Pages

02 February 2010

ပိုးဖလံတစ်ကောင်ရဲ့ ငိုချင်း

နှစ်ပေါင်းများစွာကြာအောင် ကြိုးတစ်ချောင်းကိုကျစ်ခဲ့ဖူးတယ်၊
အစ တစ်ဘက်ကို နှလုံးသားမှာ အသေချည်ပြီးတော့ပေါ့...
လရောင်မှာ လှနေတဲ့အရာရာကိုငေးရင်း
မိန်းမောညွတ်နူး တပ်မက်စွာလည်း ကျစ်ဖြစ်ခဲ့သလို
နေ့အချိန်နဲ့ညအမှောင်တွေမှာတောင် (နေရောင်နဲ့ကြယ်တွေကိုအားနာပေမယ့်)
လမင်းကိုစိတ်ကမှန်း တမ်းတခြင်းများစွာနဲ့ ကျစ်နေမိခဲ့တာမျိုးပေါ့။

အပမ်းမကြီးရင်တော့ တစ်ချက်လောက်လေး မြင်ယောင်ပေးပါ
မျှော်လင့်ချက်တွေ တဖျတ်ဖျတ်၊ တွယ်တာစွဲလန်းမှု၊ ချစ်ခင်မြတ်နိုးမှုတွေနဲ့
ဆန်းကြယ်ထူးခြား၊ ခမ်းနားပြည့်စုံလွန်းလှသလို
ယုံကြည်ကိုးစားခြင်းတွေနဲ့ ခိုင်ခန့်သန်မာနေခဲ့ပါတယ်...
ငါ့တစ်ဘဝလုံးကို ထိန်းမတ်ပေးနေတယ်လို့ ငါခံယူထားတဲ့
ငါ့ရင်ထဲက အဲဒီကြိုး နဲ့ ကြိုးကျစ်နေတဲ့ စိတ်ဇောကိုပေါ့။

ချစ်ခြင်းကို နည်းပညာတစ်ရပ်လို့ (ဘယ်တုန်းကမှ)မထင်မှတ်ဖူးပါ။
ဒါပေမယ့် .. လမင်းကြီးနီးလာတယ်ထင်တိုင်း...
လောဘကြောင့်လား၊ မောဟကြောင့်လား... လောကကိုမေ့သွားတတ်တော့
မက်မောစွာနဲ့ကြိုးကိုယမ်းပြီး ပစ်ပစ်ဖမ်းနေမိတတ်တော့တယ်
မိတော့မယ်ထင်နေရင်းက တစတစဝေးသွားပြန်တဲ့အခါ
ကြိုးရဲ့အစ ငါ့ရင်တွေနာရတာကလည်း မချိမဆန့်ပဲပေါ့။

နေ၊ ကမ္ဘာ၊ လ ...တို့ရဲ့ သဘာဝဆွဲငင်အား
နှစ်ဆယ့်ကိုး၊ နှစ်ပိုင်းတစ်ပိုင်း ရက်မှာ တစ်ပတ်လည်တာ ဝတ္တရား
မြေကြီးပေါ်မှာ မထူးခြားစွာ ရပ်တည်နေတဲ့ငါကများ
လ ကိုကြိုးတုတ်ပြီး ဖမ်းထားချင်နေတာဟာ
ယုတ်မာတဲ့စိတ်ထား လို့သာပြောလိုက်ပါတော့ --- ရယ်
ဒါမှပဲ ငါ့ရဲ့ကြိုးတန်းလန်းနဲ့ နှလုံးသားကို ဆွဲထုတ်သဂြိုင်္ဟ် နိုင်မှာမို့ပါ။

"ဝေးလေကောင်းလေ" ဆိုတာ နားလည်လေးမြတ်ထားတဲ့ တရားစကား၊
"မီး"ဟာ ပူတတ်၊ လောင်တတ်တယ်ဆိုတာဟာလည်း သိပြီးသားအမှန်တရား။
ဒါပေမယ့် "မီး" ကိုပဲ ကိုးကွယ်နှစ်သက်လွန်းတဲ့ ပိုးဖလံဟာ
သိပ်သည်းတဲ့အမှောင်မှာ ကျိတ်ပြီး ရူးကြောင်သွေးပျက်သွားတာမျိုး...
အခုတော့...ငါ...သေးနုတဲ့တောင်ပံတစ်စုံကို အားကုန်ခတ်ပြီး
ရူးသွပ်မှုကို အစကနေအဆုံးထိ သယ်ပိုးရင်း (အလဲလဲအပြိုပြိုနဲ့)
လမင်းဆီ အရောက်ပျံမယ်လို့ ... အားငယ်စွာတွေးမိနေတုန်းပဲ။ ။



-2007, October မှာရေးခဲ့ပါတယ်။ တခါတရံ "ကဗျာ" ဆိုတာ မငိုတတ်တဲ့သူတွေရဲ့ ပုံစံပြောင်းမျက်ရည်တွေ ဖြစ်နေတတ်ပါတယ်။
-ပထမအရွယ် ၂၅ နှစ်လုံးလုံး အားနည်းသေးတဲ့ အသိညဏ်ရေးရေးတွေကို နှိုးစက်ပိတ်သလို ပိတ်ရင်း ခံစားချက်တွေကို စိတ်လိုက်မာန်ပါ ဦးစားပေးခဲ့တာတွေကြောင့်...အခုလိုဒုတိယအရွယ် အစပိုင်းတွေမှာ ခံစားချက်တွေဟာ အရှိန်အမြင့်ဆုံး၊ အားအကောင်းဆုံးပါတဲ့။ နောက်ပြီး အဲဒီလိုအပြင်းထန်ဆုံး ခံစားချက်ဝေဒနာတွေဟာလည်း ကိုယ်မြတ်နိုးလို့ ရှာမှီးစုစောင်းမွေးမြူထားတဲ့ ဖွင့်ဖြိုးစအသိညဏ်တွေနဲ့ ရန်ဖြစ်(တိုက်ခိုက်)နေတဲ့အရွယ်ပါတဲ့။ တတိယအရွယ်တွေလို များပြားသောအတွေ့ အကြုံကိုအခြေခံတဲ့ ရင့်ကျက်အားကြီးသော အသိညဏ်မျိုးမရှိသေးလို့ ခံစားချက်ကို မနိုင်တတ်တဲ့အခါ ဘာလုပ်ရမှန်းမသိလောက်အောင် ရှုပ်ထွေး၊ နာကျင်၊ ပူလောင်၊ ပင်ပန်းနေတတ်ကြပါသတဲ့။ ဒီအရွယ်၊ ဒီအရွယ်...တင့်တင့်တို့အရွယ်..အဲလေ...မမင်းတို့အရွယ်ပေါ့...း)။ ဒီလိုပြသနာတွေကို ဖြေရှင်းဖို့ နည်းလမ်းနှစ်ခုတည်းသာ ရှိပါသတဲ့။ သိချင်တဲ့သူများ ဓမ္မဒူတ ဇေတဝန်တောရဆရာတော်ဘုရား၊ ၂၅-၃၅ လူလတ်တရားသင်တန်းမှာ ဟောကြားချီးမြှင့်တော်မူသော "ဘဝစံအိမ်တရားတော် အပိုင်း(၈)" ကိုနာယူပါရန်။ =P

5 comments:

ပိုးဖလံ said...

ပိုးဖလံ ပါ ..

ဇွန်မိုးစက် said...

မမင်းရေးတာဖတ်ပြီး ဆရာမဂျူးရဲ့ 'လကိုဖမ်းဖို့ ပိုက်ကွန်ယက်ရအောင်' ဆောင်းပါးလေးကို သွားသတိရမိတယ်။ မမင်းရော ဖတ်ဖူးလား။
၂၅-၃၅ တရား ခုထိမနာရသေးဘူး။ သတိပေးတာ ကျေးဇူးတင်တယ်။

ttshlaing said...

အင်းငါကလည်း အားအားနေ ပျင်းတတ်တာနဲ. နင်ကလည်း အညွှန်းလေးတွေပေးတတ်တာနဲ.တော.ခက်ပြီ။နင်.ရဲ.ကဗျာလေးတွေဖတ်ရတာ ငါတောင်ကဗျာရေးချင်လာသလိုပဲ...ဟဲဟဲ ဒါပေမယ်. သိတယ်မဟုတ်လား...ရေးရမှာပျင်းတယ်။ဒါကြောင်. ကျွန်တော် မျိုးကြီးသည် မမင်းရဲ.ထာဝရအားပေးမည်.ပရိတ်သတ်အမာခံတစ်ဦးဖြစ်ပါကြောင်း.........

မမင်း said...

"ဂျူုး ရဲ့ လကိုဖမ်းဖို့ ပိုက်ကွန်ယက်ရအောင်"

သိပ်သေချာတာပေါ့ မဇွန်ရေ။ မနေ့ညက တော်တော်ညဥ့်နက်မှ အိမ်ပြန်ရောက်တာတောင် တင်ချင်လွန်းလို့ တင်ရပြီးရောလုပ်လိုက်တော့ တရားခွေပဲ ကြော်ငြာလိုက်ရတယ်။ စာအုပ်အကြောင်းမကြွားလိုက်ရဘူး။ Comment က post တစ်ခုတောင်ဖြစ်သွားနိုင်တယ်။ တကယ်တော့မမင်းက ဆရာမဂျူးကို လူချင်း ၂ ခါလောက်တွေ့ စကားတွေဘာတွေပြောပြီး၊ ဖုန်းတွေဘာတွေဆက်ပြီးနောက်မှ သူ့ စာတွေကို ဖတ်ဖြစ်တာပါ။ လူကိုလေးစားကြည်ညိုသလောက် စာတွေကိုလည်း(မမင်းကစာဖတ်အားနည်းလွန်းလို့ အရေအတွက်မများလှပေမယ့်) ဖတ်မိသလောက်ကို အရမ်းနှစ်ခြိုက်မိပါတယ်။ ပထမဆုံးတွေ့ တဲ့နေ့က မမင်းဘာသွားပြောသလဲသိလား၊ သမီးရဲ့မေမေက အန်တီ့ရဲ့ ပရိသတ်ပါ...လို့လေ။ ဟီး...။ မမင်းမှာ ဆရာမကိုယ်တိုင်က "မျှော်လင့်ချက်ကြီးသူ ဖြစ်ပါ"ဆိုပြီး၊ လက်မှတ်ထိုးပေးထားတဲ့ "မျှော်လင့်ချက်နှင့်အခြားမျက်နှာဖုံးဆောင်းပါးများ" ဆိုတဲ့စာအုပ်ရှိပါတယ်။ ဒီကဗျာလေးမရေးခင် ၃ လလောက်က ရခဲ့တာဖြစ်ပါတယ်။ ဒီအထိလည်း သယ်လာဖြစ်ပါတယ်။ ဆောင်းပါး ၆ ပုဒ်လုံးကို အရမ်းကြိုက်တာကြောင့်ပါ။ ဒုတိယ တစ်ပုဒ်ကိုတော့ အကြိုက်ဆုံးပါ။ Shel Silverstein ရဲ့ Moon-catchin' Net ဆိုတဲ့ကဗျာလေးကို ဘာသာပြန်ပြီး စဖွင့်ထားတာပါ။ မဖတ်ဖူးသေးတဲ့ သူငယ်ချင်းတွေအတွက် မမင်းဒီနေရာက အမြည်းပေးပြီး share လိုက်ပါမယ်။ စိတ်ဝင်စားရင်တော့ "မျှော်လင့်ချက်နှင့်အခြားမျက်နှာဖုံးဆောင်းပါးများ" ကိုဝယ်ဖတ်လိုက်ကြပါ။ =P
'လကိုဖမ်းမယ့် ပိုက်ကွန်'
လကိုဖမ်းဖို့ ပိုက်ကွန်တစ်ခု ငါရက်ခဲ့တယ်
ကဲ...ဒီနေ့ည ငါအမဲလိုက်ဖို့သွားတော့မယ်။
ပိုက်ကွန်ကို ငါ့ခေါင်းထက်မှာ ဖြန့်ကျက်လွှဲရင်း ပြေးသွားမယ်။
ပြီးတော့ အဲဒီအလင်းလုံးကြီးကို အမိအရ ဖမ်းတော့မယ်။
ဒီတော့....မနက်ကျရင် ကောင်းကင်ကိုတစ်ချက်ကြည့်လိုက်
အဲဒီမှာ လကိုမင်းမတွေ့ ရဘူးဆိုရင်...အသေအချာပဲ
ငါရှာနေတဲ့ အရာကို ငါတွေ့ ခဲ့ပြီပေါ့။
နောက်ဆုံးမတော့ ငါ့ပိုက်ကွန်ထဲမှာ လကိုဖမ်းမိသွားပြီပေါ့။
ဒါပေမယ့် တကယ်လို့များ....
ကောင်းကင်မှာ လ သာနေဆဲပဲ ဆိုရင်တော့
အဲဒီ အောက်နားကို မင်းကြည့်လိုက်၊
ကောင်းကင်ထဲမှာ ငါ့ကိုသဲသဲကွဲကွဲမြင်ရမယ်။
ကြယ်တစ်စင်းမိထားတဲ့ ငါ့ပိုက်ကွန်ကို လွှဲရမ်းလိုက်လို့လေ။ ။

ဆရာမက ဆက်ရေးပါတယ်။ လကိုဖမ်းတဲ့သူတိုင်းဟာ လကိုမမိကြပါဘူး။ လကိုဖမ်းပြီး ကြယ်ကိုမိတဲ့အဖြစ်တွေ အများကြီးရှိမှာပါ။ ကြယ်ကလေးဟာလည်း သူ့ ကိုမိခဲ့သူအဖို့ အလွန်ကြည်နူးချမ်းမြေ့ရတဲ့ အရသာကိုပေးနိုင်မှာ အသေအချာပါပဲ။ ဒါပေမယ့် စိတ်ကိုညှို့ယူနိုင်ဆုံးအချိန်၊ မိန်းမူးစေနိုင်ဆုံးအချိန်က လကိုမိရတဲ့အချိန်လည်းမဟုတ်နိုင်၊ ကြယ်ကိုမိရတဲ့ အချိန်လည်းမဟုတ်နိုင်။ လကိုဖမ်းဖို့ ပိုက်ကွန်ရက်နေရတဲ့ အချိန်ပဲ ဖြစ်နိုင်ပါတယ်။

အဲဒီလိုပဲ လကိုဖမ်းဖို့ပြင်ဆင်ကြံစည်နေတဲ့ အချိန်မှာ အရေးကြီးဆုံးအချက်ဟာ ပိုက်ကွန်ခိုင်ခန့်ဖို့လည်း မဟုတ်နိုင်၊ လနဲ့ကိုယ်ရဲ့ အဝေးအနီး ချိန်ဆဖို့လည်းမဟုတ်နိုင်၊ လကိုချစ်မြတ်နိုးစိတ်နဲ့ ကြည်နူးမိန်းမောစိတ်ပဲ ဖြစ်နိုင်ပါတယ်။

တစ်စုံတစ်ယောက်ကို ချစ်မြတ်နိုးတဲ့အရသာဟာ လောကကြီးမှာ ကြည်နူးမိန်းမူးစရာ အကောင်းဆုံးပါပဲ။..... ဆိုပြီး...နောက်မှာ ဆရာမက အချစ်ဆိုတဲ့အရာ၊ ဘာကြောင့်ချစ်ကြတာလည်း၊ အချစ်အမျိုးမျိုး၊ အချစ်ရဲ့စွမ်းအင်၊ အချစ်ရဲ့ခရီးဆုံး၊ အသည်းကွဲဝေဒနာ(အလွမ်း) ကိုကုစားခြင်း...ဆိုပြီးခေါင်းစဉ်ခွဲတွေ ဝေဝေဆာဆာနဲ့ အချစ်ကို analysis လုပ်ပြထားပါတယ်။ သုတ ရသများစွာပေးစွမ်းနိုင်ပြီး...အဆင့်မြင့်မြင့်ချစ်တတ် စေချင်လို့ "ပိုက်ကွန်လေးတစ်ခု ရက်ကြရအောင်လား" လို့တိုက်တွန်း နိဂုံးချုပ်ထားပါတယ်။

မမင်းကတော့ ပိုက်ကွန်တွေ တစ်ခုမက ရှိနေပြီးဖြစ်တာကြောင့် တစ်ခုခုတော့လုပ်ချင်လာတာနဲ့ ကြိုးပဲကျစ်လိုက်တယ်လေ၊ မဇွန်ရယ်။

အဲ...ပိုက်ကွန်တွေရော၊ ကြိုးတွေရောဆိုတော့ မမင်းဘာတွေများမိထားပြီလဲလို့ အထင်တော့ကြီးကြမယ်မထင်ပါဘူး၊ ဓာတ်သိတွေပဲဟာလေ... မမင်းတစ်ယောက် ကိုယ်ရက်တဲ့ပိုက်ကွန်၊ ကိုယ်ကျစ်တဲ့ ကြိုးတွေနဲ့ ကိုယ့်ဟာကိုယ်ပဲ ရုန်းမရ၊ ဖြတ်မရ ရှုပ်ရှက်တွေခတ်နေတယ် ဆိုတာကို။

ကျေးဇူးတင်စွာဖြင့်
မမင်း

ဇွန်မိုးစက် said...

မမင်းရေ..ခုလိုတကူးတက သေသေချာချာရေးပေးသွားတာ ကျေးဇူးပါ။ ဇွန်ငယ်ငယ်ကလည်း ပိုက်ကွန်ယက်ဖူးတယ်။ သိပ်ကြည်နူးစရာကောင်းတယ်လို့ မြင်ခဲ့မိသေးတာ။ ခုတော့လည်း .... အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်တယ်ကွယ်။
အသက်တွေလည်း မငယ်တော့ဘူးဆိုတော့ ...း)