Pages

17 February 2010

နေက္ခမ တိုက်ပွဲ

ကျေးဇူးတော်ရှင် ချမ်းမြေ့ရိပ်သာဆရာတော် ဘုရားကြီးရဲ့ (၁၄)ရက် ဝိပဿနာအလုပ်ပေး တရားစခန်းပွဲကို ဒီနေ့ ဖေဖော်ဝါရီ ၁၇ ကနေ၊ မတ်လ ၂ရက်နေ့ထိ သွားဝင်တော့မှာမို့ မမင်းနည်းနည်းတော့ အလုပ်များနေတယ်ဆိုပါတော့။

ရှားရှားပါးပါးအခွင့်အရေးအနေနဲ့ ဆရာတော်ဘုရားကြီးအား ဖူးမြော်ကြည်ညို၊ တရားနာကြားလိုသူတွေ၊ အချိန်ပိုင်းတရားလာအားထုတ်ချင်သူတွေအတွက် သတင်းလေး Share ခဲ့ချင်သေးတာနဲ့။ နေရာက
Palalai Buddhist Temple
No. 49 Bedok Walk Road
Singapore 469145
Tanah Merah MRT Station ကနေ No.2 Bus ကို ၂ မှတ်တိုင်စီး၊ ဆင်းရင်ဘယ်ချိုး ပြီး၊ ဘယ်ထပ်ချိုးရင် ထိုင်ဘုန်းကြီးကျောင်း အကြီးကြီးတွေ့  မယ်တဲ့။ အဲဒါပဲ။
မတွေ့ ရင်တော့ Daw Kyu Kyu Hlaing 98399346 နဲ့ Daw Mya Wit Yee 91389712 ကိုဆက်သွယ်မေးမြန်းပါရန်။း)

မမင်းတို့ ဒီတစ်ခါတရားစခန်းသွားဖို့အရေး အလုပ်ရှုပ်ပုံလေးနည်းနည်း ပြောပြီး လစ်တော့မယ်ဗျိုး၊ ညနေ ၄ နာရီနောက်ဆုံးထားပြီး ဝင်ရမှာမို့။ အလုပ်ကရှုပ်ဆို အရှုပ်တွေလုပ်တာကိုးလေ။ ကြည့်...။ မတတ်တတ်နဲ့မို့ စွဲနေတဲ့ Blogging လေ။ ၁၄ ရက်စာ ကိုယ့်ဘလော့လေး သေနေမှာကြောက်သတဲ့... ခက်ပုံများ။ ဒါနဲ့ သူငယ်ချင်းနဲ့ Chat တာလေးတွေက ဘာမှအားစိုက် ရေးစရာမလို Chat History ကနေကူးထည့် စာလုံးပေါင်းပြင်ပြီး၊ ဟိုသူငယ်ချင်းဆီပေးဖတ်ပြီးရင် တင်လို့ရပြီမို့ အဲဒါတွေကို Scheduled Plan နဲ့ တင်ခဲ့ဖို့ လုံးပန်းတယ်လေ။ ဘုန်းဘုန်းဓမ္မဂင်္ဂါပြောတဲ့ ဘလော့ဂါတစ်ယောက်ရဲ့ နိကန္တိ၊ ဘလော့ဂါတစ်ယောက်ရဲ့ ချစ်ခြင်းဆိုတာ ဒါမျိုးလားလို့ ကြီးကြီးကျယ်ကျယ်ပဲတွေးလိုက်တော့တယ်။

၁၄ ရက်တာပြစ်ထားခဲ့ရတော့မယ့် ဒီ Lap Top အပါအဝင် အဝတ်အစားနဲ့ အသုံးအဆောင်ပစ္စည်းတွေ သူ့နေရာနဲ့သူ စနစ်တကျသပ်သပ်ရပ်ရပ်ကျန်ခဲ့ဖို့။ အခန်းလေးရှင်းလင်း ပြောင်လက်နေဖို့ လည်း အားထုတ်ရသေးတာ။ ပြန်ထွက်လာရင် အလုပ်က ပိတ်ရက်ရှားသွားပြီ။ ခွင့်လည်းကုန်ပြီမဟုတ်လား။ ဒါကတော့ ဘာရဲ့ နိကန္တိလည်း မသိတော့။

ခရီးဆောင်အိတ်အတွင်းသို့ အိပ်ယာလိပ်၊ အဝတ်အစားတချိုနှင့် လိုအပ်ရာရာ ပစ္စည်းအတိုအထွာများ ကောက်ထည့်ရင်း။ အင်း ၁၄ ရက်၊ ဟိုမှာလိုအပ်နေရင် မျက်နှာငယ်ရမယ်နော်၊ ဟိုဟာလေးလည်း လိုလိုမယ်မယ်၊ ဒီဟာလေးလည်းလိုလိုမယ်မယ်... Balancing Cleanser က ၈ ပါးသီလနဲ့ သုံးလို့ရရဲ့လား၊ ဝက်ခြံတွေက ငွေကုန်ကြေးကျခံပြီး မနည်းလုပ်ထားလို့ ပျောက်ရုံလေးရှိသေးတာ၊ ပြန်ထွက်လာပြန်ရင် ဒုက္ခ... စသဖြင့် ထွေရာလေးပါး၊ ငါးပါးမက တွေးရင်းက ဘုန်းဘုန်း(ဓမ္မဒူတမှော်ဘီဆရာတော်ဘုရား) ဟောထားသော နေက္ခမပါရမီတရားတော် မှတရားစကားတချို့ ကို တန်းစီသတိရလိုက်မိတော့သည်။ သြ နှလုံးမယဉ် ပုထုဇဉ်ကား နေက္ခမဓာတ်ဘယ်လိုဖြစ်မယ် မစဉ်းစား၊ လိုလိုမယ်မယ်များကိုသာ စဉ်းစားမိလေသည်ဟု ကိုယ့်ကိုယ်ကို ရှက်စနိုးဖြစ်ရတော့သည်။

ဆရာတော်ပြောပြသည်ကား ရှင်ဘုရင်ဘဝမှ တောထွက်လာသော ရသေ့ညီနောင်နှစ်ပါးအကြောင်းတည်း။ ညီငယ်ရသေ့ကား ဆားထုပ်ကလေးကျောင်းခေါင်မိုးမှာ ညှပ်၍ လိုလိုမယ်မယ်သိမ်းထားမိသောအဖြစ်။ ရွှေနန်းစည်းစိမ်ကို မက်တာနဲ့ ဆားထုပ်ကလေးမက်တာ ဘယ်ဟာကတော်သေးသလဲဟု ဆရာတော်ကမေးသည်။ ဘယ်ဟာကမှ မတော်ပါဘူးဟုလည်း အဖြေပေးခဲ့သည်။ အာရုံတောကထွက်တဲ့ နေက္ခမနှင့် ကိလေသာတောကထွက်တဲ့ နေက္ခမဟူ၍ ဆရာတော်ဘုရား ရှင်းလင်းစွာဟောကြား ဆုံးမထားလေသည်။

မမင်းတစ်ယောက် အလုပ်ရှုပ်နေတာတွေ တိခနဲရပ်သွားသည်။ ၁၄ ရက်တာတော့၊ အင်း ၁၄ ရက်ကလေးတော့ ဒီအာရုံတွေကိုထားခဲ့နိုင်မည်။ ရိပ်သာတွင်လည်း အာရုံသစ်တွေနှင့်လုံးပန်း၍ ကိလေသာတောက ထွက်ချိန်နည်းလျင် တရားတော်အဆုံးအမကို နားလည်လိုက်နာသည်မမည်။ အိမ်နှင့်အလုပ်တည်းဟူသော အာရုံတောမှ လူကောင်ကြီးထွက်ခွာခြင်းကား အကာ၊အခွံ သာတည်း။ ကိလေသာတောမှ စိတ်၏ ထွက်ခွာလွတ်မြောက်ဖြင်းကား အနှစ်သာရတည်း။ အကာကိုအကြောင်းပြု၍ အနှစ်ကိုရှာရန် ၁၄ရက်တာ တိုက်ပွဲဝင်ပေတော့မည်။ တနည်း တစ်သံသရာလုံးပုံလာသော အမှိုက်များအား ၁၄ရက်တာအတွင်း ရှင်းနိုင်သမျှလေးရှင်းရန် ကြိုးစားခြင်းသာတည်း။ ။

3 comments:

Than Yaw Zin said...

Balancing Cleanser ကတည့်ပါတယ် all are pure Organic... he he he

မော်ကွန်းသစ် said...

ရိပ်သာသွားပီး အားသစ်မွေးလိုက်စမ်းတော့ မမင်းရေ.... ကျန်းမာပါစေ။

ဇွန်မိုးစက် said...

သာဓု သာဓု သာဓု ပါ မမင်းရေ....
ခုလောက်ဆို ကိလေသာတိုက်ပွဲတွေ တော်တော်ဆင်နွှဲနေလောက်ပြီပေါ့။

စကားမစပ်..မင်းရေ..မြစိမ်းတောင်ဆရာတော်ဘုရားကြီးတရားတွေ နာဖူးလား။ သိပ်ကောင်းတာပဲ။ တို့လည်း မလေးရှားမှာ ဆရာတော်ဘုရားနဲ့အတူ ၉ရက်စခန်းဝင်ခွင့်ရလို့ အတိုင်းဝမ်းသာမိတယ် မင်းရယ်။