Pages

13 February 2010

ကိုယ့်အကြိုက် (ပထမဆုံး တဂ်ပို့စ်)

မဇွန်ရဲ့  "ကိုယ့်အကြိုက် (ပထမဆုံး တဂ်ပို့စ်)"  ဆိုတာလေးဖတ်ပြီးသကာလ ကုတင်အောက်က Leggage ထဲတွင် ချောင်ထိုးထားသည်မှာ ကြာလှပြီဖြစ်သော လုံချည်ကလေးများအား ခဏတဖြုတ် ထုတ်ဝတ်ချင်စိတ်လေး ဖြစ်မိပါသည်။ မဇွန်အား Online တွင် အဆင်သင့်တွေ့ ရသဖြင့် လှမ်းမေးလိုက်သေးသည်၊ " တဂ်ပို့စ် ဆိုတာဘာကြီးလဲဟင် " ဟု။ မဇွန်က စိတ်ရှည်လက်ရှည်ရှင်းပြပြီးနောက် "တဂ်လိုက်မယ်နော်၊ ရေးပါ" ဟုပြောချိန်မှာ မမင်းစိတ်က ၉-တန်းတုန်းက ရေးခဲ့ဖူးသော စာစီစာကုံးနှစ်ပုဒ်ကို အပြေးအလွှား သတိယသွားမိလေတော့သည်။

၈-တန်းအောင်တဲ့အထိ စာစီစာကုံးဆိုတာ စာမေးပွဲကြီးရောက်မှ ကြုံသလိုရေးခဲ့သည်ချည်းပင်။ ၉-တန်းရောက်တော့မှ လူလူသူသူ အတန်းထဲတွင် စာစီစာကုံးအရေးကျင့်ရဖူးတော့သည်။ မှတ်မိနေသေးသည်။ ပထမဆုံးအပုဒ်က "ကျွန်ုပ်၏ တစ်နေ့တာ" ဟူတည်း။ မမင်းက သာမန်နေ့တစ်နေ့တွင် မမင်းလုပ်လေ့ရှိသည်များနှင့် ကြုံရလေ့ရှိသော အဖြစ်အပျက်များကို တစ်မျက်နှာသာသာတောင် လက်စွမ်းပြရေးဖွဲ့ ခဲ့ပေရာ ပေးမှတ်ဆယ်မှတ်တွင် သုံးမှတ်ကြီးများတောင်ရရှိခဲ့လေသည်။ အောင်မှတ်ပင်မရငြားသော်လည်း ကိုယ့်ဟာကိုယ်တော့ အင်မတန်သဘောခွေ့ မိလေသည်။ မနက်ခင်းကားနိဒါန်း၊ ညပိုင်းကားနိဂုံးချုပ်ဖြစ်၍ ကျန်တစ်နေ့တာလုံးကား စာကိုယ်ပိုဒ်များတည်း။ ပြောင်မြောက်လှသော မမင်း၏ စာစီစာကုံးနိဂုံးချုပ်ကား ဤသို့တည်း။ "ညနေစောင်းတွင် သူငယ်ချင်းများလူစုကာ စက်ဘီးတစ်စီ်းစီဖြင့် လည်၍ပတ်၍ ဆော့၍ပြော၍မှ အားမရသေးမီ၊ ဖြစ်ချင်သလိုဖြစ်လျက်ရှိသော လောကကြီးသည်ကား အမှောင်ထုကိုဆောင်ကြဉ်းခဲ့ချေပြီ။ အဖွားကိုအလွန်ချစ်သော ကျွန်မသည် မတတ်သာ၍အိမ်ပြန်ကာ အဖွားချိုးရန်ရေဖြည့်၊ ကိုယ်တိုင်ရေချိုး၊ ထမင်းစားပြီးသည့်နောက် မီးမလာလျင် စာနည်းနည်းပါးပါးကျက်ပြီး၊ မီးလာလျင်ကား တီဗွီဇာတ်လမ်းတွဲကြည့်ပြီးနောက် အိပ်ယာဝင်ခြင်းဖြင့် ကျွန်ုပ်၏တစ်နေ့တာကို နိဂုံးကမ္မတ်အဆုံးသတ်လိုက် လေတော့သတည်း။"

နောက်ထပ်တစ်ပုဒ်ကား "ကျွန်ုပ်၏ အိမ်နီးချင်းများ"။ လေးမျက်နှာကျော်သောထို စာစီစာကုံးတွင် ပါဝင်သမျှ မမင်း၏အိမ်နီးချင်းများ၏အမည်ကား ဟေမာ၊ မေဆွိ၊ မီမီဝင်းဖေ၊ ကော်နီ၊ ရင်ဂို၊ ဗဒင်၊ ဇော်ဝင်းထွဋ်၊ ကိုင်ဇာ၊ ခိုင်ထူး၊ ခင်မောင်တိုး၊ ထူးအိမ်သင်.... စောဘွဲ့ မှူးတောင်ချမ်းသာမပေး ထိုခေတ်ကရေပန်းစားသော အဆိုတော်အားလုံးကို ယူသုံးထားခြင်းသာတည်း။ ထိုစာစီစာကုံးနှစ်ပုဒ်အား သိမ်းထားခဲ့မိရင်ကောင်းမှာဟု တစ်ခါတစ်တွေးမိနေတတ်သည်။ ယခုမူ မဇွန်ကျေးဇူးကြောင့် အလားတူ စာစီစာကုံးတစ်ပုဒ်တော့ ရေးဖြစ်ပေဦးတော့မည်ဟု သဘောရလျက် "ချကွာ၊ ကျောင်းတုန်းက အတန်းထဲမှာ စာစီစာကုံးဖြေသလိုပဲ သဘောထားပြီးရေးမယ်။ တဂ်လိုက်ပေတော့ မဇွန်ရေ" ဟုတာဝန်ခံမိသည့် အားလျော်စွာ ကြိုးစား၍ ရေးသားလိုက်ပါသည်... ဆက်လက်ရှူစားအားပေးတော်မူကြပါကုန်။

တဂ်ပို့စ်၏ခေါင်းစဉ်ကား "ကိုယ့်အကြိုက်"၊ ရှေ့ကလူများက လုံချည်များအကြောင်းရေးခဲ့သည်တဲ့။ "ကိုယ့်အရှိ" ဆိုဟုတ်တုတ်တုတ် ဟုဖြတ်ခနဲတွေးထည့်လိုက်မိသည်။ မမင်းကား ဤသို့သောရိုးရာလုံချည်များအား ကိုယ်ဟန်ပြေပြစ်သူများ ကျော့ရှင်းစွာ ဝတ်ဆင်ထားလျင် အင်မတိ၊ အင်မတန် နှစ်သက်မက်မော သဘောကျတတ်သူဖြစ်လေသည်။ ကိုယ်တိုင်မူကား ပုအိုင့်အိုင့်မို့ လုံချည်နှင့်မလိုက်ဘက်ဟု အထင်ရောက်သည်က တစ်ကြောင်း၊ ခါးတွင်တင်းစွာစည်းနှောင်နေသော ခံစားချက်ကို မခံစားတတ်၍တစ်ကြောင်း လုံချည်များကို မြတ်မြတ်နိုးနိုးမက်မက်မောမော မရှိလှပေ။ စလုံးသို့ထွက်လာသောအခါ ရေလဲလုံချည်ပင် မပါလာခဲ့ပေ။ ထိုအခါမှပင် ဘဝမှာ လုံချည်တစ်ထည်မှမရှိဘဲလူလုပ်ရတာ သိပ်တော့အဆင်မပြေလှဟု တွေးမိတော့သည်။ ရေလဲလုံချည်လေး ပို့ပေးပါဟု အိမ်ကိုပြန်မှာရလေသောအဖြစ်။


ရေလဲလုံချည်များကလွဲ၍ ချမ်းသာသမျှဒါအကုန်ဖြစ်ပါသည်။ တစ်ထည်မှ ကိုယ့်ဟာကိုယ်ဝယ်ထားတာ မပါပေ။ စလုံးရောက်မှ ကီမိုနို ၅ ထည်နှင့် ပါတိတ် ဆယ်ထည်ထက်မနည်းဝယ်ပြီးဖြစ်သည်။ [ပါတိတ်စက်ရုံရှေ့တွင် ၄လခန့်နေခဲ့ဖူးသည်လေ။] ဝယ်ဝယ်သမျှ အမေများနှင့် အဒေါ်များအတွက်သာ၊ ကိုယ့်အတွက် တစ်ထည်မှမပါခဲ့ပေ။ မမင်းကို အဝတ်အစားဆင်ရသူများ ဒုက္ခတော့များရှာသည်။ မမင်းလိုလူ၏ အကြိုက်ကို အမေအရင်းပင် မသိတန်ရာ။ မွေးစားအမေကား ပိုဆိုးတော့သည်။ သူ့ ကိုယ်သူပင် သူဘာကြိုက်မှန်း မသိ၍ အပျိုကြီးလုပ်နေလေသည်။ =P မမင်းကိုယ်တိုင်လည်း ကိုယ်ဘာကြိုက်မှန်းကိုယ်မသိ (အပျိုကြီးဖြစ်တော့မှာ သေချာသလောက်ရှိသည်)။ ထို့ကြောင့်ကိုယ်နှင့်တန်လို့ ရလာသမျှ (အဝတ်အစားကို ဆိုလိုသည်) ဘယ်သူက ဆင်ဆင် ဂျီးမများဘဲ ကြိုက်ရတော့သည်သာ။

အလယ်မှ ခရမ်းရောင် အပွင့်ကား အချစ်ဆုံးသူငယ်ချင်း ဗျိုင်း ပေးထားတာဖြစ်သည်။ ပုဇွန်ဆီရောင် ကချင်ပိုးကား ဝမ်းဆက်ဖြစ်လေသည်။ မေမေ ထားဝယ်မှလူကြုံနှင့် တကူးတက ပို့ပေးလိုက်တာဖြစ်သည်။ ကျန်လုံချည်အားလုံးမှာ မွေးစားအမေဟု မမင်းပြောနေသော ဆရာမဒေါ်သူဇာဝင်း ၏ ညီမ ဒေါ်သဇင်ဝင်း၏ လက်ရာများသာဖြစ်သည်။ စလုံးမှ လုံချည်မပါဘဲပြန်လာမည့် သူ့တူမအကြောင်းကိုသိ၍ ကြိုတင်ချုပ်နှင့်ကာ ရန်ကုန်ကနေဆီး၍ ဆင်ရှာလေသည်။ ကျေးဇူးကြီးပေစွ။ အစွန်ဆုံး မီးခိုးပြာလေးကား စကတ်ထဘီ (ဖိစကတ်) အင်္ကျီနှင့် ဝမ်းဆက်ဖြစ်လေသည်။ တစ်ခါမှ မဝတ်ရသေးပါ။ အန်တီသဇင်က မမင်း အနက်ရောင်ကြိုက်တတ်သည်ဟု အမှတ်မှား၍ အနက်ကလေး နှစ်ထည်လည်း ဝယ်ထားရှာသည်။ မမင်းအကြိုက်ဆုံးကား ယောဂီထဘီပင်တည်း။ PAMC (Weekends Meditation Retreat) များဝင်တုန်းက ဝတ်ဖြစ်သည်လေ။ အိမ်နေရင်းလည်း တစ်ခါတစ်ခါ ဝတ်ပါသည်။ နိဗ္ဗိန္ဒညဏ်ကို အာရုံပြုသောအရောင် မဟုတ်ပါလားလေ။

ဘဝမှာ အကြိုက်ဆုံးလုံချည်တစ်ထည် ရှိခဲဖူးပါသည်။ YTU တက်စဉ်က မေမေချုပ်၍ ပို့ပေးသော မီးခိုးရောင်ထဘီလေးဖြစ်သည်။ ချိတ်ဖြင့်ချုပ်ထားသော စကတ်ထဘီဖြစ်၍ ဝတ်ထားလျင် လုံချည်ပင်ဖြစ်ပြီး နေရထိုင်ရအင်မတန်လွတ်လပ်လေသည်။ ပုံကျပြီး၊ အဆင်လှသော ထိုလုံချည်လေးအား ကြိုက်လွန်းလှ၍လည်း မကြာမကြာဝတ်ဖြစ်ခဲ့လေသည်။  ထိုလုံချည်လေးကား တနင်္သာရီရိုးမတစ်နေရာမှာ ဆိုင်ကယ်ဖြင့် လျှိုထဲကို ဇောက်ထိုးဆင်းစဉ်အခါက ဒူးအောက်မှ တစ်ပိုင်းလုံးပြတ်၍ ပါသွားခဲ့လေပြီ။ ကျောင်းပြီး၍ ဘွဲ့ ယူခါနီးတွင် ပိုးချိတ်ပန်းရောင်လေးတစ်ထည်ကို အီတလီပိုးပန်းရောင်ဖျော့ အင်္ကျီ လေးနှင့်တွဲ၍ မေမေဝယ်ချုပ်ပေးခဲ့ပေသည်။ သို့သော်ခုထိ တစ်ခါမှ မဝတ်ဖူးသေး။ ရွာကအိမ်မှ သေတ္တာထဲတွင် ဒီအတိုင်းပင်တွေ ခဲ့သေးသည်။ [ဘွဲ့ ယူမည့်ရက်သည် ဝင်နေကျတရားစခန်းနှင့် တိုက်ဆိုင်နေသောကြောင့် ဘွဲ့ ကိုအဝေးရောက်ပြောင်းတင်ကာ တရားစခန်းသွားဝင်ခဲ့သောကြောင့်။]

ဓာတ်ပုံထဲတွင် မမင်းကြိုက်တာလေးတစ်ခု ထည့်ထားပေသေးသည်။ ကတီပါဖိနပ်။ ခုထိ ရန်ကုန်ပြန်သည့်အခေါက်တိုင်း ဗျိုင်းအတွက် အမြဲဝယ်လာတတ်သည်က ကတီပါဖိနပ်သာ။ မမင်းကိုယ်တိုင် ရုံးနေရင်း၊ အိမ်နေရင်းလည်း ကတီပါဖိနပ်သာစီးပါသည်။ ဓာတ်ပုံတွင်ပါသော ဖိနပ်မှာ ရွာမှသယ်လာသော နောက်ဆုံးလက်ကျန်လေးသာဖြစ်တော့သည်။ ချမ်းသာသမျှထုတ်ကြွားလိုက်ရ၍ နေသာထိုင်သာရှိသွားပါပြီ။ [မဇွန်ရေ သုံးမှတ်လောက်တော့ ပေးပါဗျိုး။]

နိဂုံးချုပ်ပါတော့မည်။ သူဖြစ်ချင်သလိုဖြစ်လျက်ရှိသော လောကကြီးသည်ကား အမှောင်ထုကိုဆောင်ကြဉ်းခဲ့...အဲ့အဲ့ ရောကုန်ပြီ။ "လူမှာအဝတ်၊ တောင်းမှာအကွပ်" ဟူသောစကားကို ငြင်းပယ်လိုစိတ် မရှိဖူးသော မမင်းသည် အဝတ်အစားနှင့်ပတ်သတ်၍ အချိန်ကုန်ခံတတ်သူမျိုးလည်း မဟုတ်ခဲ့ပါလေ။ Shopping ဟူ၍ အရသာခံကာ တစ်ခါမှကို မထွက်စဖူး။ လိုအပ်ပြီဆိုမှ နှစ်ထည်သုံးထည်၊ နှစ်ရံသုံးရံ၊ နှစ်လုံးသုံးလုံး(လက်ကိုင်အိတ်ပြောပါတယ်)... တပြိုင်တည်းနှင့် တွေ့ ကရာရာကို၊ တွေ့  ကရာရာဈေးနှင့် စွတ်ရွတ်ဝယ်လေ့ရှိသူသာ ဖြစ်ပါသည်။ သို့သော် တစ်ခါတစ်ခါ အထူးတလည် လှချင်နေတတ်သော အချိန်များရှိနေတတ်ကြောင်းလည်း ဝန်ခံလိုပါ၏။ အထူးသဖြင့် ထိုအခါမျိုးများတွင် အောက်ပါစာပိုဒ်ကို အာရုံစိုက် နှလုံးသွင်းတတ်ပါလေသည်။

ချမ်းပူကိုဖျက်၊ ခြင် မှက် လေ နေ၊ ကင်းမြွေလွဲသုဉ်၊ ဟီရိဂုဏ်ကို၊ ကုန်စေတတ်စွာ၊ ကိုယ်အင်္ဂါကို၊ လုံပါစေလို၊ ကိုယ်ကိုစံပယ်၊ ဆင်ပြင်မယ်ဟု၊ စိတ်ဝယ်မညွတ်၊ ဤကိုယ်ဝတ်ကို၊ ဝတ်ရုံ ဖုံးလွှမ်းပါသတည်း။

မဟာစည်-နွေရာသီယဉ်ကျေးမှုသင်တန်း၊ ရှင်ကျင့်ဝတ်စာအုပ်မှ ရဟန်းတော်များ ပစ္စည်းလေးပါးဆင်ခြင်ရာသီလပိုင်းတွင် ပါဝင်သော သင်္ကန်းဆင်ခြင်ပုံအား ဆရာကြီးဦးသစ်ဆန်းလွင်မှ လူများနှင့်လျော်ညီအောင် ပြင်ဆင်ရေးသား သင်ကြားခဲ့သောကဗျာလေး ဖြစ်ပါသည်။ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီးက သူမြတ်ဂုဏ်စဉ် ၁၀ ပါးတွင် အဝတ်အစားတတ်ဖို့က ဆဌမ ဟုဖော်ပြသတ်မှတ်ခဲ့သည် မဟုတ်ပါလော။ ကိုယ့်အကြိုက်လေးများ၊ ကိုယ့်အရှိလေးများကို ပညာညဏ်ယှဉ် ဝတ်စားဆင်ယင်တတ်ကြသဖြင့် လူရော၊ စိတ်ပါ ယဉ်ကြ၊ လှကြ ပါစေကုန်သတည်း။ ။

3 comments:

Unknown said...

good tal ma min

ဇွန်မိုးစက် said...

မင်းရေ... တဂ်ပို့စ်လေးရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ရေးဟန်လေးဖတ်ပြီး ပြုံးရသေးတယ်။ ပုံထဲက လုံချည်လေးတွေအပြင် အရုပ်လေးတွေကိုပါ ကြိုက်သွားတယ်။ (မျောက်ကလေးက ချစ်စရာလေးနော်း))

ထိုင်ဖုံလေးက PAMC က ဝယ်ထားတာလား။

အဆုံးသတ်လေး သိပ်ကောင်းတာပဲ။ မှတ်သားဆင်ခြင်မိပါတယ် မမင်းရေ။

တရားစခန်းမှာ စိတ်လက်အေးချမ်းစွာနဲ့ ကုသိုလ်စိတ်တွေမပြတ်ပွားများရင်း တရားထူးတရားမြတ်ရသည်အထိ အားထုတ်နိုင်ပါစေ။

ခင်တဲ့
ဇွန်

မမင်း said...

မဇွန် လေသံဖတ်ရသလောက်တော့ အောင်မှတ်ရသွားတယ် နေမယ် ဟိ။

မမင်းကို သူငယ်ချင်းတွေက မျောက်မင်းလို့ခေါ်တာလေ။ အဲ့မျောက်ရုပ်က မမင်းသူငယ်ချင်းပဲ ဟိဟိ အမျိုးလည်းတော်တယ်။

ထိုင်ဖုံလေးက PAMC ကဝယ်တာဟုတ်ပါတယ်။ S$25 ပေးရပါတယ်။ တကယ်တော့ အဲဒီငွေကို Center မှာသုံးနေတဲ့ ထိုင်ဖုံတွေပြန်ချုပ်ဖို့ သုံးတာကြောင့် နေရာထိုင်ခင်းအလှူလည်း ဖြစ်တာကြောင့်ပါ။ နောက် ကြာရှည်ထိုင်နိုင်ဖို့အတွက် သူကတော်တော်လေး ကောင်းတာတွေ့ ရတယ်လေ။

အစစ အရာရာအတွက် ကျေးဇူးအထူး တင်ရှိနေပါကြောင်း။