Pages

16 April 2011

သင်္ကြန်အလွမ်း(၄)

တရားစခန်းအထွက်နေ့မှာ ကျောင်းတိုက်နှင့်ယောဂီဆောင်အား တိုက်ချွတ်ဆေးကြော သိမ်းဆည်းရှင်းလင်းကြပြီးမှ ဘုရားကန်တော့၊ ယောဂီအဆောင်မှူးနှင့် လူကြီးတချို့ကို ကန်တော့တောင်းပန်သည်။ ယောဂီဆောင်အပေါ်ထပ် မြဘုရားအထံတွင် ဘယ်သူမှမသိအောင်လည်း ဆုပန်ဖြစ်ခဲ့ပါသည်။ ဘုရားတပည့်တော် မြန်မာနိုင်ငံတွင်းမှာ ရှိနေသေးသမျှနှစ်စဉ်မပြတ် တရားအကျင့်ဖြင့်လာရောက် ပူဇော်ပါမည်ဟူ၏။ (ထိုစဉ်က သူ့မှာနိုင်ငံရပ်ခြားတွင် ပညာသင်မည်၊ အလုပ်လုပ်မည်ဟူသော ရည်ရွယ်ချက်လမ်းစ လုံးလုံးဝဝမရှိခဲ့ပါလျက် မြန်မာနိုင်ငံတွင်းမှာ ရှိနေသေးသမျှ ဆိုသည့်အချက်ကို ဘာကြောင့်ထည့်ပြောမိမှန်း သူနားမလည်နိုင်တော့ပေ။) ထို့နောက်သူတနင်္သာရီသို့ ပြန်ခဲ့ပါသည်။ မိဘအပေါ်မကျေနပ်သောစိတ်၊ အားမလိုအားမရစိတ်တို့နှင့် အရွဲ့တိုက်ခြင်း၌ဝါသနာထုံသောသူက ထိုအခေါက်ပြန်သွားပြီးနောက် စိတ်ထား၊ အမြင်နှင့် အပြောအဆို၊ အနေအထိုင်အစစအရာရာ အတော်ကြီးကွဲလဲသွားခဲ့သည်။ သူ့အပြောင်းအလဲကို သူ့မိဘနှစ်ပါးကောင်းစွာ သတိပြုမိကြသည်။

သူကတော့ မေ့မေ့ကို မီးဖိုထဲမှာကူလုပ်ရင်းဖြစ်စေ၊ အဝတ်လျှော်ရာမှာနေရာမှာဖြစ်စေ ရတတ်သမျှအချိန်တိုင်းမှာ တရားစခန်းအကြောင်းနှင့် တရားတော်များကိုတတွတ်တွတ် ပြောပြနေတတ်သည်။ မနက်စောစောဘုရားဝတ်ပြု၊ တရားထိုင်ပြီးလျင်တရားခွေများ ထဖွင့်ပေးတတ်သောသူ့ကို ဖေဖေက "မဖွင့်နဲ့ဟာ၊ တရားသံကြားရင် ဗိုက်ပိုဆာတယ်" ဟုပြောတတ်သည်။ သို့သော်သူက လွယ်လွယ်လက်လျှော့တတ်သူ တော့မဟုတ်ခဲ့။ ဖေဖေက စာဖတ်ဝါသနာပါလေရာ သူကဖတ်စေချင်သောစာအုပ်များကို ဖေဖေမြင်သာသောနေရာများတွင် ထားပေးလေ့ရှိ၏။ ထိုအချိန်ကဖေဖေနှင့်မေမေသည် ရှာဖွေကောင်းတုန်းလူလတ်ပိုင်းများပီပီ စီးပွားရေးကလွဲ၍ ဘာမှသိပ်စိတ်မဝင်စားတတ်။ ဥပုသ်မစောင့်၊ ပုတီးမစိပ်၊ တရားစခန်းဆိုတာ ယောင်လို့တောင်မတွေးကြပါလေ။ သူကသူ့အိမ်၊ သူ့မိသားစုနှင့် သူငယ်ချင်းများအတွက် ဓမ္မဒူတ (တရားတမန်) ဖြစ်ခဲ့သည်။

၁၉၉၉-သင်္ကြန်မှာ ဖေဖေနှင့်မေမေကို ရွှေဂူတရားစခန်းသို့ အရောက်ခေါ်သွားနိုင်ခဲ့သည်။ ဘုန်းဘုန်းနှင့်တကွ အားလုံးကသူ့ကို ချီးမွမ်းကြလေ၏။ အမြှောက်ကြိုက်သောသူက ရန်ကုန်မှာကျောင်းတက်ရသောအခါ သူငယ်ချင်းများ၊ မိတ်ဆွေများကိုလည်း နှစ်စဉ်နှစ်တိုင်း စရိတ်ခံကာခေါ်ဆောင်သွားတတ်မြဲဖြစ်သည်။ ငယ်သူငယ်ချင်းများ၊ YTU သူငယ်ချင်းများ၊ ဘာသာစကားသင်တန်းမှ ဆရာတကွနှင့်မိတ်ဆွေတစ်စု၊ တနင်္သာရီဒေသက သူငယ်ချင်းများ စသဖြင့် သူ့ဧည့်သည်တွေစုံလှသည်။ တစ်ခါကဆိုဧည့်သည်၁၄ယောက်။ ကျန်တာကတော့ မပူရပါ။ သူ့ဆရာမထံသို့ " အမေ.. ဒီနှစ်သမီးဧည့်သည် ဘယ်နှယောက်နော်" ဟုဖုန်းလေးတစ်ချက်ဆက်လိုက်ရုံသာ။ စခန်းဝင်ရမည့်ညနေမှ ဓနုဖြူသို့ ဧည့်သည်တွေနှင့်အတူ သူရောက်လာတတ်မြဲ။ စားစရာထမင်းဟင်းဖွယ်ဖွယ်ရာရာနှင့် သူအပါအဝင်ဧည့်သည်အားလုံးအတွက် အိပ်ယာလိပ်၊ရေချိုးဆပ်ပြာကအစ လိုအပ်တာမှန်သမျှ အဆင်သင့်ရှိနေမြဲတည်း။ စာမေးပွဲနီးနေသည်ဟုလည်း သူဂရုမစိုက်ပါ။ practical ရှိသည်၊ ဘာရှိသည်ညာရှိသည် ဘာမှဂရုမစိုက်ဘဲ တရားစခန်းပွဲသို့ သူရောက်မြဲ။ စာမေးပွဲနီးတယ်သတင်းကြားလျင် ရွှေဂူကျောင်းတိုက် တာဝန်ခံဦးဇင်း ဦးရေဝတ(ယခု-လက်ပံဇင်ကျောင်းတိုက်ဆရာတော်) ၏ကျေးဇူးဖြင့် ယောဂီဆောင်အပေါ်ထပ် သူ့အိပ်ယာလိပ်ဘေးတွင် စာကြည့်စားပွဲပါစီစဉ်ပေး ထားပြီးသားဖြစ်လေသည်။ သူ့အဒေါ်လည်းပဲနှစ်စဉ်မပြတ် ရောက်လာမြဲ။ အဖွား၊ အဒေါ်ကြီး၊ အဒေါ်လတ်များလည်း သူတို့တူအရီး၏ ခိုင်မာမှု၊ တက်ကြွမှုကိုမြင်ရပြီး နောက်ပိုင်းနှစ်များတွင် တရားစခန်းဝင်လေ့ရှိလာကြသည်။

သူတကယ်ပဲလွမ်းရပါသည်။ သူတို့သူငယ်ချင်းတစ်သိုက် စာကလေးသိုက်ကျသလို ဘုန်းဘုန်းတွေကို အမေးအမြန်းထူဖူးကြသည်။ စက်ဝိုင်းဒေသနာတစ်ချက်ချကာ ဝိုင်းထိုင်ရင်းငြင်းကြခုံကြ ပြောဆိုဆွေးနွေးကြဖူးလေ၏။ အတက်နေ့မှာ ကျောင်းဝင်းထဲ၌မုန့်လုံးရေပေါ်ဝင်လုံး၍ တစ်ကိုယ်လုံးလည်း ဖွေးဖွေးဖြူဖူးကြသည်။ ဈေးထဲသွား၍ ယောဂီအားလုံးအတွက် တရော်ကင်မွန်း ခေါင်းလျှော်ရည်တွေသွားဝယ်ကာ သင်္ကြန်အတက်နေ့ ခေါင်းဆေးမင်္ဂလာလုပ်ရန်ဟု ခပ်ကြောင်ကြောင်တွေး၍လည်း လှူဖူးကြ၏။ အလွန်ပူပြင်းသောနွေ ဓမ္မာရုံထဲမှာ ယောဂီကြီးများတရားထိုင်နေချိန်မှာ သူတို့ကယောဂီဆောင်အောက်ထပ် ကော်ရစ်ဒါမှာသရက်ပင်ရိပ်မှာ နံရံကိုမှီ၍ ခြေထောက်လေးတွေဆင်းထိုင်ကာ ငြိမ်ငြိမ်လေးတရားမှတ်၍ လည်းနေဖူးကြသည်။ ထိုကိစ္စကို တရားစခန်း၏သြဝါဒ ဆရာတော်တစ်ပါးဖြစ်သော ဈေးဦးကျောင်းဆရာတော်ကမြင်မိသွား၍ ညတရားပွဲတွင်ထုတ်ဖော် ချီးကျူးလေသည်။ တရားသဖြင့်အားထုတ်ကာ စိတ်ရော၊ ကိုယ်ပါချမ်းသာနေမှ တရားဟူ၏။ သူတို့ကလည်းမြှောက်စားထားသောကြောင့် လတ်လတ်စင်၊ ဖျပ်ဖျပ်လူး ဘုရားစူးယောဂီလေးများ ဖြစ်ခဲ့ကြလေသည်။ စခန်းဝင်ယောဂီအရေအတွက်သိပ်များ၍ နေရာအခက်အခဲရှိသောနှစ်များတွင် သူတို့အိပ်ယာနေရာများကို နောက်ကျမှရောက်လာသူများအားပေးကာ ကြုံရာလူ၏ခြင်ထောင်သို့ ကြုံသလိုဝင်တိုးကာလည်း အိပ်ဖူးကြလေသည်။

တရားနှင့်မနီးစပ်လှသော သူ့သူငယ်ချင်းတချို့သည်လည်း သူတို့မိသားစုများ၏ ဓမ္မဒူတများဖြစ်ခဲ့ကြရလေသည်။ ဝိပဿနာတရားနှင့် ကျေးဇူးဆပ်လျင် မွေးကျေးဇူး၊ ကျွေးကျေးဇူးများပြည့်ပြည့်ဝဝ ကျေပွန်သည်ဟုနားလည်ကာ တရားနှင့်ကျေးဇူးဆပ်ကြသည်။ ဖေဖေကတော့ အရင်းနှီးဆုံးမိတ်ဆွေ အထက်တန်းကျောင်းအုပ်ကြီးတစ်ဦးအား သူ့ရှေ့မှာပင်ဤသို့ပြောဖူးလေသည်။ "ကျွန်တော့သမီးက မိဘကျေးဇူးအထူးဆပ်စရာ မရှိတော့ဘူးဗျ၊ ကျေပြီးသားပဲ။ ဒါတောင်သူကကျွန်တော်တို့ နောင်ရေးအတွက်ဆိုပြီး ကြိုးစားနေတုန်းဗျာ။ သူကကျွန်တော်တို့အတွက် အမေနဲ့တူသောသမီးမျိုးဖြစ်တယ်" ဟူ၏။ (ဖခင်တစ်ယောက်၏ ကြွားဝါခြင်းအဖြစ် နားလည်ပေးကြပါရန်။)

၂၀၁၁-သင်္ကြန်ကား မအားရာယားနာပေါက်သလို အလုပ်များသည့်ကြားက လွမ်းလို့ဆွေးလို့ကောင်းနေတုန်း အတက်နေ့သို့ပင် သုတ်သီးသုတ်ပြာ ရောက်လို့လာခဲ့ပါပြီ။ သူ့အလွမ်းတွေကိုလည်း ရောက်ရာနေရာက နိဂုံးချုပ်ပါတော့မည်။ ဤနေရာတွင် ထိုတရားစခန်းနှင့်ဆက်စပ်ကာ သူဆည်းကပ်ခိုလှုံခွင့်ရသော ဓမ္မဒူတဆရာတော်ဘုရားများအား အောက်မေ့တမ်းတစွာ အမည်နာမဖော်ပြလိုပါသည်။ ၁၉၉၈သင်္ကြန်က ကျေးဇူးတော်ရှင် ပဓာနနာယက ဓမ္မဒူုတဆရာတော်ဘုရားကြီး နတ်ရွာစံပျံလွန်မူပြီးစအချိန်ဖြစ်၍ ဆရာတော်ဘုရားကြီး၏ တစ်နှစ်တာအချိန်ဇယားပါ သာသနာရေးကိစ္စများကို တပည့်နာယက (၆) ပါးတို့က အသီးသီးတာဝန်ခွဲဝေယူနေကြချိန်ဖြစ်၏။ ထိုနှစ်ကထိုတရားစခန်းကို အရှင်ပညာဝရ(ဓမ္မဒူတ သိမ်ဇရပ်တောရဆရာတော်) နှင့် ဓမ္မဒူတအရှင်ဝိမလ ညီတော်နောင်တော်နှစ်ပါးမှ နှစ်ပိုင်းခွဲ၍ တာဝန်ယူခဲ့ကြသည်။

နောက်နှစ်များတွင် အရှင်ဆေကိန္ဒ (လက်ရှိ ဓမ္မဒူတဇေတဝန်တောရ ဆရာတော်ဘုရား) ကသုံးနှစ်ခန့်ဆက်တိုက် တစ်ပါးတည်းတာဝန်ယူခဲ့ပြီး၊ နောက်ပိုင်းနှစ်များတွင် ဓမ္မဒူတမုဒုံဆရာတော် အရှင်ကောသလ္လနှင့် တစ်ပိုင်းစီတွဲဘက် တာဝန်ယူခဲ့ကြသည်။ နောက်ပိုင်းအရှင်ဆေကိန္ဒ ဆရာတော်ဘုရား သာသနာ့တာဝန်တွေ ပိုမိုကြီးမားများပြားလာခြင်းကြောင့် ဓနုဖြူတရားစခန်းကို အချိန်ပြည့်တာဝန်ယူရန် အခြေနေမပေးသဖြင့် ဆရာတော့်တပည့်ညီတော်များဖြစ်သော အရှင်ကုသလ၊ အရှင်လက္ခဏ၊ အရှင်စန္ဒောဒယတို့က ဆရာတော်နှင့်အတူ အလှည့်ကျကြွရောက်တာဝန်ယူကြပါသည်။ နောက်ပိုင်းတွင် အရှင်စန္ဒောဒယ (လက်ရှိဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်ကြီး၏ တိုက်အုပ်ဆရာတော်ဘုရား) က ယခုအချိန်ထိတိုင်အောင် အချိန်ပြည့်တာဝန်ယူကာ တရားဟော၊ တရားပြကမ္မဌာနာစရိယတာဝန်များကို ဒကာဒကာမများအတွက် ကြီးမားသောဂရုဏာဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

တနှစ်ကသင်္ကြန် သူကစလုံးမှာရောက်စ လုံးလည်လိုက်၊ ကုန်းလည်ဆိုက်နေ၍ ရွှေဂူတရားစခန်းသို့ မရောက်ဖြစ်သော်လည်း သူ့မိသားစုကတနင်္သာရီမှ တကူးတကရောက်အောင်သွားခဲ့ကြ၏။ ဖေဖေနှင့် မောင်လေးနှစ်ကောင်က ဒုလ္လဘရဟန်းဝတ်ဖြင့် တရားအားထုတ်ဖြစ်ကြသည်။ သူဖုန်းဆက်သောအခါ မေမေက ဒီမှာကသမီးရဲ့ မိဘဖြစ်ရတာ အတော်ဂုဏ်ရှိပြီး မျက်နှာပွင့်တာပဲဟု ကြည်နူးစွာပြောခဲ့ပါသည်။ မနှစ်ကသင်္ကြန်တရားစခန်းအထွက်နေ့မှာ ဆရာမနှင့် ဓမ္မမိတ်ဆွေများက G-talkမှလာ၍ သူတို့ပြုစုကြသမျှကုသိုလ်တို့ကို သူ့အားပြောပြအမျှဝေကြပါ၏။ "ဟိုဘယ်သူနဲ့မှမတည့်တဲ့ အမေဒေါ်တင်ကြည်လေ နင့်ကိုအောက်မေ့လိုက်တာဆိုပဲ၊ ငါ့မြေးလေးမရောက်လာတာ၂နှစ်တောင်ရှိပေါ့လို့ ပြောတယ်ဟေ့။ တခြားသူတွေဘယ်လောက် သတိယလည်းဆိုတာတော့ ကိုယ့်ဟာကိုယ်တွေးသာကြည့်။ နောက်နှစ်တော့နင် လာဖြစ်အောင်လာမှဖြစ်မယ်။ ဆရာတော်ကိုလည်းဖုန်းဆက်လိုက်ဦး။ နင့်အကြောင်းခဏခဏပြောတယ်" ဆိုတာတွေလည်းပါသေးသည်။ ဆရာတော်အရှင်စန္ဒောဒယအား ဖုန်းခေါ်ရာ ဆရာတော်ကလည်း ဝမ်းသာအားရလေသံဖြင့် နင့်ကိုရှိစေချင်လိုက်တာဟာဟု အစချီလျက် ယောဂီတွေတရားအဆင့်မြင့်လာကြောင်း၊ ဘာတရားတွေဟောကြောင်း၊ အခွေတွေပို့ပေးမည့်အကြောင်းများနှင့် ကုသိုလ်အစုစုများကို ပြောကြားအမျှဝေလေသည်။ တရားသံဝေဂနှင့် ကုသိုလ်ပီတိစိတ်ထက် လွမ်းတစိတ်သာပိုများလျက် မျက်ရည်ဝဲသောသူ့ကိုယ်သူ နားလည်ရခက်မိပါ၏။ ဒီနှစ်သင်္ကြန်မှာလည်း သူအရောက်မသွားနိုင်ခဲ့ပါပေ။ ထို့ကြောင့်ဤသင်္ကြန်အလွမ်းကို သူတော်တော်မအားသည့်ကြားကရေးပါသည်။ သူလွမ်းချင်သလိုလွမ်းပြီး ရေးချင်သလိုရေးထားတာဖြစ်၍ စာဖတ်သူများကိုအားနာလှပါသည်။ လာမည့်နှစ်သင်္ကြန်တွင် ဒီလိုပို့စ်မျိုးမဖတ်ချင်ကြပါက မမင်းတစ်ယောက်ဓနုဖြူတရားစခန်း ပြန်ဝင်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သကြပါကုန်။ ။

3 comments:

မသီရိ said...

မမင်းေ၇
လာမျှဝေခံစားသွားတယ်နော်

မမင်းရဲ့ဆန္ဒတွေ ပြည့်ပြည့်စုံစုံ အကောင်အထည်ဖော်နိုင်ပါစေ

ဇွန်မိုးစက် said...

မင်းရေ... အလွမ်း ၃၊ ၄ တစ်ခါတည်း ဖတ်ပြီးသွားပါပြီ။ ရွှေဂူကျောင်းတိုက်မှာ ပြုခဲ့သမျှ ဒါန၊ သီလ၊ ဘာဝနာ၊ ဝေယျာဝစ္စ ကုသိုလ်အစုစုအတွက် အားရကျေနပ် ၀မ်းမြောက်စွာ သာဓု...သာဓု...သာဓု သုံးကြိမ်တိုင်အောင် လှိုက်လှိုက်လှဲလှဲ ခေါ်ဆိုသွားပါတယ်။
နောက်နှစ်အဆင်ပြေရင်တော့ တရားစခန်းပြန်ဝင်ပါနော်။း)
တိုက်တိုက်ဆိုင်ဆိုင် ဇွန်က ၂၀၀၁ခုနှစ် သင်္ကြန်တွင်း သဲအင်းဂူမှာ ပထမဆုံးအကြိမ် တရားစခန်းဝင်ပြီး ပြန်ထွက်အလာမှာ ကိုယ့်ကိုယ်ကို ဗုဒ္ဓဘာသာဝင်စစ်စစ်အဖြစ် ခံယူလိုက်တာ။ အဲ့ဒီ့မတိုင်ခင်က အမေ့တိုက်တွန်းပံ့ပိုးမှုကြောင့်သာ ဗုဒ္ဓဘာသာဖြစ်လာခဲ့ရတာ။ နို့မို့ရင် ခရစ်ယာန်ဘာသာဖြစ်တော့မှာ။ ခုတော့ ပြန်တွေးမိတိုင်း စစ်မှန်တဲ့ ဘာသာကို မှန်မှန်ကန်ကန် ကိုးကွယ်ယုံကြည်ခွင့်ရခဲ့လို့ ငါအတော်ကံကောင်းပါလားလို့ အခွင့်ကြုံတိုင်းတွေးလို့ ပီတိဖြစ်ရတာ။ မင်းရေ... စကားစပ်လို့ ပြောမိသွားတာ၊ ဇွန်က မိရိုးဖလာဗုဒ္ဓဘာသာ မဟုတ်ခဲ့ဘူး။ ဒီအကြောင်းတွေလည်း ရေးချင်သေးတယ်။
မင်းရဲ့ သင်္ကြန်လွမ်းချင်းက ကုသိုလ်တရားတွေနဲ့ ပြည့်နှက်နေတဲ့လွမ်းချင်းဆိုတော့ လွမ်းထိုက်ပါတယ်ကွယ်။

မမင်း said...

မဇွန်၊ မသီရိနဲ့ အားပေးဖတ်ရှုကြသူတွေ အားလုံးကျေးဇူးတင်ပါတယ်။
မဇွန်ရေ...
လာမယ့်သင်္ကြန်တရားစခန်းမှာ အာရုံဆွမ်း၊ နေ့ဆွမ်းနဲ့ အဖျော်ရည်အလှူအတွက် စာရင်းကြိုပေးထားပြီးပါပြီ။
စခန်းဝင် ယောဂီတိုင်းအတွက် လိုအပ်ရာရာအသုံးအဆောင် ဆေးဝါးလေးတွေကို Goody Bag လေးတွေလုပ်ပြီး လှူမယ်လို့လည်း စိတ်ကူးထားပြီးပါပြီ။
မဇွန် ဗုဒ္ဓဘာသာကောင်းတစ်ယောက် ဖြစ်လာပုံလေးတွေ ရေးချင်တယ်ဆိုလို့ ဝမ်းမြောက်စွာစောင့်မျှော်နေပါတယ်၊ ရေးဖြစ်အောင်ရေးပါနော်။