးတစ်ပုဒ်ရဲ့ခေါင်းစဉ်ကို ယူထားတာပါ။ ဘယ်နှတန်းကသင်ခဲ့ရလို့ ဘယ်သူရေးတယ်မမှတ်မိပေမယ့် ကဗျာလေးကိုတော့ ရနေသေးတယ်။
"လက်ဆောင်"
မဝယ်ဘူး၊ မယ်ခူးတဲ့ဖက်စို
မီးမကူ၊ နေပူမှာမကင်အားလို့
ထားရတယ်အိပ်ယာအောက်မှာ
မင်း သောက်ဖို့ကို။
ညှာအနား ရှေ့သွားနဲ့ကိုက်လို့တို
မချိုတောင့်လိပ်ဆေး
ဝါချည်ဖြူတစ်ပင်ရစ်ကယ်နဲ့
ငယ်ချစ်မောင်ရွှေဝသွားကို
ပါးလိုက်ကဲ့လေး။ ။
-အတိအကျတော့မှန်ချင်မှ မှန်ပါမယ်။ =P အမှားပါလျင် အလယ်တန်းကျောင်းသားများ ကောင်းကောင်းကြီးပြင်ပေးနိုင်ပါလိမ့်မယ်။
-အင်းဝခေတ်က 'အချစ်'တွေကို ဆေးလိပ်နဲ့ပတ်ပြီး လူကြုံပါးတာတဲ့နော်
-မမင်းတို့ IT ခေတ်မှာတော့ မြန်မာပြည်က connection ချူချာလွန်းတာမို့ ဖက်လုံးကြီးကိုပဲ အာဘွားပေးပြီး d-mail[dream mail/အိပ်မက်] နဲ့ပို့ပို့နေရတယ်လေ။ ။

ဝေး....ဆဲ

မနက်စောစော နိုးတစ်ဝက်အချိန်တွေက စ, တယ်
နှလုံးအိမ်ရဲ့ အတွင်းပိုင်းဆီကနေ စ, တယ်
နာတာရှည်နေတဲ့ သံသရာရှည်စေမယ့် အဲ့ဒီ "စိတ်" တွေ....

ကိုယ်ပိုင်အချိန်တွေ၊ ကိုယ်ပိုင်မဟုတ်တဲ့ အချိန်တွေမှာရော
သွေးလွှတ်ကြော၊ သွေးပြန်ကြောတွေမှာရော
အထပ်ထပ် အထပ်ထပ်၊ အဆက်မပြတ်ဘူးတောင်ထင်ရတယ်...

အိပ်မက်အတုတွေ၊ အိပ်မက်အစစ်တွေအထိ
ဆံခြည်မျှင်သွေးကြောတွေအထိ
ဒုတ်ဒုတ်ထိအောင် ရောက်ရောက်နေသ၍ပေါ့လေ.....

"မချစ်တော့ဘူး"ဆိုတဲ့ စကားလေးတစ်ခွန်းပြောနိုင်ဖို့အရေး...

13rd, May '2009 (Wed)




မမင်း ဒီကဗျာလေးကို ဒီပို့စ်အဖြစ် မတင်ခင်မှာ လူနှစ်ယောက်ကိုပဲ ပေးဖတ်ခဲ့ဖူးပါတယ်။
အဲဒီနေ့က မမင်းဒီမှာ အလုပ်ဝင်တာ တစ်နှစ်ပြည့်တဲ့ နေ့ပါ...ရုံးချိန်မှာပဲရေးပြီး၊ ရေးပြီးပြီးချင်း တစ်ဦးတည်းသော မြန်မာလုပ်ဖော်ကိုင်ဘက် (M&E Engineer) အစ်ကို ကိုပေးဖတ်ခဲ့တာပါ။ အဲဒီအစ်ကိုက ဖတ်ကြည့်ပြီး ဒီလိုအားပေးခဲ့ပါတယ်..."ငါက နင်အစာအိမ်နာတာ တော်တော်ဆိုးနေတဲ့အကြောင်း ရေးတယ်မှတ်နေတာ... အောက်ဆုံးရောက်မှ ဘာမှန်းမသိဘဲ ဖြစ်သွားတော့တယ်" တဲ့။ ဟီး...မမင်းကိုယ့်အရေအချင်း ကိုယ် တော်တော်တော့ သဘောပေါက်သွားမိသား။
နောက်တစ်ယောက်ကတော့ နောက်တစ်မျိုးပြောခဲ့ပါတယ်။ အာရုံစိုက်ပြီးဖတ်နေရာက နောက်ဆုံးအကြောင်းအရောက်မှာ တွန့်ခနဲနေသွားပြီးတော့ "ပြောလိုက်လေ...ပြောလိုက်ပါလား"... လို့ စိတ်လှုပ်ရှားစွာပြောခဲ့ပါတယ်။ မမင်းက ပြုံးစိစိပြောင်ချော်ချော်နဲ့ ခေါင်းစဉ်လေးကို လက်နဲ့ထောက်ပြလိုက်တယ်လေ....။ တစ်ကယ့်ကို ဝေးနေဆဲမို့ပါ။ တစ်နေ့နေ့တော့ ပြောနိုင်ပါလိမ့်မယ် (နောက်အနှစ် ၂၀ ကျော်သွားပြီးရင် လို့ထင်တာပဲ)။ ။

29 January 2010

ရင်ခွင်ရိုင်း

တစ်ခက်ဆိုတစ်ခက်
ဂုဏ်တက်လှတဲ့
တန်ဖိုးကြီးကြီး ပန်မျိုးမဟုတ်။

တစ်ပွင့်ဆိုတစ်ပွင့်
အပွင့်ကြီးကြီး
မွှေးမွှေးလှလှလည်း မဟုတ်။

ဖြူပင်ဖြူစင်လည်း
ရောင်းတန်းမဝင်
အဖွဲ့ အနွဲ့ တွေကနေ ဝေးတဲ့ပန်းမျိုး။

မြေဆွ၊ မြေသြဇာ
ရေလောင်းပေါင်းသင်
အယုအယ ဆိုတာတွေကိုမကြားဖူးတဲ့ပန်းမျိုး။

တစ်ကယ်ဆိုရင်လေ
ဝေလည်းမမွှေး
ကြွေလည်းမမွှေးတဲ့ ပန်းမျိုးပေါ့။

သီစရာကြိုး လုံးဝမရှိတဲ့
ငါ့ရဲ့ရင်ထဲမှာမှ
ရာသ၊ီ ဒေသ မရွေး.....
ဖွေးဖွေးလှုပ်လှုပ်.....
အလေ့ကျ.........

9th, October '2009 (Fri)

ဆရာမ ဂျူး ရဲ့ "အချစ်ဆိုတာ ကြိုးနဲ့သီစရာမလိုတဲ့ ပန်းကလေးတွေ"
ဆိုတဲ့ဝတ္ထုတိုလေးကိုဖတ်မိပြီး ဒီခံစားချက်ကိုရခဲ့ပါတယ်။ ဒီကဗျာလေးရေးဖြစ်တဲ့အတွက် ဆရာမ ဂျူးကိုကျေးဇူးတင်လိုက်ပါတယ်။
မမင်းအတွက်ကတော့ အချစ်စိတ်ဆိုတာ ဝေလည်းမမွှေး၊ ကြွေလည်းမမွှေးတဲ့ပန်း (ကိလေသာ မသမာဓာတ်)လို့ ဆယ်ကျော်သက်အရွယ်ကတည်းက လက်ခံခဲ့တာကြောင့်.....
ဒါပေမယ့်...လောကီသားပေမို့ အချစ်စိတ်မျိုးစုံတွေနဲ့လည်း လုံးထွေးပတ်သတ်နေဆဲ ဖြစ်တာကြောင့်.....
ဘာပဲပြောပြောလေ...ပွင့်တာက ဟိုတစ်စ၊ဒီတစ်စ အလေ့ကျ ပန်ရိုင်းတွေပါ။ သီစရာကြိုးမရှိတဲ့... ဒီရင်ခွင်ကတော့ တကယ့် "ရင်ခွင်ရိုင်း" ပေါ့။

28 January 2010

"သူတို့နှစ်ယောက်နဲ့တနင်္သာရီ"

အေးငြိမ်းသာယာတဲ့ မနက်ခင်းတွေမှာ
အတူတူလမ်းလျှောက်ထွက်ဖြစ်တဲ့အခါ
ရွာအပြင် တံတားကြီးဦးမှာ ထိုင်နားနေကျပေါ့....
-ငါရေးတဲ့ကဗျာတွေကို...အော်ဖတ်လားဖတ်ရဲ့
-ချစ်စနိုးပြောင်နောက်ရင်း အော်ဟစ်ရီလားရီရဲ့
ကလေးတွေ ချစ်၊ကြောက်၊ရိုသေတဲ့ ဆရာမ တွေတဲ့လေ။

တက်ကြွသက်ဝင်တဲ့ညချမ်းတွေဆို
သူတို့အဆောင်ဆီ ငါမသွားဖြစ်တဲ့အခါ
ငါ့အိမ်လေးကို သူတို့ရောက်လာတာပါပဲ....
-သီချင်းတွေ အော်ဆိုလားဆိုရဲ့
-အကြောင်းအရာအမျိုးမျိုးတွေ ပြောလားပြောရဲ့
မတွေ့ ရမနေနိုင်တဲ့သူတွေလိုပါပဲလေ။

တစ်ကမ္ဘာလုံးမှာ အလှဆုံးလို့ ငါထင်နေတဲ့
အဲဒီနေရာလေးမှာပေါ့
မှိုင်းပြာပြာတောင်တန်းကြီးနဲ့ ထူးခြားတဲ့ရေပူစမ်းကြီးရှိတယ်
စိမ်းပြာရောင်ပင်လယ်ကြီးနဲ့ လှပတဲ့ကမ်းခြေတွေရှိတယ်
ဂျပန်ခေတ်ကတံတားကြီးနဲ့ အမြဲအေးကြည်နေတဲ့စမ်းချောင်းကြီးရှိတယ်
အထက်တန်းကျောင်းကြီးတစ်ကျောင်းနဲ့ ပန်းပေါင်းစုံလိုကလေးတွေရှိတယ်
ပေါများကြွယ်ဝမှုတွေနဲ့ ရှားပါးလစ်ဟာမှုတွေရှိတယ်
ရောင်စုံအပြုံးတွေနဲ့ မျက်ရည်စတွေလည်းရှိတယ်
ရှိတယ်...ရှိပါတယ်...တကယ်ဆို.........
အဓိပ္ပာယ်ပြည့်စုံတဲ့ဘဝတစ်ခုအတွက်
လိုအပ်တာတွေ အားလုံး...သေချာကိုရှိပါတယ်
ဒါပေမယ့်........
တစ်နယ်စီကရောက်လာခဲ့ကြတာဖြစ်တဲ့
ငါတို့သုံးယောက်ကတော့...ဒီနေရာလေးရဲ့အဝေးမှာ...
(ကြာတာတော့ကြာပါပြီ) တစ်ယောက် တစ်နေရာစီ။ ။


16th, January '2010 (Sat)

**မချို၊ အိထွေးနဲ့...ကျောက်ပေါက်ကိုလွမ်းတယ်။ ။

26 January 2010

1997 ကဗျာမှတ်စု

အသက် (၁၇) နှစ်က ကဗျာတွေပါ။ ချစ်တတ်၊ မုန်းတတ်၊ လွမ်းတတ်၊ ခံစားချက်တွေအရှိန်တက်စ အရွယ်ဖြစ်မယ် ထင်ပါရဲ့။

သူငယ်ချင်း
အဝေးကတေးသံသာ
နားဝယ်မချိုတော့ပြီ......

နံနက်ခင်းရဲ့ နေမင်းရောင်ခြည်
ရင်ဝယ်နွေးထွေးမှု မရနိုင်ပြီ...

သာယာချိုအေးငှက်ကျေးသံလည်း
မခံစားနိုင်တော့ပြီ........

ရစ်ပတ်နှောင်ဖွဲ့ ခင်ခဲ့ကြပြီးမှ
တမ်းတကြေကွဲဖို့
မခွဲရဲဘူး သူငယ်ချင်း။ ။
3th, February '1997 (Mon)

မနက်ခင်း English စာကျူရှင်မှာနဲ့ တူပါရဲ့........။ ယောင်္ကျားလေးသီးသန့် ညဝိုင်းကနေ၊ စာသင်နှစ်ပြီးဆုံးခါနီးမှ ဆရာမကိုအတင်းဂျီတိုက်ပြီး မမင်းရှိရာ မိန်းခလေးသီးသန့်မနက်ဝိုင်းဆီ ပြောင်းတက်လာတဲ့...မမင်းရဲ့ သူငယ်ချင်းလေးက ဒီကဗျာလေးရဲ့ အပေါ် သုံးပိုဒ်ကို သူဗလာစာအုပ်မှာ တိုးလို့တန်းလန်းရေးထားပြီး မမင်းကိုပြခဲ့တာ။ တတ်သည့်ပညာမနေသာတော့ မဟုတ်ရိုးအမှန်။ ရှိသည့်ဝါသနာ မနေသာပဲ..ဆိုပါစို့။ အောက်ဆုံးတစ်ပိုဒ်ကို မမင်းက ရေးပြီး..အဆုံးသတ်ပေးလိုက်တာပါ။ သူရေးချင်နေတဲ့ အဆုံးသတ်ကို မမင်းမယုံကြည်ခဲ့လို့ ကိုယ်ဆုံးစေချင်တဲ့အတိုင်း ရေးထည့်လိုက်ခဲ့တာလည်းဖြစ်နိုင်ပါတယ်။ မခွဲရဲသေးဘူးဆိုပေမယ့်... ခွဲရတော့မှာ သေချာနေခဲ့ပါတယ်။ သူငယ်ချင်းဆိုတဲ့ ဖြူစင်တဲ့ပတ်သတ်မှုနဲ့ပဲ...အဆုံသတ်စေချင်ခဲ့တာ၊ ဖြူစင်စွာအဆုံးသတ်ကြရမယ်ဆိုတာလည်း... အဲဒီအချိန်ကတည်းက မမင်းဘက်က သေချာနေခဲ့လို့ပါပဲ။
ဟုတ်ကဲ့ပါ...အောက်က ကဗျာလေးကိုလည်း သူပဲရေးခဲ့တာပါ........ခေါင်းစဉ်လေးကိုတော့ မမင်းပေးခဲ့တာပေါ့။


ကြိုး

မိုးမှသည် ဆောင်းကုန်နွေ
ရက်မှသည် နှစ်သို့စေ
ပြောင်းလဲခဲ့ အချိန်နာရီတွေ.....

မည်သို့ဆိုစေ ဆယ်တန်းအေရဲ့
ပြန်မရနိုင်ခဲ့တဲ့ အချိန်နာရီတွေပေါ့....

နောက်ဆုံးအချိန် ဒီနွေရက်မှာ
အားလုံးကိုယ်စီ ခွဲခွာခြင်းဝေဒနာကို
ရင်မှာမျိုသိပ် သိုမှိတ်ကြရင်း
တမ်းတခြင်းတို့ ရင်မှာပိုက်လို့
ပြန်လည်ဆုံဆည်းကြဖို့ ရည်ရွယ်မှန်း
ကိုယ်စီအိမ်အပြန်လမ်းမှာ
(တို့တတွေ) လျှောက်လှမ်းခဲ့ကြရပြီပေါ့လေ.......။ ။


အဲဒီကဗျာလေး ခေါင်းစဉ်လည်းမပါဘဲ စာတိုက်ကရောက်လာတဲ့အခါ၊ မမင်းမှာလည်း (အဲဒီကဗျာလေးကိုသူရေးခဲ့တဲ့ ရက်တွေမှာပဲ..ရေးခဲ့မိတဲ့) ကဗျာလေးတစ်ပုဒ် ရှိနေခဲ့ပါတယ်။ လုံးဝ မတိုင်ပင်ဘဲ သိတောင်မသိဘဲရေးဖြစ်ကြတဲ့ ကဗျာလေးနှစ်ပုဒ်မှာ... တူညီတဲ့ ခံစားတွေချက်တွေကို မြင်ရမှာကတော့ သေချာပါတယ်။

" တမ်းခြင်းမျက်ရည် "

15th March, 1997 ရဲ့ည
ခွဲခွာခြင်းရဲ့ အစ
' အင်ကြင်း ' လ္ဘက်ရည်ဆိုင်
ရီဝေစွာထိုင်မိခိုက်
သူ့ အကြိုက်၊ ကိုယ့်အကြိုက်
အလိုက်အထိုက်မှာယူ
အကြိုက်ဆိုတာ တူတတ်ပါသလား
အတွေးများကလှိုက်ဆူ
ရှိုက်ဖိုပူပန်မှုတွေနဲ့
ကြိုတင်ပြီးလွမ်းကြ
သွားရတော့မယ် တစ်နေရာစီ.....

"ဝေးသွားတဲ့အခါ.... နှလုံးသားမှာ...
အမြဲတမ်းသတိရနော်..." တဲ့
ထူးအိမ်သင်ရဲ့တေးသွား
နှလုံးသားကိုတိုက်ဖြို
လ္ဘက်ရည်လည်း မချိုတော့ဘူးလေ...

" ခွဲခွာခြင်းထက်ပိုပြီးကြီးမားတဲ့
ကြေကွဲမှုဆိုတာ မရှိဘူး " တဲ့.......
သူငယ်ချင်းရဲ့စကားနဲ့...
အတူညည်းမိကြတဲ့ တေးသွားတချို့က
ရင်မှာတွယ်ငြိ....ဝေးရသည့်တိုင်..
မေ့နိုင်မယ်မထင်ပါဘူးလေ.....

(96-97) ဆယ်တန်းအေရဲ့
အမှတ်တရအဖြစ်များစွာနဲ့
ခိုလှုံ လုံခြုံ ဖူးခဲ့...
နွေးထွေးငြိမ်းချမ်းတဲ့ရင်ခွင်တစ်ခု
ကောင်းတူဆိုးဘက် မျှဝေခံစား
သူငယ်ချင်းများလည်းပါရဲ့
အားလုံးကိုပဲပေါ့.......
အမေ့ရဲ့ မေတ္တာတရား
ဆုံးမစကားတွေနဲ့အတူ
တစ်သက်တာ တစ်ဘဝ
ထာဝရသိမ်းထားဖို့ဆုံးဖြတ်ရင်း
ပြန်မရနိုင်တော့မှန်းသိရက်...
တမ်းခြင်းမျက်ရည်စက်တို့ 
ဘဝတစ်ကွေ့ ရဲ့ နှုတ်ဆက်ခြင်းအတွက်
တိတ်ဆိတ်စွာ ကြွေသက်ခဲ့ရပေါ့.........

17th, March '1997 (Mon)
ဒီအောက်ဆုံးက ကဗျာလေးမှာတော့...."သူငယ်ချင်း"ဆိုတာ အဲဒီတစ်နှစ်တာအတွက် မမင်းရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့တဲ့ ခိုင်ဇာမွန်(ဓနုဖြူမြို့-ငွေလမင်းစတိုး) ဖြစ်ပြီး၊ "အမေ"ဆိုတာကတော့ မမင်းတို့အတန်းပိုင်ဆရာမပါ (အဲလိုပဲနှုတ်ကျိုးနေအောင်ခေါ်ခဲ့တာမို့ပါ)။

18 January 2010

1996 ကဗျာမှတ်စု

မှတ်မှတ်ရရ ဘဝမှာ ကဗျာရယ်လို့ စရေးဖြစ်တာ ၆တန်းကျောင်းသူဘဝ ကပါ။ အဲဒီတုန်းက မမင်းရဲ့ ဇာတိမြို့လေးမှာ ပြန်ကြားရေးရုံးဆိုတာရှိပါတယ်။ ရှေးဟောင်းသုံးထပ်တိုက်ကြီးရဲ့ မျက်နှာချင်းဆိုင်မှာ ငုတ်စိစိလေးရှိနေတဲ့ မြေစိုက်တိုက်ပုလေးတစ်လုံးသာဖြစ်ပါတယ်။ သူ့နဖူးထိပ်ကအစိမ်းရောင်ဆိုင်းဘုတ်ကြီးမှာတော့ အဖြူရောင်စာလုံးတွေအများကြီးပဲ၊ မမင်း မှတ်မိသလောက်လေးကတော့ "ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့" တဲ့။ ဦးစီးမှုးကဘယ်လိုပုံကြီးလဲ၊ ဘာတွေလုပ်တာလဲဆိုတာ မမင်းလုံးဝမသိပါဘူး။ ဒါပေမယ့် အဲဒီရုံးကလေးကို မမင်း သဘောကျခဲ့တာတော့ အမှန်ပါ။ မေမေ့အတွက် စာအုပ်တွေငှားဖတ်လိုက်၊ လစဉ်စာပေဗိမ္မာန်စာမူဆုရစာအုပ်တွေကို ဝယ်လိုက်နဲ့ အလုပ်ဖြစ်သလို၊ TV/ VDO ရှားသေးတဲ့ခေတ်မို့ အဒေါ်တွေအတွက် စနေနေ့ရုပ်ရှင်တို့ဘာတို့ ကြည့်လို့ရတာကိုး။ ရုံးရှေ့မျက်နှာစာ နေရာလွတ်ဟာ လမ်းမကြီးရဲ့ ပလက်ဖောင်းထိ ကွန်ကရစ်အပြည့်ခင်းထားတာမို့ ညဘက်မှာ မမင်းတို့လိုအနီးအနားပတ်ဝန်းကျင်က ကလေးတွေရဲ့ ကစားခုန်စားပြေးလွှား ကျင်လည်ရာလည်းဖြစ်ခဲ့ပါသေးတယ်။ မမင်းရဲ့ စာပေဝါသနာအစကတော့ ရွှေသွေးကလို့ ပြောရင်ရမယ်ထင်ပါရဲ့။ ဖွားဖွားက အပတ်စဉ် ရွှေသွေးစာစောင်ကို ငွေကြိုပေးစနစ်နဲ့ ဝယ်ပေးတာဖြစ်ပါတယ်။ အိမ်အပေါ်ထပ် ဖိုးဖိုးနဲ့ ဖွားဖွားရဲ့ အိပ်ယာခြေရင်းမှာ အဲဒီတုန်းက မမင်းရဲ့ တစ်ရပ်မြင့်စာ ရွှေသွေးပုံကြီး ၂ပုံတောင်ရှိခဲ့ပါတယ်။ မမင်းက ကျောင်းပိတ်ရက်မှာ အရမ်းဟောင်းသွားတာတွေပြန်ပြန်ဖတ်သလို မျက်စောင်းထိုးမှာရှိတဲ့ ပြန်ကြားရေးရုံးကိုသွားပြီးလည်း....လူကြီးစာဖတ်သူတွေကြား ခပ်တည်တည်ဝင်ထိုင်ပြီး.. ရွှေသွေးပေါင်းချုပ်တွေကို ဟန်ကြီးတစ်ခွဲသားနဲ့ ဖတ်ခဲ့ဖူးတာကလား။ ရွှေသွေးမှာ...ကာတွန်းပါတယ်၊ ကဗျာပါတယ်၊ ပုံပြင်ပါတယ်လေ။ ထားပါတော့ရွှေသွေးကြော်ငြာတာ။ အဲဒီရွှေသွေးဖတ်ရာဌာန ပြန်ကြားရေးရုံးက နှစ်တိုင်းဘာတွေလုပ်တယ်တော့မသိ၊ မမင်း ၆တန်းနှစ်မှာတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနားလုပ်တယ်။ နံရံကပ်စာစောင်ဆိုလား...အဲဒီတော့မှ ကြားဖူးတာပဲ...အဲဒီမှာ ကပ်ဖို့လို့ မမင်း ကဗျာ သုံးပုဒ်တောင်ရေးခဲ့တယ်...တစ်ပုဒ်မရွေး၊ တစ်ပုဒ်တော့ရွေးမှာပဲဆိုပြီးပေါ့....ဟိဟိ။ သွန်းဘုရားကြီး အ.မ.က ကဒုတိယတန်းဆရာမ ဒေါ်အမာကြည်(မေမေ့ရဲ့လုပ်ဖော်ကိုင်ဘက်)က အခြေခံလေးတွေနဲ့ ကာရံတွေအကြောင်းအနည်းအကျဉ်းပြောပြပြီး အားပေးတိုက်တွန်းခဲ့တာပါ။ အမ်မယ် အထင်မသေးလိုက်ပါနဲ့ .... မမင်းရဲ့ကဗျာသုံးပုဒ်လုံး အရွေးခံရ အကပ်ခံရတာဆရာ။ ပန်းချီလေးတွေ ရောင်စုံလေးတွေနဲ့ လှနေတဲ့ ကိုယ့်ကဗျာတွေအောက်မှာ "မဘယ်သူဘယ်ဝါ၊ ဆဌမတန်း(က)၊ အထက(၁)ညောင်တုန်း" လို့ ဒါမျိုးများရေးမယ် ထင်သလား။ မှားသွားမယ်၊ အဲဒီတုန်းက မမင်း မှာဟန်ကျပန်ကျ ကလောင်နာမည်လေးနဲ့ပါ။ ကိုယ့်ဟာကိုယ်ရွေးပြီးပေးခဲ့တာမို့ တော်တော်ကလေးဆန်တဲ့ နာမည်လှလှလေးဖြစ်ပါတယ်။ ခုပြန်တွေးတော့ မေမေ့ကို အံ့သြတယ်။ မေမေက မမင်းရဲ့ ကဗျာတွေကို ဘာမှ edit မလုပ်ပေးတဲ့အပြင်၊ မမင်းရဲ့ ဒီကလေးဆန်လှတဲ့ ကလောင်နာမည်ကို ဘာမှ မဝေဖန်ခဲ့ဘူးလေ။ မေမေက ခုချိန်ထိလည်း မမင်းရဲ့ ကိုယ့်အားကိုယ်ကိုးတဲ့ ရွေးချယ်မှုတွေ၊ ဆုံးဖြတ်ချက်တွေ အားလုံးကို ယုံကြည်ဆဲ၊ လက်ခံဆဲ၊ အားပေးဆဲ၊ ဂုဏ်ယူဆဲ။ အဲဒီတုန်းက ကိုယ့်ကဗျာလေးတွေကို နံရံမှာထောင်ထားတဲ့ ဘုတ်ပြားမှာ နေ့တိုင်းသွားကြည့်ပြီး ကြည်နူးမိခဲ့သလောက် နှစ်အနည်းငယ်ကြာတော့ ကဗျာလေးတွေရေးထားတဲ့ စာအုပ်ပျောက်သွားပါတယ်... အမှတ်တမဲ့ပဲနေခဲ့တာပါပဲ။ အဲဒီနောက်ပိုင်း မမင်းကဗျာတွေ မကြာမကြာရေးတတ်ပေမယ့် သိမ်းထားစုထားရကောင်းမှန်း မသိ၊ ရေးလိုက် ပျောက်သွားလိုက်ပါပဲ။ မမင်း ဆယ်တန်းအောင်ပြီးမှပဲ... ရေးသမျှကဗျာတွေကို စာအုပ်တစ်အုပ်နဲ့သေချာစုဖြစ်ပါတယ်၊ ဆယ်တန်းတုန်းကရေးတဲ့ ကဗျာလေးတစ်ပုဒ် အပါအဝင်ပေါ့...အားလုံး အပုဒ် ၆၀ လောက်ရှိမယ်။ ခုလို ဘလော့လေးတစ်ခု လုပ်ဖြစ်တော့ ကိုယ့်ကဗျာလေးတွေကို တင်ချင်လာမိတယ်...ဘယ်သူဖတ်ဖတ်၊ မဖတ်ဖတ် ကိုယ်ကတော့ တစ်ခါတစ်ခါအချိန်ရရင် ပြန်ဖတ်တတ်တာမို့ online မှာရှိနေရင် အဲဒီဟောင်းနွမ်းလှပြီဖြစ်တဲ့ ကဗျာစာအုပ်လေးကို သယ်စရာ၊ သိမ်းစရာ မလိုတော့ဘူးပေါ့လေ...နော်။ ခက်တာက ကိုယ်က ဝါသနာရှင်အဆင့်မို့ မကောင်းလှတာက တစ်မျိုး၊ ဆယ်ကျော်သက်အရွယ်က ကဗျာလေးတွေဆို ရီချင်စရာဖြစ်နေတာကတစ်မျိုး။ ဒီတော့ကာ ကဗျာချည်းတင်လို့မဖြစ်ချေဘူးဆိုပြီး..ပြန်လည်ခံစားခြင်းဆိုပြီး လုပ်ထည့်လိုက်ရတာပါ။ ခုနှစ်အလိုက် (ဥပမာ-1996 ဆိုရင် ၁၆ နှစ်အရွယ်ကပေါ့) တစ်နှစ်တာစီမှာ ရေးခဲ့သမျှကို တစ်ပိုင်းစာသတ်မှတ်ပြီး တင်မယ်လို့အတွေးပေါက်တဲ့အတိုင်း.......

ကောင်းကင်မေမေ

*အားသစ်ဖြည့်ပေး
ပူပင်ဝေးစေ
ပြုံးပျော်စေသည်
ကြင်နာရေဖြင့်
အေးစေသူ..........
*ရှေ့ဆောင်လမ်းပြ
မားမတ်ရပ်တည်
နစ်နာသည်လည်း
ခွင့်လွှတ်မြဲမို့
ရင်ထဲထွေးပွေ့ 
နွေးစေသူ..........
*အမြင့်ဆုံးက
အလှဆုံးအပွင့်
ဖြစ်စေချင်သည်
ဖြူစင်စေတနာ
မေတ္တာအနန္တနဲ့
လမင်းထက်လှတဲ့
ပန်းများပွင့်စေ၊ မွှေးစေသူ။ ။

7th December '1996 (Sat) - 9:04PM

1996-97 စာသင်နှစ်-အ.ထ.က ဓနုဖြူ၊ ဒသမတန်း (A)၏ အတန်းပိုင်ဆရာမ ဒေါ်သူဇာဝင်းအတွက် ရေးဖွဲ့ ခဲ့ပါသည်။ ထားဝယ်မှာ တာဝန်ကျနေသော မိဘတွေနဲ့ဝေးပြီး၊ ညောင်တုန်းမြို့မှ ချစ်လှစွာသော ငယ်သူငယ်ချင်းတွေနဲ့ဝေးပြီး..ကျောင်းအသစ်မှာနေခဲ့ရတဲ့ အဲဒီနှစ်မှာ အရမ်းထက်မြက်ပြီးစိတ်ကောင်းရှိလွန်းတဲ့ အတန်းပိုင်ဆရာမဒေါ်သူဇာဟာ မမင်းရဲ့ကောင်းကင်ကြီးဖြစ်ခဲ့တာပေါ့။ အဲဒါနဲ့ပဲ ဇော်ဝင်းထွဋ်ရဲ့ သီချင်းခေါင်းစဉ်ကို (ဘာမဆိုင်ညာမဆိုင်)ယူသုံးလိုက်တာပါပဲ =P.

ကိုယ်တိုင်ရေးကဗျာလေးများကိုပြန်လည်ခံစားခြင်း-(1997) ကိုမကြာခင်မှာ တင်ပါမယ်။ ဒီအထိ သည်းခံပြီးဖတ်လာပေးတာကို ကျေးဇူးတင်ပါတယ်။

13 January 2010

အလွမ်း

နေ့ညတွေ အရောင်မဲ့
အာရုံအားလုံး အရသာမဲ့
ငါ့စိတ်ရဲ့ ချွတ်ယွင်းချက်
လွမ်းတတ်နေတာကြောင့်လေ....

07 January 2010

သေပွဲအကြို

ကိုယ့်ကို.. ကိုယ့်အမေက နာကျင်လှစွာသော ဒုက္ခဝေဒနာကြီးစွာခံစားရင်း၊ သေမင်းနဲ့ စစ်ခင်း.. အသက်နဲ့ရင်းပြီး မွေးဖွားပေးခဲ့တဲ့ နေ့၊ ကိုယ့်အဖေက စိုးရိမ်ပူပန်ခြင်းများစွာ၊ ချစ်ခင်ကြင်နာခြင်းများစွာနဲ့ ဆီးကြို ထွေးပိုက်ခဲ့တဲ့နေ့... အဲဒီနေ့တစ်နေ့(ကိုယ့်မွေးနေ့)က လွန်ခဲ့သော နှစ် ၃၀၊ ဒီလိုအချိန်ကပေါ့လေ....။ ဘာလိုလိုနဲ့ ... သေပွဲအကြို အိုပွဲက အကြိမ် ၃၀ နှစ်ပတ်လည်ခဲ့ပါပြီ။



နေ့ရက်တိုင်းဟာ... အပြစ်ကင်းတဲ့ ကုသိုလ်အမှုတွေစွမ်းနိုင်သမျှကြိုးစား ပြုသင့်တဲ့ အဖိုးတန်အချိန်တွေချည်း ဖြစ်ပါတယ်...။ ဒီနေ့ တစ်အိမ်လုံးသန့်ရှင်းရေးကို စေ့စပ်သေချာ စိတ်ပါလက်ပါလုပ်ရင်း.. ကိလေသာအညစ်အကြေးတို့ ကင်းဝေးစင်ကြယ်သူဖြစ်ဖို့ ဆုပန်ခဲ့ပါတယ်... ။အိမ်မှာအတူနေသူငယ်ချင်းများ စားဖို့ ကြာဇံချက်တစ်အိုးချက်ပါတယ်(သူတို့က အရမ်းစားကောင်းတယ်လို့တော့ ပြောရှာကြပါတယ်...သူတို့က ကိုယ့်မွေးနေ့မှန်းမသိကြပါဘူး ...=P )။ ဒီပို့စ်(ဘဝမှာ ပထမဆုံးတင်တဲ့ပို့စ်ဖြစ်ပါတယ်) ရေးပြီး၊ တင်ပြီးသွားရင် ဓမ္မဒူတဇေတဝန်တောရဆရာတော်ဘုရား (ဘုန်းဘုန်းအရှင်ဆေကိန္ဒ) ရဲ့ "ဘဝစံအိမ်တရားတော်" (၂၅-၃၅ လူလတ်တရားစခန်း-၂၀၀၉) အပိုင်း ၈ပိုင်းရှိတာမှာ ၄ပိုင်းပဲ နာရသေးလို့ ဒီည ဆက်လက်နာယူဖို့လည်း ဆုံးဖြတ်ထားပါတယ်။ ဆေးရုံကဆင်းပြီး နောက်ပိုင်းမှာ... စုစောင်းလို့ရရှိထားသမျှ(ဘဏ်စာရင်းမှာရှိသမျှ) ဒေါ်လာရှစ်ထောင်ကျော်ကို ဒီနေ့မှာပဲ... ဖေဖေနဲ့ မေမေကို အားလုံးကန်တော့လိုက်ပါတယ်... နတ်လူသာဓုခေါ်ပါစေသော်။

ပျော်ရွှင်သော မင်္ဂလာရှိသော မွေးနေ့တစ်ခုဖြစ်ဖို့ ကိုယ့်အတွက်တော့... ကိတ်မုန့်တွေ၊ ဖယောင်းတိုင်တွေ၊ သီချင်းတွေ၊ ငွေကုန်ကြေးကျများတဲ့လက်ဆောင်တွေ.. မလိုလားအပ်တဲ့ အပိုအလုပ်ရှုပ်မှုတွေကို.. မလိုအပ်ခဲ့၊ မလိုချင်တတ်ခဲ့တာ ကြာလှပါပြီ။ ချစ်ခင်တဲ့သူတွေ sms/online ကပို့ပေးတဲ့ မေတ္တာဆုမွန်တွေရယ်၊ ကုသိုလ်ပြုနိုင်တဲ့ အချိန်တွေရယ်ရှိရင် ပြည့်စုံကုံလုံနေပါပြီ...။ အပြစ်ကင်းတဲ့ ကုသိုလ်စိတ်သည်သာ... တကယ်ပျော်ရွှင်ကျေနပ်ချမ်းမြေ့တဲ့ စိတ်ဖြစ်ပြီး.. ကုသိုလ်မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံတဲ့ ဘဝကို ပေးစွမ်းနိုင်တာဖြစ်လို့ပါပဲ။

ရတနာမြတ်သုံးပါး၊ ဆရာသမားများ၊ ဖေဖေ၊ မေမေ၊ မောင်လေး၊ ညီမလေး၊ ဝေကီး နဲ့ သူငယ်ချင်းမိတ်ဆွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျန်းမာ၊ ချမ်းသာ၊ ဝမ်းသာကြပါစေသော်။

အမှတ်တရ …တစ်ခုခုလေး ရေးချင်မိလို့ပါ......