Pages

13 April 2011

သင်္ကြန်အလွမ်း (၁)

သင်္ကြန်အကြိုနေ့သို့ရောက်ပြန်ပေါ့....

သူ (၁၁) နှစ်တိုင်တိုင်  တစ်နှစ်မပျက်ဝင်ဖြစ်ခဲ့သော ရွှေဂူကျောင်းတိုက် သင်္ကြန်တရားစခန်းပွဲကြီးလည်း မနေ့ညကစတင်နေပြီ။ မရောက်ဖြစ်တာ (၃)နှစ်ကြာသည့်တိုင်အောင် ထိုတရားစခန်းပွဲက သူ့ကိုသတိတယ အောက့်မေ့နေကြမှာ သူသေချာလှသည်။ သူလည်းပဲညက တရားစခန်းသွားဝင်မည့် သူ့ဆရာမထံ မှတ်မှတ်ရရဖုန်းဆက်ဖြစ်လေသည်။

၁၉၉၈ကဖြစ်သည်။ ဘာသာစုံရမှတ် ပျမ်းမျှ ရှစ်ဆယ်ကျော်နှင့် တက္ကသိုလ်ဝင်ခွင့်ကို စောင့်နေသောသူဖြစ်၍ လိုအပ်တာထက်ပို၍ မြောက်ကြွကြွဖြစ်နေသော အဲ့ဒီနှစ်က။ သူလုပ်ချင်တာမှန်သမျှ သူ့မိဘကလိုက်လျောချင်နေချိန်လည်းဖြစ်သည်။ ထိုနှစ်သင်္ကြန်ကို အပြတ်အသတ်ကဲရန် ရည်ရွယ်ချက်ဖြင့် တနင်္သာရီရိုးမကနေ ကားဖြင့်နှစ်ရက်ခရီးကို တစ်ယောက်တည်းနှင်ခဲ့သည်။ ရန်ကုန်မှာတစ်ညဝင်အိပ်ကာ ရှော့ပင်းထွက်သေးသည်။ နေကာမျက်မှန်တစ်လက်၊ ဘောင်းဘီတိုဘောင်းဘီရှည်များနှင့် ရေကစားရန် body spray တို့အဓိကဝယ်ဖြစ်သည်။ အကြိုနှင့်အကျကို ဓနုဖြူကအဒေါ်တွေ သူငယ်ချင်းတွေနှင့်ကဲမည်။
ဓနုဖြူမှာက ဆယ်တန်းတစ်နှစ်စာသူငယ်ချင်းများနှင့် ပြန်ဆုံကာစက်ဘီးတွေနှင့် မဏ္ဍပ်တစ်ကာလည်ရမည်။ သူစိတ်အဝင်စားဆုံးကတော့ သူ့အတန်းပိုင်ဆရာမကို ရေလောင်းချင်တာဖြစ်သည်။ အကျနေ့မှာဆရာမကိုရေလောင်းပြီး လည်ပတ်ပြီးရင် ညောင်တုန်းကိုကူးရမည်။

ညောင်တုန်းဆိုတာက ပန်းလှိုင်မြစ်ကမ်းပေါ်က သူမွေးဖွားကြီးပြင်းရာမြို့။ သူ့အချစ်ဆုံးမြို့။ အဲ့ဒီအချိန်တုန်းက (သူ့စိတ်ထင်)ညောင်တုန်းက ဓနုဖြူထက်ပိုစည်သည်။ ရန်ကုန်နှင့်ပိုနီးသည်။ ပုသိမ်၊ ချောင်းသာ၊ ဟင်္သာတ၊ အိမ်မဲ၊ ဇလွန်၊ ကျောင်းကုန်း၊ ဂွ စသည့်မြို့များများသို့ သွားသောကားကြီးကားငယ်အသွယ်သွယ်တို့ ဇက်ဖြင့်ကူးရန်အတွက် ခရီးတစ်ထောက်နားနေရာမြို့။ ငါး၊ပုဇွန်၊ သီးနှံစားပင်တို့ အလျံပယ်ပေါများသောမြို့။ သာသနာရောင်ဝါလင်း၍ ရွှေဟင်္သာတောရပါဠိတက္ကသိုလ် ရှိရာမြို့။ ထိုမြို့မှာ သူ့ဦးလေးများ၊ အဒေါ်များက ကိုယ်ပိုင်တီးဝိုင်းထောင်ထားသော rocker များဖြစ်ကြသတတ်။ ညောင်တုန်းဈေးတွင် အထည်ဆိုင်၃ဆိုင်ရှိသော သူ့အဖိုးအဖွားကလည်း ထိုခေတ်က ဗုဒ္ဓဂယာစသည် နိုင်ငံခြားခရီးများ ရောက်ဖူးသော၊ အလှူအတန်းရက်ရောသော စူပါစတားများဖြစ်ကြသတတ်။ အဖွား၏အချစ်ဆုံးမြေးဖြစ်သော၊ မိဘနှင့်လည်းအတူနေရလေ့မရှိသော သူကတော့ ဂျစ်ကန်ကန်ပေစုတ်စုတ်နှင့် ဘယ်ခွေးမှလူမထင်သူ၊ ဘာတစ်ခုကမှ မကြောက်တတ်၊ မရွံ့တတ်၊ ဂရုမစိုက်တတ်သူဖြစ်ခဲ့သည် ဟူသတတ်။

မြို့လည်ခေါင် လမ်းဆုံလမ်းဝက သူတို့နေထိုင်ရာအိမ်ရှေ့မှာ အဖိုးကနှစ်တိုင်း မဏ္ဍပ်ထိုးပေးမြဲ။ ဟိုဘက်ကပ်လျက်လမ်းမှာ ဗဟိုမဏ္ဍပ်ဖြစ်၍ အင်မတန်စည်ကား အသွားအလာများသောနေရာဖြစ်သည်။ အဖိုးဆင်ပေးသော ရေပိုက်များနှင့် လာသမျှတွေ့သမျှ အရူးပင်ချမ်းသာမပေး (အိမ်မှရေတွင်းနှင့် ရေတင်သောမော်တာကို ဆန့်ငင်ဆန့်ငင်ဖြစ်သည်အထိ) သူတို့ရေပက်ကြသည်။ အဖွဲ့ကတောင့်သည် မောင်နှမတစ်ဝမ်းကွဲချည်း တစ်ဒါဇင်ရှိသည်။ အပျိုလူပျို ဦးလေးအဒေါ်များနှင့် သူတို့သူငယ်ချင်းများ၊ ကိုယ်တို့သူငယ်ချင်းများနှင့် ထိုမဏ္ဍပ်ကားအချိန်ပြည့် လူစည်ကားလှ၏။ နေ့ခင်းထမင်းစားပြီး တရေးအိပ်ချိန်သာ သူတို့နားကြသည်။ တရေးကတော့ မအိပ်လို့မဖြစ်၊ ညလုံးပေါက်အောင် အကအလှမဏ္ဍပ်များနှင့် တီးဝိုင်းစတိတ်ရှိုးများက နှိပ်စက်ထားသည်လေ။ မဏ္ဍပ်ထိုးပေးထားသဖြင့် ကိုယ့်အိမ်ရှေ့မျက်စိရှေ့မှာ စိတ်ချရသည်ဟုများ ထိုစဉ်က အဖိုးမျှော်လင့်ချက်ထားရှိသလား သူခုမှတွေးမိရသည်။ သူတို့ကတော့ ဂျစ်ကားငှားပြီး အမိုးဖွင့်လည်သည်။ မြို့အနှံ့လည်လို့အားရသည်မထင်လိုက်ပါနှင့်။ ဆံပင်တွေဆေးဆိုးသူဆိုး၊ ကတုံးလေးကွက်ကြားရိတ်သူကရိတ်ပြီး သရုပ်ပျက်ဒီဇိုင်းပေါင်းစုံနှင့် ရန်ကုန်ထိတက်လည်ကြသည်။ အချမ်းပြေဟုဆိုကာ ဘီယာလေးမော့လိုက်၊ ဦးလေးတွေလက်က စီးကရက်လေးသွားဆွဲကာ ဖွာလိုက်နှင့် အတော်ကြီးအလုပ်ဖြစ်သည်။ သူတို့အဖွဲ့ ဘယ်လောက်အမြင်ကပ်စရာကောင်းသလဲတော့ သူမသိ။ အရှိုက်တည့်တည့်ကို ရေထုပ်တစ်လုံးမှန်ဖူးလေရာ အသက်တစ်ရှူ၏တန်ဖိုးကိုတော့ သူနားလည်ဖူးသည်။ သို့သော်အကြောက်အလန့် အမှတ်သညာရှိသည်ဟု မထင်လိုက်ပါလေနှင့်။ ဦးလေးတွေအဒေါ်တွေကို မပြောဘဲအံကြိတ်၍ခံခဲ့သည်သာ။

သင်္ကြန်သုံးရက်ရှိလည်း ပျော်လို့မဝ၊ လေးရက်ကျတဲ့နှစ်လည်း ပျော်ရတာမလောက်။ သင်္ကြန်အတက်နေ့ ညအိမ်ပြန်ကပ်ပြီဆိုတာနဲ့ နောက်နှစ်သင်္ကြန်ကိုမျော်တော့သည်။ နွေရာသီကျောင်းပိတ်လို့ တူးပို့တူးပို့သီချင်းတွေ စဖွင့်ကြပြီဆိုတာနဲ့ အမြီးတနံ့နံ့နှင့် သွေးဆူကာမြူးတော့သည်။ ခုလည်းမိဘတွေတာဝန်ကျရာ တနင်္သာရီကနေ ဧရာဝတီသို့သူအရောက်ပြန်သည်။ ဓနုဖြူမှာတစ်ရက်သာနေပြီး ညောင်တုန်းကိုကူးမည်ဟု သူစီစဉ်ထားသည်။ မဖြစ်မနေကူးသွားရမည့်အကြောင်းလည်း ရှိသေးသည်။ ညောင်တုန်းမှာက သူတစ်ဖက်သတ်ကြိတ်၍ အပြတ်အသတ်ကြိုက်နေသော အစ်ကိုကြီးတစ်ယောက်ရှိသည်။ သူ့ဦးလေးအငယ်ဆုံး၏ သူငယ်ချင်း၊ သူ့အရင်းနှီးဆုံးသူငယ်ချင်း၏ ဦးလေးဖြစ်သည်။ သင်္ကြန်တိုင်းမှာ သူကလမ်းကြုံလိုလို၊ မတော်တဆလိုလိုအိုက်တင်လုပ်ကာ ထိုအစ်ကိုကြီးကို ငွေဖလားတွင်ရေမွှေးဆွတ်၍ ရေခဲတုံးခပ်သေးသေးထည့်ကာ မဖြစ်မနေ၊ လမ်းမကြုံကြုံအောင်လုပ်ကာ ရေလောင်းတတ်မြဲဖြစ်သည်။ လူသူမသိအောင် ရင်ခုန်ရတာတော်တော် အရသာရှိသည်တကား။ [ရေးရင်းက အစ်ကိုကြီး၏ သဘောကောင်းလှသော မျက်ဝန်းညိုညိုများကို သူလွမ်းမိလေသည်။ အိမ်ထောင်ပြုသည်ဟုလည်း အသံမကြားရ၊ လူပျိုကြီးဘဝနှင့်များ အရိုးထုတ်လေသလားမသိ။ ခုလောက်ဆိုအဖိုးကြီး ဖြစ်ရောပေါ့။] သူပြန်ရောက်နေသည်ဆိုကတည်းက သူ့သူငယ်ချင်းတွေနှင့် အဒေါ်တွေဝမ်းသာပျော်ရွှင်လျက်လည်း ရှိကြသည်။ ပက်ပက်စက်စက် သောင်းကျန်းလိုက်မည်ဟု သူအားခဲထားခဲ့သည်။ သို့သော်.... အဲ့ဒီနှစ်က သူ... ခဲလေသမျှ...ပဲရေပွဖြစ်သွားခဲ့ရသည်ဟူသတတ်။ (အရီးထောင်ပဲရေပွကြော်ကတော့ အတော်စားကောင်းလေသည်... အခမဲ့ကြော်ငြာထည့်ပေးခြင်း)

သင်္ကြန်နားနီး တစ်ပတ်ခန့်အလိုမှာ သူရယ်၊ သူ့အဒေါ်အငယ်ဆုံးရယ်၊ သူငယ်ချင်းခိုင်ဇာမွန်ရယ်၊ သူတို့သုံးယောက်လုံးရဲ့ အတန်းပိုင်ဆရာမရယ် အအေးဆိုင်တစ်ဆိုင်မှာ  ထိုင်ဖြစ်ခဲ့ကြသည်။ ဆရာမက အအေးပုလင်းကိုကိုင်ရင်း အေးတာကို အေးမှန်း၊ မာတာကိုမာမှန်းသိလိုက်ရင် ဝိပဿနာ တရားအားထုတ်တယ်ခေါ်တယ်ဟု ပြောသည်။ အလိုလိုက်ခံထားရသော သူက ချစ်တာကိုချစ်မှန်းသိရင်ရောဟု အတည်ပေါက်ပြန်မေးသည်။ "တရားပဲပေါ့သမီးရယ်၊ ဓမ္မဒူတဆရာတော်ကြီးက ဝိပသနာတရားက လင်းမယားတူတူနေချိန်မှာတောင် ရှုမှတ်အားထုတ်တတ်ရင် ရတယ်လို့ဆိုထားတာပဲ"ဟု ခွင့်လွှတ်ပြုံးလေးနှင့်ဖြေလေသည်။ ဝိပဿနာကိုသူစိတ်မဝင်စား၊ သူစိတ်ဝင်စားတာလေး သူမေးမိသည်... "အမေ... သင်္ကြန်ရက် ရန်ကုန်မသွားဘူးမဟုတ်လား၊ အိမ်မှာပဲရှိမယ်မဟုတ်လား" ဟု။ ဆရာမက ငါတရားစခန်းဝင်မလို့ဟု ပြောလေရာ သူကမဆိုင်းမတွ သမီးလည်းတရားစခန်းဝင်ချင်တယ်ဟု ပြောထည့်လိုက်သည်။

အဒေါ်ကနောက်ကနေ ဆိတ်ဆွဲသည်၊ သူမသိချင်ယောင်ဆောင်ကာ ဆရာမကို တရားစခန်းဘယ်လို ဝင်ရမှာလဲဆက်မေးပြီး ဝင်မည်ဟုအတည်ပြုလေသည်။ ပြောခဲ့သည့်အတိုင်းပါပေ၊ တရားစခန်းဘယ်လောက် ကြောက်ဖို့ကောင်းသည်ဆိုတာ သူစိတ်မဝင်စား။ အပြောကောင်းလှသော၊ သူမကြုံဖူးသော အမူအကျင့် အတွေးအမြင်များကို ပိုင်ဆိုင်ထားသော၊ သူအလွန်စိတ်ဝင်စားသော ထိုဆရာမနားကပ်နေခွင့်ရမည့် ထို(၇)ရက်ကိုသာ သူဓာတ်ကျလိုက်မိလေသည်။ သူ့အဒေါ်က "အတက်နေ့တစ်ရက်တော့ ငါတို့ပြန်ထွက်ဆော့မယ်ဟာနော်.." ဟုပြောရာ သူကအင်တင်တင်လုပ်ပြီး ခေါင်းညိမ့်ကတိပြုသည်။ ခိုင်ဇာမွန်ကတော့ အားပေးရှာသည်... " မင်းမင်း၊ ငါတော့မဝင်ဘူးဟာနော်၊ အိခိုင်တို့ဟိုတလောက တရားစခန်းဝင်တာလေ မလှုပ်ရမကုတ်ရနဲ့ ညောင်းလွန်းလို့ ဓာတ်ဗူးကြီးစောင်ခြုံပေးခဲ့ပြီး ဘာမှမယူပဲအိမ်ပြန်ပြေးလာရဆိုလား၊ ကြောက်စရာကြီး" ဟူ၏။ သူကချာလီချက်ပလင်အပြုံးနှင့် ပုခုံးတွန့်ပြလိုက်သည်။ (ဆက်ပါမည်...)

2 comments:

ချို said...

မင်းရေ..ချို လာဖတ်သွားတယ်နော်..

အလွမ်း၂ ကို မြန်မြန်ဆက်ပါအုံး..

ကိုရီးယားကားတွေလိုတော့ မလုပ်နဲ့ကွယ်.. :D

ဇွန်မိုးစက် said...

အမှန်တော့ (၁)ကို ဟိုတစ်နေ့ကတည်းက ဖတ်ထားတာ။ ရုံးမှာ ကော်မန့်ပေးရတာ အဆင်မပြေတာနဲ့ မပေးခဲ့ရဘူး။
အပိုင်း ၁ ပြီးကတည်းက ၂ ကို စောင့်နေတာ။ အခု ၃ ကို ဆက်စောင့်ရတော့မှာပေါ့။