Pages

04 February 2010

ကုသိုလ်မင်္ဂလာ အဖြာဖြာနဲ့ ပြည့်စုံသော မွေးနေ့မင်္ဂလာဖြစ်ပါစေသတည်း

မမင်း ဒီနေ့ စိတ်ထဲရှိတာတွေကို ကြုံသလိုလေး ရေးချင်မိပြန်တယ်။ မိန်းခလေးတစ်ယောက် အကြောင်းထင်ပါရဲ့။ သူ့ကိုလွန်ခဲ့တဲ့ နှစ်ဆယ့်တစ်နှစ်ကျော် (ရှစ်လေးလုံးအရေးတော်ပုံကြီးအပြီး ကျောင်းတွေပြန်ဖွင့်တဲ့အချိန်က) မိုးဖွဲဖွဲလေးတွေကြားမှာ စပြီးတွေ့ ဖူးခဲ့တာပါ။ ဇိမ်ခံကားကောင်းကောင်းကြီးတွေနဲ့ သိပ်ပြီးပတ်ပတ်သက်သက် မရှိလှတဲ့ မမင်းတို့မြို့လေးရဲ့ အဲဒီတုန်းက တစ်ခုတည်းသော အထက်ကျောင်းကြီးရဲ့ ဝင်းထဲကို တိုယိုတာကိုရိုလာ အဖြူရောင်ကားအသစ်ကြီးနဲ့ နေ့တိုင်းကျောင်းလာတာ သူတစ်ယောက်ပဲရှိခဲ့ပါတယ်။ အဲဒီတုန်းကတော့ အသားဖြူဖြူ၊ ဗိုက်ပူပူလေး။ ပါးဖောင်းဖောင်းကြီးတွေ နဲ့ နှုတ်ခမ်းက ဆူယောင်ယောင်။ ဆံပင်တိုကပ်ကပ်နဲ့ အသက် ၉နှစ်အရွယ်ကောင်မလေးပါ။ အစပိုင်းမှာတော့ ၆ လလောက်တစ်တန်းထဲနေတဲ့ထိ မမင်းနဲ့ သူနဲ့မရင်းနှီးပါဘူး။ ပင်ကိုယ်သဘာဝ ရောရောနှောနှောမလုပ်တတ်တာ၊ ရုပ်တည်ကြီးနဲ့ နေတတ်တာက သူရော၊ မမင်းပါ ဝါသနာတူနေတာကြောင့် ဖြစ်မယ်ထင်ပါရဲ့။ အင်း...ဘယ်ကနေ ဘယ်လိုဒီလောက်ကြီး ရင်းနှီးသွားတာလဲဆိုတာကိုတော့... မမှတ်မိလိုက်ဘူး။

အဲဒီတုန်းကထမင်းဗူးလေးကို လက်ကိုင်ပဝါနဲ့ထုတ်ပြီး လက်ကဒီအတိုင်းဆွဲလို့ ကျောင်းလာကြတဲ့၊ ဘာဆိုဘာမှ အပိုမပါကြတဲ့ ကလေးတွေကအများစုဖြစ်ပါတယ်။ သူက သူ့အိမ်ကထည့်ပေးလိုက်တဲ့ နိုင်ငံခြားဖြစ် ချောကလက်ဆန်းဆန်းတွေ၊ 7-up လိုအချိုရေဗူးတွေ၊ သူသိပ်ကြိုက်တဲ့ ကြက်ဥအစိမ်းတွေကို ... ဘယ်တုန်းကမှ အတန်းထဲမှာ(ကလေးတွေရှေ့မှာ) ထုတ်ပြီးမစားခဲ့ မသောက်ခဲ့တဲ့ သူပါ။ ခြင်းကိုဖွင့်ဖို့တောင် ဝန်လေးခဲ့သူလေး ဖြစ်ပါတယ်။ အဲဒီတုန်းက မမင်းရဲ့ ဖိနပ်အဟောင်းကို သူ့ဖိနပ်အကောင်းကြီးနဲ့ သူဓာတ်ကျလာချိန်တိုင်း လဲစီးထားဖို့အတွက် အမြဲပဲ စိတ်ဝင်စားနေတတ်သူလည်း ဖြစ်ပါတယ်။ တစ်ခါ ကျောင်းမှာ မမင်းဖိနပ်သဲကြိုးပျက်တော့ သူပါဖိနပ်မစီးဘဲနေခဲ့ဖူးပါသေးတယ်။ နောက်ပြီး မမင်းရဲ့ အပေါစားဘောလ်ပင်လေးတွေကို သူ့ ရဲ့ ကမ္ဘာကျော်တံဆိပ် အမျိုးမျိုးတွေနဲ့ စတီးဘောလ်ပင်အကောင်းစားလေးတွေ အရောင်စုံ၊ ဒီဇိုင်းစုံတွေနဲ့ လဲရေးဖို့ ဝါသနာကြီးသူဖြစ်ပါတယ်။ ဆရာမ စာခေါ်ပေးတာကို မမှီ၊မှီအောင်လိုက်ရေးနေတဲ့ ကြားက မမင်းဘောလ်ပင်ကိုအတင်းလုသွားပြီး သူ့ဘောလ်ပင်ကို လာချထားတာမျိုး။ ဒီထက်ဆိုးတာက စာအုပ်လဲရေးတာပါပဲ။ သူ့လက်ရေးဆင်ခေါင်းလောက်တွေကြားမှာ မမင်းလက်ရေးတွေက ပဲပင်ပေါက်အညှောက်ပေါက်သလို၊ မမင်းရဲ့ ပဲပင်ပေါက်တွေကြားမှာလည်း...သူ့ဆင်ခေါင်းကြီးတွေက ပြူးတူးပြဲတဲ။

မမင်း လုံးဝမမြင်ဖူးတဲ့ ရုပ်ဝတ္ထုအသုံးအဆောင်တွေ အတော်များများကို (လေယာဉ်ပျံတွေ၊ ဗိုလ်ချုပ်တွေ၊ နိုင်ငံခြားသားဧည့်သည်တွေနဲ့ အကျွမ်းတဝင်ရှိလှတဲ့) သူကပိုင်ဆိုင်ထားခဲ့သလို၊ သူလုံးဝမမြင်ဖူးတဲ့ စရိုက်စုံ၊ အတတ်စုံတွေကို (ဈေးမှာမွေး၊ ဈေးမှာကြီးတဲ့) မမင်းက ပိုင်ဆိုင်ထားခဲ့တာဖြစ်ပါတယ်။

နောက်ပိုင်းမှာတော့ သူ့ကိုဒက်ဒ်ီက မနက်ဆိုကျောင်းကိုမပို့တော့ဘဲ မမင်းအိမ်ကိုပို့တယ်၊ ညနေဆိုမမင်းအိမ်မှာ လာကြိုတယ်။ မမင်းတို့ကျောင်းကို အတူတူသွား၊ အတူတူပြန်ပြီး...ညနေဘက် ဒက်ဒီလာမကြိုမချင်းတော့ မမင်းရဲ့မောင်တစ်ဝမ်းကွဲတွေနဲ့ မျောက်ရှုံးအောင်ဆော့ကြရပါတယ်။ ကျူရှင်ဆိုတဲ့ စကားလုံးကို မမင်းဘဝမှာ ပထမဆုံးအဖြစ် သူ့ ဆီက ကြားဖူးခဲ့တာပါ။ သူ့ ကျူရှင်ဆရာမ
ဆိုတာဟာရယ် မမင်းရဲ့အဒေါ်ဝမ်းကွဲ ဖြစ်နေတာကြောင့် ကျောင်းဆင်းရင် အိမ်မှာမကစားဘဲ အဒေါ်ရှိရာ မူကြို၊ နေ့ကလေးထိန်းကျောင်းမှာ ပြောင်းပြီးဒေါင်းတောက်နေအောင် ကစားကြပါတော့တယ်။ ကျောင်းပိတ်ရက်တွေမှာတော့ မမင်းတို့မောင်နှမ စက်ဘီးလေးနဲ့ သူနေတဲ့ ဆောက်လုပ်ရေးဝင်းကိုသွား ကစားကြပါတယ်။ မမင်းရေးချင်စရာတွေ မမေ့နိုင်တဲ့အမှတ်တရတွေ အများကြီးပေမယ့် အကျဉ်းချုပ်ပါတော့မယ်။ ၅တန်းမှာ မမင်းတို့သူငယ်ချင်းအသစ်တစ်ယောက်ထပ်ရတော့ ၃ယောက်ပေါင်း လောင်းကျော်ဖြစ်လာပါတယ်။ ၆တန်းရောက်တော့ အခန်းကွဲသွားပေမယ့် လက်တွဲကတော့ လုံးဝမပျက်ခဲ့ပါ။ အတူသွား၊ အတူစား၊ အတူကစား...တစ်ပြားသားမှတောင် မလျော့ခဲ့ပါဘူး။

ဒီလိုနဲ့ သူ့ ဒက်ဒီ ဦးစီဖောက်လုပ်ခဲ့တဲ့ ညောင်တုန်း-ရန်ကုန် ကားလမ်းကြီးလည်း ပြီးသွားပါတယ်။ ၆ တန်းစာမေးပွဲပြီးတော့ သူက ဒဂုံ(၁) ကိုပြောင်းသွားခဲ့ပါတယ်။ သူလဲ ရန်ကုန်မှာတင် ဟိုပြောင်းဒီပြောင်း၊ မမင်းကတော့ နယ်တကာလျှောက်ပြောင်းနေရတာ ဆိုပေမယ့် မမင်းတို့ စာမှန်မှန်ရေးပြီး အဆက်အသွယ်မပြတ်ခဲ့ပါဘူး။မမင်းတို့ ၉ တန်းနှစ်မှာ သူတို့ပိုင်တဲ့ ညောင်တုန်းကအိမ်တွေမြေတွေကို ဘုန်းကြီးကျောင်းကိုလှူ၊ ရေစက်ချဖို့ လာတဲ့တစ်ခေါက် မှာပဲ ခဏလေးပြန်တွေ့ ရပါတယ်။ အဲဒီတုန်းက ရန်ကုန်မှာတက္ကသိုလ် တူတူတက်နိုင်အောင် စိတ်ကူးတွေယဉ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဘဝဆိုတာ မျော်လင့်တာတွေ ဖြစ်မလာတတ်သလို၊ မမျှော်လင့်တာတွေကလည်း အများကြီးဖြစ်ပျက်ပြောင်းလဲ ကုန်ကြတယ်။

ခုတော့ မမင်းတို့ နှစ်ယောက်လုံး စလုံးမှာ လုံးလည်လိုက် နေကြပါတယ်။ မမင်းလက်ရေးပဲပင်ပေါက်ကလည်း ကြီးပြီးဝိုင်းသွားလို့၊ သူ့လက်ရေးဆင်ခေါင်းကလည်း ဆီးသီးဖြစ်သွားလို့ မမင်းတို့နှစ်ယောက်ရဲ့ လက်ရေးကို မောင်အရင်းတွေကတောင် မှန်အောင်မခွဲခြားတတ်လောက်အောင် ဖြစ်ရပါတယ်...(တကယ်တော့ သူ့လက်ရေးက မဆိုစလောက်လေး ပိုလှပါတယ်)။ ဖိနပ်ချင်းလဲစီးချင်လို့လည်း သူ့ဆိုက်ဒ် နဲ့ကိုယ့်ဆိုက်ဒ်က တော်တော်ကြီးကွာသွားလို့ မရတော့ပါဘူး။ အရင်ကသုံးယောက်ထဲမှာ မမင်းကအရပ်အရှည်ဆုံး၊ ခုတော့မမင်းက အပုဆုံးပါ။ မမင်း ရန်ကုန်မှာကျောင်းတက်တော့ ၂ နှစ်လောက်သူ့ အိမ်မှာပဲ နေခဲ့တာ-မမင်းတို့ တစ်ကြိမ်တစ်ခါမှ ကတောက်ကစ မဖြစ်ခဲ့ဖူးပါဘူး..(မမင်းဆိုးသမျှ သူကစိတ်ရှည်သည်းခံတတ်တာကြောင့်ပါ)။ ဖြတ်သန်းခဲ့တဲ့ အနှစ်သုံးဆယ် ကာလမှာ လောကဓံအဆိုးအကောင်းတွေကြောင့်၊ ဘာတွေဘယ်လိုပြောင်းပြောင်း စိတ်ထားကောင်းတွေ၊ အကျင့်သီလကောင်းတွေ၊ အရည်အချင်းကောင်းတွေကို သူပိုင်ဆိုင်ထားမြဲ ဖြစ်ပါတယ်။ မမင်းထက်စာရင် အများကြီးပိုပြီးစိတ်ရှည်တတ်တဲ့ သူ့  ဆီက အတုယူကျင့်ကြံခဲ့ရတဲ့ အကျင့်ကောင်းတွေလည်း အများကြီး ရှိပါတယ်။ မမင်းအတွက် မိဘနဲ့တူသော၊ ကျေးဇူးကြီးသော သူငယ်ချင်းဖြစ်တဲ့အပြင် မမင်းရင်ထဲက သူနဲ့ပတ်သတ်တဲ့ သံယောဇဉ်ကလည်း ပြိုင်ဘက်မရှိ၊အတူမရှိဘူး ဖြစ်ပါတယ်။

တကယ်တော့ ဒီနေ့ဟာ သူ့ရဲ့ အသက် (၃၀) ပြည့်မွေးနေ့ ဖြစ်ပါတယ်။ ဒါဟာမမင်း ဒီပို့စ်ကိုတင်ဖြစ်တဲ့ အကြောင်းရင်းပါပဲ။ ငယ်ငယ်တုန်းက (တစ်ယောက်တစ်နယ်စီမှာတုန်းက) လက်ဆောင်တွေ၊ စာတွေ၊ ကဗျာတွေပို့ဖြစ်ခဲ့ကြတုန်းက၊ မမင်းသူ့အတွက်ရေးခဲ့တဲ့ ကဗျာလေး သုံးပုဒ်ရှိပါတယ်။ မကောင်းလှပေမယ့် ငယ်ဘဝအလွမ်းပြေ အနေနဲ့ ဒီနေရာမှာပဲ တင်လိုက်ပါတယ်။

"မိငယ်အတွက်(၁)"

တစ်ယောက်တည်းငါ့မှာ
ခြောက်ခြားစရာအတွေးတွေနဲ့
အထီးကျန်လွန်းပါတယ်...

သံယောဇဉ်တွေဆီက
စာမလာသတင်းမကြား
ဘာတွေများဖြစ်နေလဲ
စိတ်ထဲပူနေမိတယ်...

မှုန်ဝါးဝါးကာလတစ်ခုက
နင်ရယ်၊ ငါရယ်၊ သူတို့ရယ်
အရိပ်တွေ ရှင်သန်လာတော့
စိတ်ကူးတွေလန်းဆန်းလို့
ပြန်တမ်းတမိပါရဲ့...

တကယ်တော့လေ
ကြွေလွင့်နေတဲ့သစ်ရွက်လို
အာမခံချက်မရှိတဲ့ဘဝမှာ
ဘာမှတွယ်တာစရာမရှိတာ
ငါ...သိတော့သိပါရဲ့
ဒါပေမယ့်...
နင့်ကိုငါသိပ်ချစ်ခဲ့ပါတယ်
နင် သိကောင်းပါရဲ့။ ။
02, August '1998(Sun)

"မိငယ်အတွက်(၂)"

တကယ်ပါ...
စိတ်ကူတွေ ခေါ်ဆောင်ရာ
ပူလောင်တဲ့ ကမ္ဘာမှာ
လူးလွန့်လို့ လောင်ကျွမ်းရင်း။

စာလာတိုင်း...
စာအိတ်ပေါ်ကလက်ရေး
အပြေးအလွှားကြည့်ဖြစ်
စိတ်တွေညစ်ခဲ့တာများ။

ငါ့ ညတွေ...
ငြိမ်းချမ်းခြင်းတွေလွင့်ပျက်
မျက်စိစုံမှိတ် အံကြိတ်
အိပ်လို့မပျော်ဘူးဟာ။ ။
12, November '1998(Thu)

"မိငယ်အတွက်(၃)"

တစ်။
ပြာနှမ်းနှမ်း လရောင်အောက်မှာ
ငြိမ်သက်စွာလဲလျောင်းနေတဲ့
ရိုးမရဲ့ ပန်းချီကားက
ခန့်ထည်ပြီး သိပ်လှပေမယ့်
ငါကတော့ တစ်ယောက်တည်းမို့
(အထီးကျန်) အကျည်းတန်နေတယ်...ငယ်။

နှစ်။
တဝုန်းဝုန်းအော်မြည်ပြေးလွှား
လှိုင်းဖွေးများက ကျောက်ဆောင်ဆီဦးခိုက်
လေပြေညင်းတိုက်ခတ်နေတော့
ယိမ်းကတဲ့ ထင်းရူးပင်တန်း
ကမ်းခြေလှနဲ့ ပင်လယ်ပြာမှာ
ရောင်စဉ်ဖြာ သက်တန့်တစ်ခုက
အလွမ်းသီချင်းတစ်ပုဒ်ပါပဲ...ငယ်။

သုံး။
အိနြေ္ဒကြီးတဲ့ မြင်းမိုရ်လက်ခတ်ရေ
တည်ငြိမ်လွန်းတဲ့ မင်းကို
ငါ...အားကျစွာ ဦးညွတ်ပါတယ်။
ငါလား...ဘယ်တည်ငြိမ်မလဲ
"ငါ့ သူငယ်ချင်းနေမှကောင်းရဲ့လား၊
ဘာတွေများဖြစ်နေလဲ" လို့ ...
သွားတွေ့ ချင်လိုက်တာကွာ
တိမ်ပြာတွေကိုတောင် အားကျမိတယ်။

လေး။
အမြဲစီးဆင်းနေတဲ့
စမ်းချောင်းပေါ်က ပန်းတွေ၊
သူ့ရင်ခွင်ထဲက ငါးလေးတွေ၊
အောက်ခြေကကျောက်တုံးတွေ၊
အရိပ်ထင်နေတဲ့ တိမ်တိုက်တွေ၊
(သူတို့တွေ) ဘယ်ကိုသွားနေကြတာလဲ၊
ဘာတွေဖြစ်ကြမှာလဲ၊
အဲဒါဟာ...အမြဲစီးဆင်းနေတဲ့
"အချိန်" စမ်းချောင်းပေါ်က
ငါ့ဘဝရဲ့ ကြေးမှုံများလား...ငယ်။

ငါး။
တကယ်ပါ...မိငယ်ရယ်...
ဖြစ်ပျက်ပြောင်းလဲနေတဲ့
လောကကြီးထဲမှာလေ
အဟောင်းတွေပျက်တိုင်း
အသစ်တွေဖြစ်ရင်းနဲ့ 
အမြဲထာဝရ လှပရှင်သန်နေတဲ့
စမ်းချောင်းလေးတစ်ခုဟာ
(ငါ့ရင်ထဲမှာ) ရှိနေပြီး
(အဲဒီမှာ) စီးဆင်းနေတာကတော့
နင့်ကို ချစ်တဲ့အချစ်တွေပါပဲဟာ။ ။
25, December '1998 (X'mas)

အချစ်ဆုံးသူငယ်ချင်း-ဗျိုင်း
အသက် ၃၀ ပြည့်မွေးနေ့မှသည် (ဟာ...ဒီအသက် ၃၀ ဆိုတာကြီးထည့်ပြောရတာ စိတ်ပျက်စရာကြီးကွာနော်၊ သေမင်းမကြားစေနဲ့၊ ဒီဘလော့ကို မဖတ်မိပါစေနဲ့ဟဲ့....ဥုံဖွ-ချီးတုံးမတ်တပ်ထ။)
ဒီန့မှစပြီး နိဗ္ဗာန်ရသည့်တိုင်အောင် စိတ်ချမ်းသာ၊ ကိုယ်ချမ်းသာဖြင့် ကောင်းကျိုးလိုအင်ဆန္ဒမှန်သမျှတွေ ပြည့်စုံပါစေ။ ။

[ဟေ့ကောင်...ခွေးရုပ်က မင်းခြေတော်တင်.....အဲ...ခြေထောက်တင်လို့ ကောင်းမကောင်းငါမသိဘူး။ မင်းလိုက်ကြွေးတဲ့ဟာကတော့ အရမ်းစားကောင်းတယ်ဆရာ။ မင်းနဲ့ ကိုကြည်လိုက်ဝယ်ပေးတဲ့ဟာလည်း ငါအိမ်ရောက်မှ တစိမ့်စိမ့်သဘောကျလို့ ပျော်လိုက်တာဟာ၊ အပျိုလေးနဲ့ကတော့ 1818 နှစ်ကဒ်ခွဲကုန်တဲ့အထိ တော်တော်ကြီးရှင်းယူရတယ်၊ လွှတ်ပြစ်ပါမယ်လုပ်နေလို့။ မင်းကို အရာရာအားလုံးအတွက် ဒီနေရာကနေ ကျေးဇူးတင်လိုက်တယ်ကွနော်။]

မင်းရဲ့
မျောက်မင်း

3 comments:

မိုး said...

ဗျိုင်းရေ ..
ပျော်ရွှင်စရာမွေးနေ့ပေါင်းများစွာ ဆက်လက်ပိုင်ဆိုင်ပါစေ.. လို့ မိုးလဲ ဒီကနေ ဆုတောင်းလိုက်ပါ၏ ..

ဇွန်မိုးစက် said...

မမင်းရဲ့ သူငယ်ချင်း ဘဝတစ်လျှောက်လုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည်စုံပျော်ရွှင်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Anonymous said...

heart ထိသွားတာပဲ!!!!!