Pages

19 April 2010

နှစ်ခါကွဲတဲ့ အသည်း


ပြိုင်ဘက်လည်း မရှိပါကွယ်
" မဲ " ဆိုတာ ပါးစပ်ထဲက ဂဏန်းပါ။

အားနွဲ့ တာမို့ ကြောက်လှပါတယ်...
နောက်တစ်ခါ.... မ " ခွဲ " ပါနဲ့တော့။  ။

13 April 2010

ဘုရားစူးသင်္ကြန်


SMS နဲ့ပက်တဲ့
သင်္ကြန်ရေ
စိုရွှဲနေတာပဲ... Mobile Phone ထဲမှာ။

download ဆွဲထားတဲ့
တူးပို့တေး
မြူးမြူးလေးညံ... Ear-Phoneတပ်လို့ပေါ့။

Forward mail ရဲ့
စတုဒိသာ
မစားရလည်း... ဝ, ခမန်းပါလေ။

Attach File က
ပန်းပိတောက်
set up picture လေးကောက်လုပ်ပြီး။

Urgent အလုပ်တွေ
တန်းစီစောင့်
ရုံးမှာရောက်နေတဲ့ ဒီလိုနေ့မျိုးက...

ဘုရားစူး...
ဒါ... သင်္ကြန်ရက်တွေပါတဲ့.... ။  ။

မမင်း


06 April 2010

ပဌာန်းအကျော် ဗန်းမော်ဆရာတော်ဘုရား


 ပြီးခဲ့တဲ့ Marchလ 20ရက်နေ့(စနေ)၊ 21(တနင်္ဂနွေ)၊ 27(စနေ) နဲ့ 28(တနင်္ဂနွေ) နေ့တွေတုန်းက Jurong East(Informatics Centre) မှာ Lotus Foundation ကဦးစီးဦးဆောင်ပြီးတော့ ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် ရန်ကင်းအေးငြိမ်းရိပ်သာ ဆရာတော်တို့ရဲ့ တရားပွဲတွေကျင်းပခဲ့တာရယ်၊ တိုးပါးယိုးကျောင်းတိုက် သိမ်တော်မှာ ဆရာတော်များ သိက္ခာထပ်အလှူတော်ကျင်းပခဲ့တာကို ဒီက သာသနာတော်အရေး စိတ်ဝင်စားကြသူတိုင်း ကြားသိလိုက်မယ်လို့ ယုံကြည်မိပါတယ်။ ယုံဆို မမင်းကိုယ်တိုင် အဲဒီတစ်ပတ်မတိုင်ခင် ဓမ္မဒူတဆရာတော်ဘုရားရဲ့ တရားပွဲသွားတုန်းကတည်းက တရားပွဲတိုင်းမှာ ဝေယျာဝစ္စဆောင်ရွက်ကြတဲ့ လေးစားခင်မင်ရတဲ့ ဓမ္မမိတ်ဆွေများက ရှေ့တစ်ပတ်ဗန်းမော်ဆရာတော်ဘုရားရဲ့ တရားပွဲနော်၊ လာဖြစ်အောင်လာခဲ့ပါ ဆိုတာမျိုး အားတက်သရောပြောဆို ဖိတ်ကြားခံခဲ့ရသလို၊ SMS, E-mail သတင်းတွေလည်း အစောင်များစွာလက်ခံရရှိခဲ့တာလေ။


မမင်းက လက်ရှိသာသနာမှာ အထင်ကရဆရာတော်များကို အားလုံးနီးပါးသိတယ်လို့ ကိုယ့်ကိုယ်ကို အထင်မြောက်ဟန်တူပါရဲ့၊ ကိုယ်မသိဖူး၊ မကြားဖူးတဲ့ဆရာတော်များရဲ့ တရားပွဲတွေဆို တော်ရုံတန်ရုံ သွားခဲတယ်ဆိုပါတော့။ ဒီတစ်ခါတော့ ကံကောင်းကြီးထောက်မလို့သာ။ ဗန်းမော်ဆရာတော်ဘုရားကို အရင်က မသိပါဘူး၊ ပဌာန်းတရားတော်ဆိုလို့သာ စိတ်ဝင်စားပြီးရောက်သွားတာ။ ထုံးစံအတိုင်း အပြေးအလွှားနဲ့သွား၊ နောက်ကျလို့ အမောတကောဝင်ထိုင်ပြီး မှီရာကားနဲ့ ရောက်ရာနေရာက လိုက်ရတော့တာ။ တော်သေးတာ သီလယူတာမမှီလိုက်ပေမယ့် တရားအစတော့ မှီတယ်။ ပထမဆုံး မမင်းသတိထားမိတာက ဆရာတော်ဘုရားရဲ့ ကြည်လင်တဲ့မျက်နှာတော်နဲ့ ပွင့်လင်းရိုးရှင်းတဲ့ အပြုံးက မေတ္တာဓာတ်၊ မေတ္တာအား။ ကိုယ့်အဖိုးအရင်း၊ အဖေအရင်း နှင့်မခြားသော ချစ်ခင်ယုံကြည် အားကိုးမြတ်နိုးတဲ့စိတ်တွေ ဖြစ်ပေါ်လာတာ ထူးခြားလွန်းတယ်။ ပြီးတော့ သက်တော် ရှစ်ဆယ်ကျော်နဲ့ မလိုက်ဘက်အောင်ပဲ ကြည်လင်ပီပြင်ပြီး အောင်မြင်လှတဲ့ အသံတော်မှာလည်း ကရုဏာအား၊ စရဏအားတွေပြည့်ဝနေတယ်လို့ ခံစားလိုက်မိတယ်။ မမင်းက ပဌာန်းနိဒ္ဒေသကို ဘယ်နေရာက ဘယ်လိုရောက်ရောက် ညက်ညက်ကျေနေအောင် အလွတ်ရနေတာဖြစ်လို့ စာအုပ်ကိုကြည့်ပြီးအာရုံစိုက်စရာ မလိုလို့လည်းဆရာတော်ဘုရားကို သေချာအာရုံစိုက်ဖူးမြော် နာယူမိတာလဲ ဖြစ်နိုင်ပါတယ်။


နောက်တစ်ခုကတော့ နက်နဲလှတဲ့ ပဌာန်းတရားတော်ကို နက်နဲလှတဲ့ချဉ်းကပ်နည်းမျိုးနဲ့ ရသမျှအချိန်လေးမှာ ကျစ်ကျစ်လစ်လစ်နဲ့ နားလည်လွယ်အောင်ဟောသွားတဲ့ တစ်မူထူးခြားတဲ့ ဟောနည်း၊ ဟောဟန်ဖြစ်ပါတယ်။ ဘုရားရှင်အလို တရားတော်ကိုလက်ခံပုံနည်း အဆင့် ၄ မျိုးကို ဆရာတော်ဘုရားရှင်းပြပြီးနောက် ပဌာန်းပစ္စည်းတစ်ခုစီတိုင်းအတွက်၊

နံပါတ်(၁) နားဖြင့်နာယူနားထောင်ခြင်း အဆင့်အတွက် ဆရာတော်ကအရင် ရွတ်ဆိုပြပါတယ်။

နံပါတ်(၂) အဆင့် နှုတ်ဖြင့်ကိုယ်တိုင် ရွတ်ဆောင်ခြင်း အတွက် တရားနာပရိတ်သတ်ကို ရွတ်ဆိုပူဇော်စေပါတယ်။

နံပါတ်(၃)အဆင့်ကတော့ စိတ်ဖြင့်အနက်အဓိပ္ပာယ်သိအောင် ကြံစည်ဆင်ခြင်ခြင်း ဖြစ်ပါတယ်။ ဒီအဆင့်မှာတော့ ဆရာတော်ဘုရားက အနက်သိလွယ်ရုံ အကျယ်ဖွင့်ဟောပြသွားတာ တချို့ကို မမင်းညဏ်မှီသဘောပေါက်လိုက်သမျှ နည်းနည်းဖောက်သည်ချချင်ပါတယ်။ ပဌာန်းဆိုတာ ပဌာနပါဠိကလာတာဖြစ်ပြီး "လိုရင်းဖြစ်သော(ပြဌာန်းသော) အကြောင်းတရားလို့ အဓိပ္ပာယ်ရှိတာကြောင့် သဘောတရားတိုင်းရဲ့ အကြောင်းတရား(ပစ္စည်း)၊ အကျိုးတရား(ပစ္စယုပ္ပန်) နဲ့ အကြောင်းအကျိုးတို့ ဆက်နွယ်ထောက်ပံ့ကျေးဇူးပြု ဖြစ်ပျက်ပုံ(ပစ္စယ သတ္တိ) တွေကို သဘောပေါက်နားလည်ရမှာဖြစ်ပါတယ်။ သဒ္ဒါလိုကတော့ ပစ္စည်း(ကတ္တား)၊ ပစ္စယုပ္ပန်(သမ္ဗဓာန်) နှင့် ပစ္စယသတ္တိ(ကရိုဏ်း) ဆိုပြီးခေါ်ပါတယ်။ ပစ္စည်းတစ်ခုစီတိုင်းကို ဒီ ၃ မျိုးနဲ့ဆရာတော်ဘုရား ရှင်းလင်းဟောကြားသွားခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံးပစ္စည်း ဟေတုပစ္စယောတစ်ခုကိုပဲ မမင်းဥပမာအနေနဲ့ ဆရာတော်ဟောတာကို မှီသလောက်ကြိုးစားရှင်းပြပါမယ်။ ဒီတစ်ခေါက် Singapore မှာလည်း ဆရာတော် အကုန်ပြီးအောင် ဟောမသွားနိုင်လိုက်ပါဘူး၊ အပိုင်းလေးပိုင်း လေးချိန်တည်းမို့ ၁၃ ပစ္စည်း၊ ကမ္မပစ္စယောထိပဲပြီးလိုက်တာပါ။ အပါယ်တံခါးပိတ် တရားတော်နဲ့ နိဗ္ဗာန်တံခါးဖွင့် တရားတော် နှစ်ပုဒ်ကိုလည်း ချီးမြှင့်သွားပါသေးတယ်။ ပဌာန်းတရားအပြည့်အစုံကိုတော့ ဓမ္မဒါနဝေငှ လှူတန်းခဲ့ကြတဲ့ DVD မှာနာယူနိုင်ပါတယ်။ စမ်းချောင်း၊ ကံမြင့်ကျောင်းတိုက်မှာ အပိုင်း(၁၀)ပိုင်းခွဲဟောထားတာက အပြည့်အစုံဖြစ်ပါတယ်။ DVD မရလိုက်လို့ လိုချင်တဲ့သူများ မမင်းထံအကြောင်းကြားပါ။ ဗန်းမော်ဆရာတော်ကြီး ၏ မြတ်ပဌာန်းဒေသနာနှင့် ဝိပဿနာဥာဏ်စဉ် တရားတော်များ ဒီနေရာမှာလည်း ရနိုင်ပါတယ်။ ကြော်ငြာဝင်လိုက်ပြီးပြီဆိုတော့ ဟေတုပစ္စယောကို ဆက်လိုက်ပါရစေဦး။ ပြီးရင်လည်း ဆရာတော်ဘုရား ထူးခြားတာတွေ မမင်းကြားသိရသမျှ ဆက်ရေးချင်သေးတာကြောင့်ပါ။


ဟေတုပစ္စယောတိ... ဆိုတာ ဘုရားရှင်က ဟေတုပစ္စည်းကို အကျယ်ချဲ့ဟောပါတော့မယ်လို့ ဦးတည်လိုက်တာပါတဲ့။

ဟေတူ=ဟိတ် ၆ ပါး တရားတို့သည် (ပစ္စည်း၊ အကြောင်းတရားများအဖြစ်)၊

ဟေတုသမ္မယုတ္တကာနံ=ဟိတ်နှင့်ယှဉ်ကုန်သော၊ ဓမ္မာနံ=သဟိတ်စိတ် ၇၁ပါးနှင့် ကျန်စေတသိက်၅၂ပါးတို့ကိုလည်းကောင်း၊ တံသမုဌာနာနဉ္စ=ထိုစိတ်စေတသိက်တရားတို့ကြောင့် ဖြစ်ပေါ်၍လာကုန်သော၊ ရူပါနံ=စိတ္တဇရုပ်၊ ပဋိသန္ဓေကမ္မဇ ရုပ်တရားတို့အားလည်းကောင်း (ပစ္စယုပ္ပန်၊ အကျိုးတရားများဖြစ်ပေါ်လာအောင်)၊

ဟေတုပစ္စယေန=(သစ်ပင်၏ ရေသောက်မြစ်သည် သစ်ပင်တစ်ပင်လုံး ဖွံဖြိုးကြီးထွား ဖြစ်ပေါ်လာအောင် ကျေးဇူးပြုထောက်ပံ့ပေးသကဲ့သို့) ဟေတု=အမြစ်မူလတရားအဖြစ်(ဟေတုပစ္စယသတ္တိဖြင့်)၊ ပစ္စယော=ကျေးဇူးပြုတတ်(ဖြစ်စေတတ်)သည်၊ ဟောတိ ဖြစ်၏။


ဒီနေရာမှာ ဆရာတော်ဘုရားက ဟိတ် ၆ ပါးဆိုတာဟာ လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အကုသိုလ်ဟိတ် ၃ပါး နှင့် အလောဘ၊ အဒေါသ၊ အမောဟဆိုတဲ့ ကုသိုလ်ဟိတ်(သို့) အဗျာကတဟိတ် ၃ပါးတို့ ဖြစ်ကြောင်း၊ စေတသိက်တရား(နာမ်တရားဖြစ်ကြောင်း)၊ ထိုဟိတ်တို့ကြောင့်ဖြစ်သော သဟိတ်စိတ်များမှာ (အမြစ်တစ်ချောင်းရှိသော သစ်ပင်၊ နှစ်ချောင်းရှိသော သစ်ပင်စသည်ရှိသလို) ဧကဟိတ်၊ ဒွိဟိတ်၊ တိဟိတ်စိတ်ဟူ၍ကွဲပုံ၊ ဟိတ်မယှဉ်သောစိတ် အဟိတ်စိတ် ၁၈ ပါးတို့ ဟေတုပစ္စည်းတွင် မပါဝင်ပုံ။ ဟိတ်ကြောင့် စိတ္တရုပ်၊ ပဋိသန္ဓေကမ္မဇရုပ် တို့ဖြစ်ပုံနှင့် ထိုအကျိုးပစ္စယုပ္ပန်တရားများသည်လည်း နာမ်တရားရုပ်တရားတို့သာ ဖြစ်ကြောင်းဖြင့် ညဏ်စဉ်လေးပါး အထိရောက်အောင် လမ်းပြဟောပြောတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ရှေ့မှာ ဘုရားအလို တရားခံယူနည်း အဆင့် ၄ မျိုးအရ နောက်ဆုံးဆင့်...

နံပါတ်(၄)အဆင့် က နာပြီး၊ ရွတ်ဆောင်ပြီး၊ စိတ်ဖြင့်သဘောပေါက်ပြီးသော တရားတော်ကို ဝိပဿနာညဏ်ဖြစ်အောင် လက္ခဏာရေး ၃ ပါးတင်ပြီး ရှု့မှတ်ပွားများသိမြင်ခြင်း ဖြစ်လို့ပါပဲ။


ဝိပဿနာညဏ်စဉ် ပထမ ၄ ဆင့်ကတော့

နံပါတ်(၁) ရုပ်နာမ်တရားတို့ကို ခွဲခြားသိမြင်သော နာမရူပ ပရိစ္ဆေဒညဏ်၊

နံပါတ်(၂) ထိုခွဲခြားသိမြင်ပြီးသော ရုပ်နာမ်တရားတို့ရဲ့ အကြောင်းအကျိုး(ပစ္စည်း၊ ပစ္စယုပ္ပန်) တို့ကို သိမြင်သော ပစ္စယ ပရိဂ္ဂဟညဏ်၊

(ဒီညဏ်နှစ်မျိုး ဖြစ်လာရင် အပါယ်တံခါးပိတ်တဲ့ စူဠသောတာပန်လို့ ဆရာတော်ဘုရားဖြည့်စွက်ဟောသွားပါသေးတယ်)၊

နံပါတ်(၃) ရုပ်နာမ်တရား၊ လောကဓမ္မများကို သုံးသပ်ဆင်ခြင်သော သမ္မသနညဏ်၊

နံပါတ်(၄) ရုပ်နာမ်တို့၏ အဖြစ်အပျက်ကို ရှူဆင်ခြင်သိမြင်သော ဥဒယဘယညဏ် တို့ဖြစ်ပါတယ်။ နောက်ညဏ် ၂ မျိုးကိုရပြီဆိုရင်တော့ နိဗ္ဗာန်ကို အနှေးနဲ့အမြန် ဧကန္တရောက်ရတော့မှာ ဖြစ်တယ်။ ဝိပဿနာ ညဏ်စဉ် ၁၀ ပါးမှာ လိုရင်းကတော့ အဖြစ်အပျက်ကို သိမြင်သော ဥဒယဘယညဏ်လို့ ဆရာတော်မိန့်ပါတယ်။ ခုလို ဗဟုသုတနာကြားသိကနေ ထိုးထွင်းအသိ(ညဏ်သိ) အဆင့်ရောက်အောင် အကြိမ်ကြိမ် ရွတ်ဆို၊ နှလုံးသွင်း၊ ပွားများလေ့ကျင့်ဖို့ ဆရာတော်ဘုရားမှာ ကြားသွားပါတယ်။


ဒီလောက်ဆိုရင် ဆရာတော်ဘုရားကြီးရဲ့ ဝိဇ္ဇာ၊ စရဏတရားအားတွေကို ညဏ်ကြီးသူများရိပ်မိနိုင်ပါပြီ။ မမင်းက ပထမနေ့ တရားနာပြီးကတည်းက g-talk online status မှာ တရားတော်တွေ အရမ်းကောင်းပါတယ်လို့ တင်ထားသလို ဝါသနာပါတတ်တဲ့ သူငယ်ချင်းတွေကိုလည်း ဖုန်းနဲ့တစ်မျိုး၊ ချတ်တင် ကနေတစ်မျိုး တရားတော်တွေကောင်းကြောင်း၊ ဆရာတော်ကြည်ညိုစရာကောင်းကြောင်း ပြောဖြစ်ပါတယ်။ ဖြစ်ချင်တော့ တိုက်တိုက်ဆိုင်ဆိုင်ပါ။ ဆရာမဒေါ်သူဇာရဲ့ မေမေက ဒီ25ရက်နေ့မှာ မျက်စိခွဲမယ်ပြောထားတာမို့ မမင်းက 26ရက်နေ့ညမှာ ဖုန်းဆက်ပြီးသတင်းမေးပါတယ်။ ဒီတော့ဆရာမက... အဖွားမျက်စိမခွဲဖြစ်ဘူး၊ သီသီလေးကပ်ပြီး ကံကောင်းသွားတာ မှားတော့မလို့ဆိုပြီး အစချီလို့ပေါ့လေ... ဟိုတလောကတည်းက နင့်အဖွားရဲ့ depression ကိုကုရတာ၊ ငါပါ depression ဝင်သလိုဖြစ်သွားတယ်။ အကြောင်းမယ်မယ်ရရ မရှိဘဲ စိတ်တွေရှုပ်ထွေး ပင်ပန်းနေတာပဲ၊ ပူလောင်လိုက်တာသမီးရယ် တော်တော်ဖြစ်တာတဲ့။ "ကံကောင်းလို့သမီးရေ၊ ကယ်တင်ရှင်က ဗန်းမော်ဆရာတော်ဘုရားရဲ့ ပဌာန်းတရားပေါ့၊ နင်တော့သိမှာမဟုတ်ဘူး၊ ဒီတစ်ခါလူကြုံတာနဲ့ ငါအခွေပို့ပေးမယ်"တဲ့ ပြောသေးတာ ဆရာမက။

"ဒီရက်ပိုင်းထဲမှာ အမှတ်မထင် အဲဒီတရားကို ကလေးမလေးကဖွင့်ပေးတာ၊ ဘယ်သူဓမ္မဒါနပြုလို့ ဘယ်ကနေရလာတယ်လည်း မသိပါဘူး၊ ငါကလည်း ဆရာဝန်ကြီးကြီးနဲ့မှ ဆေးထိုးချင်တဲ့လူစား မျိုးဆိုတော့လေ ဗန်းမော်ဆရာတော်ဘုရားကို မသိတော့ သေချာဂရုစိုက်ပြီးမနာမိဘူး၊ သာမန်လောက် နာရင်းနာရင်းမှ သတိပြုမိလာတယ်၊ ဆရာတော်ဘုရား တရားဟောတဲ့အသံနဲ့ ပဌာန်းရွတ်တဲ့ အသံမတူဘူး၊ အသံတော်ကလည်းထူးခြားတယ်၊ မင်းကွန်းဆရာတော်ဘုရားအကြောင်းတွေ ထည့်ပြောတာလည်းကြားတော့မှ ပေါ့ပေါ့မဟုတ်ဘူးဆိုပြီး၊ ညတိုင်းဖွင့်ပြီး နာဖြစ်တာ၊ သိသိသာသာ စိတ်တွေအေးချမ်းလာလိုက်တာ။ မနေ့ညကတော့ ည၁၂နာရီလောက်ကြီး တစ်အိမ်လုံးကို မွှေးနေတော့တာပဲ၊ အရမ်းထူးခြားတယ်။ စီးပွားရေးတွေကလည်း ငါကိုယ်တိုင် နယ်သွားစရာမလိုပဲ လက်ခွဲ တွေ၊ နယ်ဆင်းရောင်းတဲ့ သူတွေက အရမ်းကို ရောင်းကောင်းကြတာအံ့ကိုသြရော၊ အိမ်မှာနေရင်း ဝင်ငွေတွေကောင်းပြီး အဆင်ပြေနေတာလေ။ ဒီမနက်တော့ အဖွားမျက်စိခွဲဖို့ လိုအပ်တာတွေကားပေါ်တင်ပြီး သွားခါနီးနီးမှ အဲဒီဆရာဝန်အကြောင်းသေချာသိလိုက်ရလို့ မသွားဖြစ်တော့ဘူး။ ဒီလိုဘေးအန္တရယ်ကင်းတာ၊ ထူးခြားတဲ့ကောင်းကျိုးတွေ ရတာဟာ ဒီတရားကြောင့်လို့ပဲ သေသေချာချာယုံတယ်" လို့ပြောပြပါတယ်။


မမင်းကလည်း "ဗန်းမော်ဆရာတော်ဘုရားက ခုSingaporeမှာလေ။ အရင်တစ်ပတ်က အမေ online လာတော့ တရားတွေကောင်းလိုက်တာဆိုတော့ နင်တရားနာနေတာလားလို့ သမီးကိုမေးတာလေ၊ အဲဒါ ဗန်းမော်ဆရာတော်ဘုရားရဲ့ တရားပွဲသွားခဲ့တာလေ။ သိမ်ဆင်းမှာ ဝတ္ထုငွေပဲလောင်းချင်လို့ ကောင်းပါ့မလားလို့ အမေ့ကိုမေးခဲ့တာလဲ ခုလာမယ့်တနင်္ဂနွေ ဆရာတော်ဘုရားသိက္ခာထပ်၊ သိမ်ဆင်းအတွက်လေ။ " လို့ခပ်ကြွားကြွားလေးပြောမိတော့တယ်။ အဲဒီတော့ ဆရာမက ဝမ်းသာအားရတွေဖြစ်၊ visit နဲ့အလုပ်လာရှာနေတဲ့ မမင်းရဲ့ သူငယ်ချင်းအတွက်လည်း အရမ်းကံကောင်းတယ်ဆိုပြီး ဆရာတော်ဘုရား ဂျပန်ကိုသိမ်သမုတ်ပွဲကြွတုန်းက အကြောင်းလေးပြောပြပါသေးတယ်။ ခင်ဥမ္မာမြိုင် ဆိုတဲ့တစ်ယောက်က ဆရာတော်ဘုရားကို ကြည်ညိုတော့ ညနေတိုင်း အဖျော်ရည်ကပ်တယ်တဲ့၊ ဆရာတော်ဘုရားက နင်နေ့တိုင်းလာလှူနေတာ ဘာအလုပ် လုပ်တုန်း၊ ပိုက်ဆံတော်တော်ရှိလားလို့ မေးတယ်တဲ့။ သူက မရှိပါဘူးဘုရား၊ အလုပ်လာရှာတာမရလို့ နေထိုင်ခွင့်လည်းကုန်တော့မှာကြောင့် မြန်မာပြည်ပြန်ရတော့မှာပါဘုရားလို့ လျှောက်တယ်တဲ့။ ဒီတော့ ဆရာတော်ဘုရားက ခင်ဥမ္မာမြိုင် အလုပ်မရလို့တဲ့၊ ရစေ... လို့ရီရီမောမောပြောပါသတဲ့။ အဲဒီနေ့ည ဆယ်နာရီမှာပဲ သူဌေးကဖုန်းဆက်ပြီး နက်ဖြန်ခါအလုပ်ဆင်းတော့လို့ အလုပ်ခန့်ပါတယ်တဲ့။ ဒါနဲ့ သူ့လိုဖြစ်နေတဲ့ ကြည်ပြာဆိုတဲ့ သူ့သူငယ်ချင်းကို ပြောပြလို့ နောက်တစ်နေ့မှာ ကြည်ပြာက ဆရာတော်ဘုရားဆီလိုက်ဖူးမြော်ပြီး အလုပ်မရတဲ့အကြောင်း လျှောက်ပါတယ်တဲ့။ ဆရာတော်ဘုရားက ခင်ဥမ္မာမြိုင်တုန်းကလိုပဲ ပြောပါတယ်တဲ့။ အဲဒီ ကြည်ပြာလည်း နောက်တစ်နေ့မှာပဲ အလုပ်အသစ်ရခဲ့တယ် လို့ဆိုပါတယ်။ ဆရာတော်ဘုရားက ငါ့တန်ခိုးရှိလို့ မဟုတ်ပါဘူး၊ ဘုရားရှင်ရဲ့တရားတော်တွေက တန်ခိုးကြီးတာကြောင့် ရွတ်ပါများလို့ပါးစပ်က သိဒ္ဓိပေါက်သွားတာလို့ပြောပါတယ်တဲ့။ ဒါကြောင့်ဆရာတော်ဘုရားက ကိုယ်တိုင်ရွတ်ဆိုကြဖို့လည်း တိုက်တွန်းထားပါတယ်တဲ့။ ဆရာတော်ဘုရားကို သေချာအနီးကပ်ဖူးမြော်ကြည်ညိုဖို့၊ မွန်မွန်မြတ်မြတ်စွမ်းနိုင်သမျှလှူဖို့ မမင်းသူငယ်ချင်းကိုလည်း အလုပ်ရှာနေတဲ့အကြောင်း ဆရာတော်ကို လျှောက်ဖြစ်အောင်လျှောက်တင်ဖို့၊ မမင်းကိုလည်း အချိန်ရရင် ဆရာမတို့မိသားစုက မဖူးမြော်မလှူတန်းဖူးပါဘဲနဲ့ တရားတွေနာပြီး အကျိုးကျေးဇူးတွေရလို့ ကျေးဇုးအထူးတင်ရှိကြောင်းနဲ့ ပြစ်မှားမိသည်များရှိခဲ့ပါက သီးခံခွင့်လွတ်ပါရန်အကြောင်း လျှောက်ထားခိုင်းပါတယ်။


ဒီလိုနဲ့ စနေနေ့တရားပွဲမှာတော့ အစားအသောက်ကို လမ်းမှာအပြီးစားပြီး၊ တရားပွဲကိုအချိန်မှီသွားခဲ့ပါတယ်။ ခဏနားချိန်မှာ ကင်းတင်းက အကျွေးအမွေးအစီအစဉ်ဘက် ခြေဦးမလှည့်ဘဲ ဆရာတော်ကိုဖူးခွင့်ရဖို့ ချောင်းရပါတော့တယ်။ အဲဒီနေ့က ဆရာတော်က ပထမပွဲဟောတာဖြစ်ပြီး၊ ပြီးတာနဲ့ Lotus Foundation ကစေတနာရှင်တွေနဲ့ဓာတ်ပုံရိုက်ပြီးနောက် ဘယ်သူကလုယက် ပင့်သွားသည်မသိရ၊ ဖူးခွင့်မရလိုက်ပါဘူး။ နောက်နေ့ တနင်္ဂနွေမှာတော့ မမင်းက မနက် ၆ နာရီထ၊ တစ်အိမ်သားလုံးစာ ကော်ဖီဖျော်၊ ပေါင်မုန့်မီးကင်ပြီး တစ်အိမ်လုံးကိုနှိုးပြီး သိမ်ဆင်းသွားလောင်းကြပါတယ်။ လားလား ဆရာတော်ဘုရားရဲ့ပရိတ်သတ်က အုံးအုံးကျွက်ကျွက် အလုအယက်ဖူးကြ၊ လျှောက်ကြ၊ ပင့်ကြ။ မမင်းတို့သာမသိလိုက်တာ၊ သိတဲ့သူတွေနည်းတာမဟုတ်ဘူး ဆိုတာအဲဒီတော့မှ သဘောပေါက်မိတယ်။ ဆရာတော်ဘုရားကိုတော့ အနီးကပ်ဖူးလေ မေတ္တာဓာတ်၊ ဓမ္မဓာတ်တွေကြောင့် အအေးဓာတ်ကိုပိုပြီး သတိပြုခံစားမိရလေပါပဲ။ မစိမ်းစိမ်းဆိုတဲ့ ဓမ္မမိတ်ဆွေအစ်မကို တရားပွဲမှာ မမြင်မိဘူးနော်လို့ နှုတ်ဆက်တဲ့အခါ မစိမ်းစိမ်းက တရားပွဲမရောက်ဖြစ်ပေမယ့် ဆရာတော်ကြီးကို အိမ်မှာပင့်ပြီး နေ့ဆွမ်းကပ်၊ ပဌာန်းရွတ်ပွဲလုပ်တယ်တဲ့။ ဓာတ်ပုံတွေကို သူ့ Camera လေးဖွင့်ပြီးတော့ ဝမ်းသာအားရပြပါတော့တယ်။ လားလား ပဌာန်းရေထည့်ထားတဲ့ ဖန်ချိုင့်ကြီးတွေထဲမှာ ရေပူပေါင်းကြီးတွေ သီးလို့။ မမင်းတို့ကတော့ သိမ်ဆင်းလောင်း၊ သီလယူ ဆရာတော်ဘုရား မေတ္တာခံယူပြီးနောက် ကုသိုလ်ပီတိတွေ ဂွမ်းဆီထိပြီး၊ ညနေ နောက်ဆုံးနေ့တရားပွဲမို့ စိတ်ဇောအားကြီးပြီး အချိန်ကိုသတိမမူမိတော့ဘဲ အချစ်ဆုံးတွေကို ဖုန်းဆက်ပြီးတရားပွဲလာစေချင်တယ်လို့ ပြောတော့တာကလား။ သုံးယောက်လောက်ကို ပြောပြီးမှပဲ... အဲ.. ငါ... စောစောစီစီး သူများကို အိပ်ယာကလိုက်နှိုးသလို ဖြစ်နေပါပေါ့လားလို့ သဘောပေါက်ပြီး ကိုယ့်ကိုယ်ကို ဘရိတ်အုပ်ပြီးသကာလ ညီမလေးတစ်ယောက်ရဲ့အိမ်တက်အလှူကိုသွား။ ညနေတရားပွဲကိုသွား။ ဒီကြားထဲ ရတတ်သမျှအချိန်လေးမှာတော့ လက်လှမ်းမှီသမျှဖုန်းဆက်ပြီး တရားပွဲလာဖို့နှိုးဆော်တိုက်တွန်းမှု ပြုဖြစ်ပါသေးတယ်။ ဒါပေမယ့်လူစုံအောင် မပြောလိုက်နိုင်လို့ လွတ်သွားတဲ့ အချစ်ဆုံးများအတွက် စိတ်မကောင်းဖြစ်မိလို့ ဒီပို့စ်ကိုရေးပါတယ်။ ဒီတစ်ခါကြုံကြိုက်ရင် ဖူးခွင့်ထိုက်စေချင်လို့ပါ။ ဆရာတော်ဘုရားကြီးကို နောက်တစ်ကြိမ်တရားပွဲ ပင့်ဖို့လည်း Lotus Foundation ကကြိုးစားမယ်လို့ သိရပါတယ်။


ညတရားပွဲအပြီး တစ်ကမ္ဘာလုံး ပဌာန်းပြိုင်တူရွတ်ပွဲ(Lotus Foundation ရဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ Idea ကောင်းဖြစ်ပါတယ်) အပြီးမှာတော့ ဆရာတော်ဘုရားကို ခဏဖူးမြော်ခွင့်ပေးပါတယ်။ အဲဒီမှာ မမင်းတို့သူငယ်ချင်း နှစ်ယောက်လုံး လျှောက်ချင်တာတွေလည်း လျှောက်လိုက်ရပါတယ်။ လူတွေက များလွန်းလို့ မမင်းက ရန်ကုန်ကဆရာမ ဒေါ်သူဇာဝင်းတို့ မိသားစုက... ဆိုပြီး အကျိုးအကြောင်း အကျဉ်းချုပ်လေးလျှောက်တော့ ဆရာတော်က ပြုံးပြုံးလေး နားထောင်ရာက "အေးကွယ် ကျန်းမာ၊ ချမ်းသာကြပါစေ" တဲ့ပြောပြီး ဟိုဘက်တစ်ယောက်ဘက် လှည့်သွားတယ်။ မမင်းက အသံနည်းနည်းထပ်မြှင့်ပြီး ဆရာမတို့မိသားစု၊ သမီးတို့မိသားစု အားလုံးက ဆရာတော့်အပေါ် ပြစ်မှားမိတဲ့အပြစ်တွေ ရှိရင်ခွင့်လွှတ်တော်မူပါလို့ လျှောက်ဖြစ်အောင် ခပ်မြန်မြန်လေးဆက်တိုက် လျှောက်တော့ ဆရာတော်က ပြန်လှည့်လာပြီး "အေး၊ ခွင့်လွတ်ပါတယ်ကွယ်" လို့လှိုက်လှိုက်လှဲလှဲကြီး ပြောပါတယ်။


ဗန်းမော်ဆရာတော်ဘုရားရဲ့ တရားပွဲများကို စီစဉ်ပေးသော စီစဉ်သူများအားလုံး၊ အလှူရှင်အားလုံး အထူးသဖြင့် Lotus Foundation မှဆရာတော်နှင့် အစ်ကိုအစ်မမောင်ညီမများ၊ ဆရာတော် ဦးသုပီယနှင့် တပည့်တကာ၊ တကာမများအား ဤပို့စ်ဖြင့် လေးစားစွာ ကျေးဇူးမှတ်တမ်းတင်လိုက်ပါတယ်။ ။