ငါ့မျက်စိတွေနဲ့ နားတွေ
ပျက်စီးနေရင်ကောင်းမယ်ထင်တယ်...
ဝါးဆွေးတစ်ချောင်းထောင်ပြပြီး
သစ်ပင်ပါလို့ပြောနေသူတွေကို
ငါ မုန်းတယ်....
မဟုတ်မှန်းသိလျက်နဲ့
လက်ခုပ်တီးတတ်တဲ့သူတွေကို
ငါမုန်းတယ်....
သက်ရှိအရုပ်တွေနဲ့
သူတို့ရဲ့ ခပ်ရှုပ်ရှုပ်ကြိုးတွေကို
ငါမုန်းတယ်....
ငါ့မှာ နှလုံးသားဆိုတာ
ရှိမနေရင်ကောင်းမယ်ထင်တယ်...
ဆာလောင်ငတ်မွတ်နေတဲ့ ပါးစပ်တွေထဲ
ဆားငံရည်လောင်းထည့်နေသူတွေကို
ငါမုန်းတယ်....
အပ်နဖားပေါက်ထဲ
ဆင် ကိုတိုးဝင်ခိုင်းနေသူတွေကို
ငါမုန်းတယ်....
မျက်မှန်စိမ်းတပ်ပြီး
ကြည့်နေရက်သူတွေကိုလည်း
ငါမုန်းတယ်....
ငါ့မှာဦးနှောက်ဆိုတာ
ရှိမနေရင်ကောင်းမယ်ထင်တယ်...
အမှန်တရားဝတ်ရုံကို
ဇောက်ထိုးပြောင်းပြန်ခြုံထားကြသူတွေကို
ငါမုန်းတယ်....
ကိုယ့်ကို ကိုယ်အနီရောင်မဆိုးဘဲ
ကနောင်နဲ့ ဘန်ကီမွန်းကို တမ်းတနေသူတွေကို
ငါမုန်းတယ်....
လောကနီတိ စာအုပ်တွေနဲ့
သည်းခံခြင်း ခန္တီဝါဒကို
ငါမုန်းတယ်....
ငါ့ခြေ၊ ငါ့လက်၊ ငါ့ပါးစပ်တွေနဲ့
ငါဆိုတာ မရှိရင်သိပ်ကောင်းမယ်
ဟိုအရေး၊ ဒီအရေး
ငါစွမ်းနိုင်သမျှလှအောင်ရေးချင်နေတဲ့
ငါ့အတ္တကို ငါမုန်းတယ်...
ဘဝပေး၊ သမိုင်းပေး ဆိုတဲ့စကားတွေပြောပြီး
လှေကားတွေရှာရင်းသွေးပျက်နေတတ်တဲ့
ငါ့ကိုယ်ကို ငါမုန်းတယ်...
၁၈ရာစုစီ အိပ်မက် မက်နေတဲ့သူတွေကို
နှိုးနှိုးပြီး မျက်နှာသစ်ပေးချင်နေတဲ့
ငါ့ စိတ်ကို ငါအရမ်းမုန်းတာပဲ။ ။
Feb 29' 2000(Tue) ကရေးခဲ့တဲ့ ကဗျာဟောင်းလေးပါ
ကြာလည်း မမေ့ ဆိုတဲ့စကားလို... ၂၂နှစ် နှစ်ပတ်လည်နေ့မှာ
တစ်ခုခုလေးတင်ချင်တာနဲ့ စာအုပ်အဟောင်းလေးမှာ ပြန်လှန်ပြီးရှာတော့
အမုန်းတွေအပြည့်နဲ့ အသက်၂၀အရွယ် နည်းပညာတက္ကသိုလ်ကျောင်းသူကလေးကို သွားတွေ့ ပါတယ်။
3 comments:
အို ဘာညန်းညန်း နင်မုန်းနေတဲ့ ငါကို ငါချစ်တယ် .. ဒါဗြဲ ..
အရမ်းကောင်းတာပဲ မင်းရေ...း)
ကြိုက်တယ်။
ကျေးဇူးပါ
Post a Comment