Pages

18 January 2010

1996 ကဗျာမှတ်စု

မှတ်မှတ်ရရ ဘဝမှာ ကဗျာရယ်လို့ စရေးဖြစ်တာ ၆တန်းကျောင်းသူဘဝ ကပါ။ အဲဒီတုန်းက မမင်းရဲ့ ဇာတိမြို့လေးမှာ ပြန်ကြားရေးရုံးဆိုတာရှိပါတယ်။ ရှေးဟောင်းသုံးထပ်တိုက်ကြီးရဲ့ မျက်နှာချင်းဆိုင်မှာ ငုတ်စိစိလေးရှိနေတဲ့ မြေစိုက်တိုက်ပုလေးတစ်လုံးသာဖြစ်ပါတယ်။ သူ့နဖူးထိပ်ကအစိမ်းရောင်ဆိုင်းဘုတ်ကြီးမှာတော့ အဖြူရောင်စာလုံးတွေအများကြီးပဲ၊ မမင်း မှတ်မိသလောက်လေးကတော့ "ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ ညောင်တုန်းမြို့" တဲ့။ ဦးစီးမှုးကဘယ်လိုပုံကြီးလဲ၊ ဘာတွေလုပ်တာလဲဆိုတာ မမင်းလုံးဝမသိပါဘူး။ ဒါပေမယ့် အဲဒီရုံးကလေးကို မမင်း သဘောကျခဲ့တာတော့ အမှန်ပါ။ မေမေ့အတွက် စာအုပ်တွေငှားဖတ်လိုက်၊ လစဉ်စာပေဗိမ္မာန်စာမူဆုရစာအုပ်တွေကို ဝယ်လိုက်နဲ့ အလုပ်ဖြစ်သလို၊ TV/ VDO ရှားသေးတဲ့ခေတ်မို့ အဒေါ်တွေအတွက် စနေနေ့ရုပ်ရှင်တို့ဘာတို့ ကြည့်လို့ရတာကိုး။ ရုံးရှေ့မျက်နှာစာ နေရာလွတ်ဟာ လမ်းမကြီးရဲ့ ပလက်ဖောင်းထိ ကွန်ကရစ်အပြည့်ခင်းထားတာမို့ ညဘက်မှာ မမင်းတို့လိုအနီးအနားပတ်ဝန်းကျင်က ကလေးတွေရဲ့ ကစားခုန်စားပြေးလွှား ကျင်လည်ရာလည်းဖြစ်ခဲ့ပါသေးတယ်။ မမင်းရဲ့ စာပေဝါသနာအစကတော့ ရွှေသွေးကလို့ ပြောရင်ရမယ်ထင်ပါရဲ့။ ဖွားဖွားက အပတ်စဉ် ရွှေသွေးစာစောင်ကို ငွေကြိုပေးစနစ်နဲ့ ဝယ်ပေးတာဖြစ်ပါတယ်။ အိမ်အပေါ်ထပ် ဖိုးဖိုးနဲ့ ဖွားဖွားရဲ့ အိပ်ယာခြေရင်းမှာ အဲဒီတုန်းက မမင်းရဲ့ တစ်ရပ်မြင့်စာ ရွှေသွေးပုံကြီး ၂ပုံတောင်ရှိခဲ့ပါတယ်။ မမင်းက ကျောင်းပိတ်ရက်မှာ အရမ်းဟောင်းသွားတာတွေပြန်ပြန်ဖတ်သလို မျက်စောင်းထိုးမှာရှိတဲ့ ပြန်ကြားရေးရုံးကိုသွားပြီးလည်း....လူကြီးစာဖတ်သူတွေကြား ခပ်တည်တည်ဝင်ထိုင်ပြီး.. ရွှေသွေးပေါင်းချုပ်တွေကို ဟန်ကြီးတစ်ခွဲသားနဲ့ ဖတ်ခဲ့ဖူးတာကလား။ ရွှေသွေးမှာ...ကာတွန်းပါတယ်၊ ကဗျာပါတယ်၊ ပုံပြင်ပါတယ်လေ။ ထားပါတော့ရွှေသွေးကြော်ငြာတာ။ အဲဒီရွှေသွေးဖတ်ရာဌာန ပြန်ကြားရေးရုံးက နှစ်တိုင်းဘာတွေလုပ်တယ်တော့မသိ၊ မမင်း ၆တန်းနှစ်မှာတော့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အခမ်းအနားလုပ်တယ်။ နံရံကပ်စာစောင်ဆိုလား...အဲဒီတော့မှ ကြားဖူးတာပဲ...အဲဒီမှာ ကပ်ဖို့လို့ မမင်း ကဗျာ သုံးပုဒ်တောင်ရေးခဲ့တယ်...တစ်ပုဒ်မရွေး၊ တစ်ပုဒ်တော့ရွေးမှာပဲဆိုပြီးပေါ့....ဟိဟိ။ သွန်းဘုရားကြီး အ.မ.က ကဒုတိယတန်းဆရာမ ဒေါ်အမာကြည်(မေမေ့ရဲ့လုပ်ဖော်ကိုင်ဘက်)က အခြေခံလေးတွေနဲ့ ကာရံတွေအကြောင်းအနည်းအကျဉ်းပြောပြပြီး အားပေးတိုက်တွန်းခဲ့တာပါ။ အမ်မယ် အထင်မသေးလိုက်ပါနဲ့ .... မမင်းရဲ့ကဗျာသုံးပုဒ်လုံး အရွေးခံရ အကပ်ခံရတာဆရာ။ ပန်းချီလေးတွေ ရောင်စုံလေးတွေနဲ့ လှနေတဲ့ ကိုယ့်ကဗျာတွေအောက်မှာ "မဘယ်သူဘယ်ဝါ၊ ဆဌမတန်း(က)၊ အထက(၁)ညောင်တုန်း" လို့ ဒါမျိုးများရေးမယ် ထင်သလား။ မှားသွားမယ်၊ အဲဒီတုန်းက မမင်း မှာဟန်ကျပန်ကျ ကလောင်နာမည်လေးနဲ့ပါ။ ကိုယ့်ဟာကိုယ်ရွေးပြီးပေးခဲ့တာမို့ တော်တော်ကလေးဆန်တဲ့ နာမည်လှလှလေးဖြစ်ပါတယ်။ ခုပြန်တွေးတော့ မေမေ့ကို အံ့သြတယ်။ မေမေက မမင်းရဲ့ ကဗျာတွေကို ဘာမှ edit မလုပ်ပေးတဲ့အပြင်၊ မမင်းရဲ့ ဒီကလေးဆန်လှတဲ့ ကလောင်နာမည်ကို ဘာမှ မဝေဖန်ခဲ့ဘူးလေ။ မေမေက ခုချိန်ထိလည်း မမင်းရဲ့ ကိုယ့်အားကိုယ်ကိုးတဲ့ ရွေးချယ်မှုတွေ၊ ဆုံးဖြတ်ချက်တွေ အားလုံးကို ယုံကြည်ဆဲ၊ လက်ခံဆဲ၊ အားပေးဆဲ၊ ဂုဏ်ယူဆဲ။ အဲဒီတုန်းက ကိုယ့်ကဗျာလေးတွေကို နံရံမှာထောင်ထားတဲ့ ဘုတ်ပြားမှာ နေ့တိုင်းသွားကြည့်ပြီး ကြည်နူးမိခဲ့သလောက် နှစ်အနည်းငယ်ကြာတော့ ကဗျာလေးတွေရေးထားတဲ့ စာအုပ်ပျောက်သွားပါတယ်... အမှတ်တမဲ့ပဲနေခဲ့တာပါပဲ။ အဲဒီနောက်ပိုင်း မမင်းကဗျာတွေ မကြာမကြာရေးတတ်ပေမယ့် သိမ်းထားစုထားရကောင်းမှန်း မသိ၊ ရေးလိုက် ပျောက်သွားလိုက်ပါပဲ။ မမင်း ဆယ်တန်းအောင်ပြီးမှပဲ... ရေးသမျှကဗျာတွေကို စာအုပ်တစ်အုပ်နဲ့သေချာစုဖြစ်ပါတယ်၊ ဆယ်တန်းတုန်းကရေးတဲ့ ကဗျာလေးတစ်ပုဒ် အပါအဝင်ပေါ့...အားလုံး အပုဒ် ၆၀ လောက်ရှိမယ်။ ခုလို ဘလော့လေးတစ်ခု လုပ်ဖြစ်တော့ ကိုယ့်ကဗျာလေးတွေကို တင်ချင်လာမိတယ်...ဘယ်သူဖတ်ဖတ်၊ မဖတ်ဖတ် ကိုယ်ကတော့ တစ်ခါတစ်ခါအချိန်ရရင် ပြန်ဖတ်တတ်တာမို့ online မှာရှိနေရင် အဲဒီဟောင်းနွမ်းလှပြီဖြစ်တဲ့ ကဗျာစာအုပ်လေးကို သယ်စရာ၊ သိမ်းစရာ မလိုတော့ဘူးပေါ့လေ...နော်။ ခက်တာက ကိုယ်က ဝါသနာရှင်အဆင့်မို့ မကောင်းလှတာက တစ်မျိုး၊ ဆယ်ကျော်သက်အရွယ်က ကဗျာလေးတွေဆို ရီချင်စရာဖြစ်နေတာကတစ်မျိုး။ ဒီတော့ကာ ကဗျာချည်းတင်လို့မဖြစ်ချေဘူးဆိုပြီး..ပြန်လည်ခံစားခြင်းဆိုပြီး လုပ်ထည့်လိုက်ရတာပါ။ ခုနှစ်အလိုက် (ဥပမာ-1996 ဆိုရင် ၁၆ နှစ်အရွယ်ကပေါ့) တစ်နှစ်တာစီမှာ ရေးခဲ့သမျှကို တစ်ပိုင်းစာသတ်မှတ်ပြီး တင်မယ်လို့အတွေးပေါက်တဲ့အတိုင်း.......

ကောင်းကင်မေမေ

*အားသစ်ဖြည့်ပေး
ပူပင်ဝေးစေ
ပြုံးပျော်စေသည်
ကြင်နာရေဖြင့်
အေးစေသူ..........
*ရှေ့ဆောင်လမ်းပြ
မားမတ်ရပ်တည်
နစ်နာသည်လည်း
ခွင့်လွှတ်မြဲမို့
ရင်ထဲထွေးပွေ့ 
နွေးစေသူ..........
*အမြင့်ဆုံးက
အလှဆုံးအပွင့်
ဖြစ်စေချင်သည်
ဖြူစင်စေတနာ
မေတ္တာအနန္တနဲ့
လမင်းထက်လှတဲ့
ပန်းများပွင့်စေ၊ မွှေးစေသူ။ ။

7th December '1996 (Sat) - 9:04PM

1996-97 စာသင်နှစ်-အ.ထ.က ဓနုဖြူ၊ ဒသမတန်း (A)၏ အတန်းပိုင်ဆရာမ ဒေါ်သူဇာဝင်းအတွက် ရေးဖွဲ့ ခဲ့ပါသည်။ ထားဝယ်မှာ တာဝန်ကျနေသော မိဘတွေနဲ့ဝေးပြီး၊ ညောင်တုန်းမြို့မှ ချစ်လှစွာသော ငယ်သူငယ်ချင်းတွေနဲ့ဝေးပြီး..ကျောင်းအသစ်မှာနေခဲ့ရတဲ့ အဲဒီနှစ်မှာ အရမ်းထက်မြက်ပြီးစိတ်ကောင်းရှိလွန်းတဲ့ အတန်းပိုင်ဆရာမဒေါ်သူဇာဟာ မမင်းရဲ့ကောင်းကင်ကြီးဖြစ်ခဲ့တာပေါ့။ အဲဒါနဲ့ပဲ ဇော်ဝင်းထွဋ်ရဲ့ သီချင်းခေါင်းစဉ်ကို (ဘာမဆိုင်ညာမဆိုင်)ယူသုံးလိုက်တာပါပဲ =P.

ကိုယ်တိုင်ရေးကဗျာလေးများကိုပြန်လည်ခံစားခြင်း-(1997) ကိုမကြာခင်မှာ တင်ပါမယ်။ ဒီအထိ သည်းခံပြီးဖတ်လာပေးတာကို ကျေးဇူးတင်ပါတယ်။

No comments: