Pages

07 January 2010

သေပွဲအကြို

ကိုယ့်ကို.. ကိုယ့်အမေက နာကျင်လှစွာသော ဒုက္ခဝေဒနာကြီးစွာခံစားရင်း၊ သေမင်းနဲ့ စစ်ခင်း.. အသက်နဲ့ရင်းပြီး မွေးဖွားပေးခဲ့တဲ့ နေ့၊ ကိုယ့်အဖေက စိုးရိမ်ပူပန်ခြင်းများစွာ၊ ချစ်ခင်ကြင်နာခြင်းများစွာနဲ့ ဆီးကြို ထွေးပိုက်ခဲ့တဲ့နေ့... အဲဒီနေ့တစ်နေ့(ကိုယ့်မွေးနေ့)က လွန်ခဲ့သော နှစ် ၃၀၊ ဒီလိုအချိန်ကပေါ့လေ....။ ဘာလိုလိုနဲ့ ... သေပွဲအကြို အိုပွဲက အကြိမ် ၃၀ နှစ်ပတ်လည်ခဲ့ပါပြီ။



နေ့ရက်တိုင်းဟာ... အပြစ်ကင်းတဲ့ ကုသိုလ်အမှုတွေစွမ်းနိုင်သမျှကြိုးစား ပြုသင့်တဲ့ အဖိုးတန်အချိန်တွေချည်း ဖြစ်ပါတယ်...။ ဒီနေ့ တစ်အိမ်လုံးသန့်ရှင်းရေးကို စေ့စပ်သေချာ စိတ်ပါလက်ပါလုပ်ရင်း.. ကိလေသာအညစ်အကြေးတို့ ကင်းဝေးစင်ကြယ်သူဖြစ်ဖို့ ဆုပန်ခဲ့ပါတယ်... ။အိမ်မှာအတူနေသူငယ်ချင်းများ စားဖို့ ကြာဇံချက်တစ်အိုးချက်ပါတယ်(သူတို့က အရမ်းစားကောင်းတယ်လို့တော့ ပြောရှာကြပါတယ်...သူတို့က ကိုယ့်မွေးနေ့မှန်းမသိကြပါဘူး ...=P )။ ဒီပို့စ်(ဘဝမှာ ပထမဆုံးတင်တဲ့ပို့စ်ဖြစ်ပါတယ်) ရေးပြီး၊ တင်ပြီးသွားရင် ဓမ္မဒူတဇေတဝန်တောရဆရာတော်ဘုရား (ဘုန်းဘုန်းအရှင်ဆေကိန္ဒ) ရဲ့ "ဘဝစံအိမ်တရားတော်" (၂၅-၃၅ လူလတ်တရားစခန်း-၂၀၀၉) အပိုင်း ၈ပိုင်းရှိတာမှာ ၄ပိုင်းပဲ နာရသေးလို့ ဒီည ဆက်လက်နာယူဖို့လည်း ဆုံးဖြတ်ထားပါတယ်။ ဆေးရုံကဆင်းပြီး နောက်ပိုင်းမှာ... စုစောင်းလို့ရရှိထားသမျှ(ဘဏ်စာရင်းမှာရှိသမျှ) ဒေါ်လာရှစ်ထောင်ကျော်ကို ဒီနေ့မှာပဲ... ဖေဖေနဲ့ မေမေကို အားလုံးကန်တော့လိုက်ပါတယ်... နတ်လူသာဓုခေါ်ပါစေသော်။

ပျော်ရွှင်သော မင်္ဂလာရှိသော မွေးနေ့တစ်ခုဖြစ်ဖို့ ကိုယ့်အတွက်တော့... ကိတ်မုန့်တွေ၊ ဖယောင်းတိုင်တွေ၊ သီချင်းတွေ၊ ငွေကုန်ကြေးကျများတဲ့လက်ဆောင်တွေ.. မလိုလားအပ်တဲ့ အပိုအလုပ်ရှုပ်မှုတွေကို.. မလိုအပ်ခဲ့၊ မလိုချင်တတ်ခဲ့တာ ကြာလှပါပြီ။ ချစ်ခင်တဲ့သူတွေ sms/online ကပို့ပေးတဲ့ မေတ္တာဆုမွန်တွေရယ်၊ ကုသိုလ်ပြုနိုင်တဲ့ အချိန်တွေရယ်ရှိရင် ပြည့်စုံကုံလုံနေပါပြီ...။ အပြစ်ကင်းတဲ့ ကုသိုလ်စိတ်သည်သာ... တကယ်ပျော်ရွှင်ကျေနပ်ချမ်းမြေ့တဲ့ စိတ်ဖြစ်ပြီး.. ကုသိုလ်မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံတဲ့ ဘဝကို ပေးစွမ်းနိုင်တာဖြစ်လို့ပါပဲ။

ရတနာမြတ်သုံးပါး၊ ဆရာသမားများ၊ ဖေဖေ၊ မေမေ၊ မောင်လေး၊ ညီမလေး၊ ဝေကီး နဲ့ သူငယ်ချင်းမိတ်ဆွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျန်းမာ၊ ချမ်းသာ၊ ဝမ်းသာကြပါစေသော်။

အမှတ်တရ …တစ်ခုခုလေး ရေးချင်မိလို့ပါ......

4 comments:

ဓမ္မဂင်္ဂါ said...

သာဓုဆင့်ပွားလိုက်ပါတယ်။
လွန်ခဲ့တဲ့နှစ်တွေတုန်းက မြတ်ငြိမ်းဘာသာပြန်တဲ့ “ဆရာအို၏ ဘ၀နေ၀င်ချိန်သင်တန်း”ဆိုတဲ့ စာအုပ်လေးမှတ်မှတ်ရရဖတ်ခဲ့ဖူးသလို ဘ၀ဖြတ်သန်းမှု(နေခြင်းသေခြင်း)ဆိုတာတွေအတွက်လည်း အတွေးတွေပွားခဲ့ဖူးပါတယ်။ မူရင်းစာအုပ်ကတော့ Tuesdays with Morris by Mitch Album ပါ။ ၂၀၀၉ ခုနှစ် စင်ကာပူ တိုးပါးရိုးနားက စာအုပ်ဆိုင်ကြီးတစ်ဆိုင်မှာတွေ့လို့ ကောက်ဖတ်ဖြစ်ပါသေးတယ်။ ၀ယ်တော့ မ၀ယ်ဖြစ်ခဲ့ဘူး။ မြန်မာလိုဖတ်လို့ အရသာရှိပြီးသားမို့ပါ။ ဘာပဲဖြစ်ဖြစ် အားကိုးစရာ ကိုယ်ပိုင်ဓမ္မတစ်ရပ်ရှိနေဖို့ပါ။ ဘလော့ကို လာဖတ်သွားတဲ့အတွက်လည်း ကျေးဇူးပါ။ ပေးတာကို ယူတဲ့သူကလည်း ရှိဦးမှကိုး။

ဇွန်မိုးစက် said...

''သေပွဲအကြို'' တဲ့ ကောင်းလိုက်တဲ့ခေါင်းစဉ်။

မင်းရေ... မွေးနေ့ကို အဓိပ္ပာယ်ရှိရှိ ဖြစ်ကျော်နိုင်ခဲ့လို့ မင်းကိုယ်စား ဝမ်းမြောက်ရပါတယ်။ သာဓုလည်း ခေါ်လိုက်တယ်နော်။

''ကုသိုလ်ပြုနိုင်တဲ့ အချိန်တွေရယ်ရှိရင် ပြည့်စုံကုံလုံနေပါပြီ...။ အပြစ်ကင်းတဲ့ ကုသိုလ်စိတ်သည်သာ... တကယ်ပျော်ရွှင်ကျေနပ်ချမ်းမြေ့တဲ့ စိတ်ဖြစ်ပြီး.. ကုသိုလ်မင်္ဂလာအဖြာဖြာနဲ့ ပြည့်စုံတဲ့ ဘဝကို ပေးစွမ်းနိုင်တာဖြစ်လို့ပါပဲ။'' မှတ်သားစရာ ပိုစ့်ကောင်းလေး တစ်ပုဒ်ပါပဲ။ ဒီလို စာကောင်းလေးတွေ ဆက်ရေးပါနော်။

အားပေးနေမယ်။း)

ttshlaing said...

မမင်းရေ............. ရေးထားတဲ.ကဗျာတွေကို အမြဲတမ်းဖတ်ဖြစ်ပါတယ်။ဖတ်ပြီးသားကိုလည်းထပ်ထပ်ပြီးဖတ်ဖြစ်ပါတယ်။ငါကတော.ကိုယ်တိုင်ဖန်တီးရမှာပျင်းတယ်ဟာ။ဒါကြောင်.နင်ဖန်တီးသမျှကို လိုက်အားပေးနေမှာပါ။နင်.ဆီမှာ အမာခံပရိတ်သတ်တစ်ယောက်ရပြီလို.သာမှတ်လိုက်တော.နော်။ဆက်ပြီးတော. ရေးပေးပါလို.လည်းတောင်းဆိုပါတယ်။ကြိုးစားနော်..အားပေးနေမယ်.....

မမင်း said...

ဆရာတော်ဘုရား၊ မဇွန်၊ သူငယ်ချင်းမျိုးကြီး အစဦးဆုံးအားပေးသူတွေ အဖြစ် ဒီနေရာမှာ ကျေးဇူးမှတ်တမ်းတင်ပါတယ်။