Pages

26 January 2010

1997 ကဗျာမှတ်စု

အသက် (၁၇) နှစ်က ကဗျာတွေပါ။ ချစ်တတ်၊ မုန်းတတ်၊ လွမ်းတတ်၊ ခံစားချက်တွေအရှိန်တက်စ အရွယ်ဖြစ်မယ် ထင်ပါရဲ့။

သူငယ်ချင်း
အဝေးကတေးသံသာ
နားဝယ်မချိုတော့ပြီ......

နံနက်ခင်းရဲ့ နေမင်းရောင်ခြည်
ရင်ဝယ်နွေးထွေးမှု မရနိုင်ပြီ...

သာယာချိုအေးငှက်ကျေးသံလည်း
မခံစားနိုင်တော့ပြီ........

ရစ်ပတ်နှောင်ဖွဲ့ ခင်ခဲ့ကြပြီးမှ
တမ်းတကြေကွဲဖို့
မခွဲရဲဘူး သူငယ်ချင်း။ ။
3th, February '1997 (Mon)

မနက်ခင်း English စာကျူရှင်မှာနဲ့ တူပါရဲ့........။ ယောင်္ကျားလေးသီးသန့် ညဝိုင်းကနေ၊ စာသင်နှစ်ပြီးဆုံးခါနီးမှ ဆရာမကိုအတင်းဂျီတိုက်ပြီး မမင်းရှိရာ မိန်းခလေးသီးသန့်မနက်ဝိုင်းဆီ ပြောင်းတက်လာတဲ့...မမင်းရဲ့ သူငယ်ချင်းလေးက ဒီကဗျာလေးရဲ့ အပေါ် သုံးပိုဒ်ကို သူဗလာစာအုပ်မှာ တိုးလို့တန်းလန်းရေးထားပြီး မမင်းကိုပြခဲ့တာ။ တတ်သည့်ပညာမနေသာတော့ မဟုတ်ရိုးအမှန်။ ရှိသည့်ဝါသနာ မနေသာပဲ..ဆိုပါစို့။ အောက်ဆုံးတစ်ပိုဒ်ကို မမင်းက ရေးပြီး..အဆုံးသတ်ပေးလိုက်တာပါ။ သူရေးချင်နေတဲ့ အဆုံးသတ်ကို မမင်းမယုံကြည်ခဲ့လို့ ကိုယ်ဆုံးစေချင်တဲ့အတိုင်း ရေးထည့်လိုက်ခဲ့တာလည်းဖြစ်နိုင်ပါတယ်။ မခွဲရဲသေးဘူးဆိုပေမယ့်... ခွဲရတော့မှာ သေချာနေခဲ့ပါတယ်။ သူငယ်ချင်းဆိုတဲ့ ဖြူစင်တဲ့ပတ်သတ်မှုနဲ့ပဲ...အဆုံသတ်စေချင်ခဲ့တာ၊ ဖြူစင်စွာအဆုံးသတ်ကြရမယ်ဆိုတာလည်း... အဲဒီအချိန်ကတည်းက မမင်းဘက်က သေချာနေခဲ့လို့ပါပဲ။
ဟုတ်ကဲ့ပါ...အောက်က ကဗျာလေးကိုလည်း သူပဲရေးခဲ့တာပါ........ခေါင်းစဉ်လေးကိုတော့ မမင်းပေးခဲ့တာပေါ့။


ကြိုး

မိုးမှသည် ဆောင်းကုန်နွေ
ရက်မှသည် နှစ်သို့စေ
ပြောင်းလဲခဲ့ အချိန်နာရီတွေ.....

မည်သို့ဆိုစေ ဆယ်တန်းအေရဲ့
ပြန်မရနိုင်ခဲ့တဲ့ အချိန်နာရီတွေပေါ့....

နောက်ဆုံးအချိန် ဒီနွေရက်မှာ
အားလုံးကိုယ်စီ ခွဲခွာခြင်းဝေဒနာကို
ရင်မှာမျိုသိပ် သိုမှိတ်ကြရင်း
တမ်းတခြင်းတို့ ရင်မှာပိုက်လို့
ပြန်လည်ဆုံဆည်းကြဖို့ ရည်ရွယ်မှန်း
ကိုယ်စီအိမ်အပြန်လမ်းမှာ
(တို့တတွေ) လျှောက်လှမ်းခဲ့ကြရပြီပေါ့လေ.......။ ။


အဲဒီကဗျာလေး ခေါင်းစဉ်လည်းမပါဘဲ စာတိုက်ကရောက်လာတဲ့အခါ၊ မမင်းမှာလည်း (အဲဒီကဗျာလေးကိုသူရေးခဲ့တဲ့ ရက်တွေမှာပဲ..ရေးခဲ့မိတဲ့) ကဗျာလေးတစ်ပုဒ် ရှိနေခဲ့ပါတယ်။ လုံးဝ မတိုင်ပင်ဘဲ သိတောင်မသိဘဲရေးဖြစ်ကြတဲ့ ကဗျာလေးနှစ်ပုဒ်မှာ... တူညီတဲ့ ခံစားတွေချက်တွေကို မြင်ရမှာကတော့ သေချာပါတယ်။

" တမ်းခြင်းမျက်ရည် "

15th March, 1997 ရဲ့ည
ခွဲခွာခြင်းရဲ့ အစ
' အင်ကြင်း ' လ္ဘက်ရည်ဆိုင်
ရီဝေစွာထိုင်မိခိုက်
သူ့ အကြိုက်၊ ကိုယ့်အကြိုက်
အလိုက်အထိုက်မှာယူ
အကြိုက်ဆိုတာ တူတတ်ပါသလား
အတွေးများကလှိုက်ဆူ
ရှိုက်ဖိုပူပန်မှုတွေနဲ့
ကြိုတင်ပြီးလွမ်းကြ
သွားရတော့မယ် တစ်နေရာစီ.....

"ဝေးသွားတဲ့အခါ.... နှလုံးသားမှာ...
အမြဲတမ်းသတိရနော်..." တဲ့
ထူးအိမ်သင်ရဲ့တေးသွား
နှလုံးသားကိုတိုက်ဖြို
လ္ဘက်ရည်လည်း မချိုတော့ဘူးလေ...

" ခွဲခွာခြင်းထက်ပိုပြီးကြီးမားတဲ့
ကြေကွဲမှုဆိုတာ မရှိဘူး " တဲ့.......
သူငယ်ချင်းရဲ့စကားနဲ့...
အတူညည်းမိကြတဲ့ တေးသွားတချို့က
ရင်မှာတွယ်ငြိ....ဝေးရသည့်တိုင်..
မေ့နိုင်မယ်မထင်ပါဘူးလေ.....

(96-97) ဆယ်တန်းအေရဲ့
အမှတ်တရအဖြစ်များစွာနဲ့
ခိုလှုံ လုံခြုံ ဖူးခဲ့...
နွေးထွေးငြိမ်းချမ်းတဲ့ရင်ခွင်တစ်ခု
ကောင်းတူဆိုးဘက် မျှဝေခံစား
သူငယ်ချင်းများလည်းပါရဲ့
အားလုံးကိုပဲပေါ့.......
အမေ့ရဲ့ မေတ္တာတရား
ဆုံးမစကားတွေနဲ့အတူ
တစ်သက်တာ တစ်ဘဝ
ထာဝရသိမ်းထားဖို့ဆုံးဖြတ်ရင်း
ပြန်မရနိုင်တော့မှန်းသိရက်...
တမ်းခြင်းမျက်ရည်စက်တို့ 
ဘဝတစ်ကွေ့ ရဲ့ နှုတ်ဆက်ခြင်းအတွက်
တိတ်ဆိတ်စွာ ကြွေသက်ခဲ့ရပေါ့.........

17th, March '1997 (Mon)
ဒီအောက်ဆုံးက ကဗျာလေးမှာတော့...."သူငယ်ချင်း"ဆိုတာ အဲဒီတစ်နှစ်တာအတွက် မမင်းရဲ့ အချစ်ဆုံးသူငယ်ချင်းဖြစ်ခဲ့တဲ့ ခိုင်ဇာမွန်(ဓနုဖြူမြို့-ငွေလမင်းစတိုး) ဖြစ်ပြီး၊ "အမေ"ဆိုတာကတော့ မမင်းတို့အတန်းပိုင်ဆရာမပါ (အဲလိုပဲနှုတ်ကျိုးနေအောင်ခေါ်ခဲ့တာမို့ပါ)။

2 comments:

ဇွန်မိုးစက် said...

မင်းရေ..ကဗျာလေးတွေက ဖြူစင်တဲ့ခင်မင်မှုနဲ့ တို့များငယ်ဘဝတွေကို ပြနေတယ်။ တမ်းခြင်းမျက်ရည်ကို သိပ်ကြိုက်တယ်။ ရှိသေးရင် တင်ပါအုံး။ ဇွန်လည်း ငယ်ငယ်က ကဗျာစပ်တာ ဝါသနာကြီးခဲ့သေးတယ်။ ခုတော့ ဘယ်လိုဖြစ်သွားမှန်း မသိဘူး၊ မရေးနိုင်တော့ဘူး။ ကိုယ်မရေးနိုင်ပေမယ့် သူများကဗျာလေးတွေ တင်မယ်လေ။ နောက်တော့ လာဖတ်ကြည့်နော်။

ခင်မင်အားပေးလျက်
ဇွန်မိုးစက်

မမင်း said...

ကိုယ်အရမ်းမကောင်းသေးဘူးဆိုတာ သိပါတယ်။ ဒါပေမယ့် ဇွန်မိုးစက်အားပေးနေလို့ အရမ်းအားတက်ရပါတယ်။ ကြိုးစားပါမယ် မဇွန်။ကျေးဇူးအများကြီးတင်ပါတယ်။ ။