Pages

15 April 2011

သင်္ကြန်အလွမ်း(၃)

တရားစခန်းတွင် နေ့ခင်းပိုင်းတရားတစ်ပွဲနှင့် ညတရားပွဲဟု တစ်နေ့နှစ်ကြိမ်တရားပွဲရှိလေသည်။
နေ့လည်ခင်းတရားများကား ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းဒေသနာနှင့် ကမ္မဋ္ဌာန်းတရားအားထုတ်တတ်ရန် သင်ကြားလေ့ကျင့်ပေးသော အခြေခံအလုပ်ပေးတရားများ ဟောခြင်းဖြစ်သည်။ မှတ်စုတစ်အုပ်နှင့် သူအလွန်တက်ကြွသောအချိန်ပင်ဖြစ်သည်။ ဝဲသြဃလွန်မြောက်ရေးတရားတွင် ကာမောဃ၊ ဘဝေါဂ၊ ဒိဋ္ဌောဃ၊ အဝိဇ္ဇောဃဟူသော သြဃလေးပါး အာသဝတရားများအကြောင်းကို မြစ်တွင်းကဝဲကြီးတွေနှင့် ဥပမာပြုကာ ဘယ်ဝဲကိုလွန်မြောက်အောင် ဘယ်လိုကျင့်ရမည်ကို စိတ်ဝင်စားဖွယ်ဟောခြင်းဖြစ်သည်။ ရေလည်းလောင်း၊ ပေါင်းလည်းသင်တရားတွင် ဘာဝနာညဏ်ကိုဘယ်လိုပြုစုပျိုးထောင်ရမည်ကို သင်မှန်းမသိဘဲ အသေးစိပ်သင်တာဖြစ်သည်။ ဈေးဝယ်သွားမယ်တရားတွင် ပုညကြိယာဝတ္ထုဆယ်ပါးကို ဈေးရုံကြီးဆယ်ရုံအဖြစ် တင်စားကာ "ဒိဋ္ဌာန်အေးအေး နိဗ္ဗာန်ဈေးကို၊ အဖိုးမထစ်ဈေးမဆစ်ဘဲ၊ စနစ်မပယ်ကောင်းစွာဝယ်၍" ဟု ရှော့ပင်သွားရင်း နိဗ္ဗာန်ရောက်ကြောင်းအကျင့်အထိ ဘုန်းဘုန်းကပို့ပေးလေသည်။ "နေစဉ်အလုပ်နေ့စဉ်လုပ်၊ လွတ်အောင်ဖြည်၊ မချည်နဲ့၊ အာရုံမရှုပ်စိတ်အလုပ်" စသဖြင့်စသဖြင့် တရားတွေက စိတ်ဝင်စားစရာတွေချည်းဖြစ်သည်။

ရွှေဂူကျောင်းသည် ဓနုဖြူမြို့လည်တွင် တည်ရှိသောကြောင့် ညတရားပွဲတိုင်းကို မြို့တွင်းမှတရားနာပရိတ်သတ်များ လာရောက်နာယူကြတာထုံးစံဖြစ်သည်။ ညတရားကား တရားအားထုတ်ချင်အောင်၊ စိတ်စေတနာဝီရိယထက်သန်အောင် ဟူသောအခြေခံရည်ရွယ်ချက်ဖြင့် ဗုဒ္ဓဘာသာကောင်းတစ်ယောက်၊ ဝမ်းမြောက်ဝမ်းသာရှိလိုက်တာစသော စိတ်အားတက်ကြွအနုမောဒနာဖြစ်ဖွယ်များ သို့မဟုတ် သုံးဆယ့်တစ်ဘုံ သားသတ်ရုံ၊ အငှားခန္ဓာတရားရှာ စသောသံဝေဂဖြစ်ဖွယ်တရားများကို ဟောကြားပေးသည်ဟု သူညဏ်မှီသမျှထင်မိပါသည်။ နေ့တရားလောက်အားစိုက်စရာမလို။ သူကဘုန်းဘုန်းမေးသမျှ အော်ဟစ်ဖြေတတ်ကာ၊ တရားထောက်ကောင်းသူ အရီသန်သူအဖြစ် လူသိများထင်ရှားလာသည်။

အထိုင်ချိန်ကတော့ စုစုပေါင်း၆ကြိမ် နှင့် အထိုင်ချိန်များကြားတွင် စင်္ကြန်လျှောက် တရားအားထုတ်ချိန်များရှိသည်။ အစပိုင်းမှာစင်္ကြန်တရားကို လေးလေးစားစားလျှောက်ဖြစ်သလောက် နောက်ပိုင်းရင်းနှီးကျွမ်းဝင်လာချိန်တွင်မူ သူကဝေယျာဝစ္စများနှင့် သုတမယ(ဗဟုသုတ) ဘက်အားသန်လာသည်။ အမှတ်နှင့်လုပ်မည်ဟူသော စိတ်ထားဖြင့်ဖြစ်သော်လည်း အလုပ်ရှုပ်လျင် အာရုံရှုပ်လျင် သူလိုမနူးမနပ်ယောဂီအဖို့ အမှတ်ပျက်သည်သာဖြစ်၏။ အမှန်ကစင်္ကြန်သမာဓိသည် အထိုင်ချိန်အတွက် သတိ၊ သမာဓိ၊ ညဏ်အရှိန်ကောင်းအောင် အထောက်အပံ့ပြုရုံသာမက စင်္ကြန်တရားသည်အညောင်းအညာပြေမဟုတ်၊ နိဗ္ဗာန်ထိရည်ရွယ်ထားကြောင်းကို နှစ်ပေါင်းအတော်ကြီးကြာမှ သူသဘောပေါက်မိသည်။) ထိုကျောင်းတိုက်၏ စာအုပ်ဘီဒိုကို အချိန်မရွေးဖွင့်ယူခွင့် ပါမစ်ရရှိထားသော သူကထိုထို အချိန်ဇယားနှင့် ဝေယျာဝစ္စများအပြင် စာဖတ်ချိန်ကိုလည်း လုနေရတတ်သေးသည်။ တောင်စွန်းဓမ္မဒူတဆရာတော်ကြီး ရေးသားသော ဒါနဝတ္ထု၊ သီလဝတ္ထု၊ ဘာဝနာဝတ္ထု နှင့်ဗုဒ္ဓဓမ္မပြဿနာများ စသည်စာအုပ်များကို ပြီးသလောက်သူဖတ်သည်။ နောက်ပိုင်းမှာ ဓမ္မဒူတဆရာတော်ကြီး၏ ကျမ်းစာအုပ်တော်တော်များများကို ရှာဖွေ၍အပိုင်ဝယ်ယူကာ စုစောင်းသိမ်းဆည်းဖြစ်တော့သည်။ ဒါတင်မကသေးပါ၊ ကမ္မဋ္ဌာနာစရိယ ဆရာတော်ဘုရားများ၏ တစ်သက်တာမှတ်စုစာအုပ်များ ငှားရမ်းပြီးမိတ္တူကူးသည် အထိ။

ညနေစောင်းတွင် တရားစစ်ချိန်တစ်နာရီထားရှိပြီး ထိုအချိန်တွင်ပင်ယောဂီများအား ဆေးအဖျော်ရည်ကပ်လှူကြပါသည်။ သဘာဝအသီးစစ်များကို အဖတ်မပါအောင်စိတ်ရှည်လက်ရှည် ညှစ်ယူ၊စစ်ယူကြပြီး သကြားများများနှင့် ခွန်အားဖြစ်အောင်ဖျော်ထားသောကြောင့် အရသာရှိရုံမက ဆာလောင်မွတ်သိပ်ခြင်းကို အတော်အတန်ခံနိုင်ရည်ရှိစေသည်။ သို့ရာတွင်အမေးအမြန်းထူလှသော ဗဟုသုတငတ်မွတ်လှသော သူကတော့ညနေခင်းအဖျော်ရည် မသောက်ဖြစ်သည်သာများလေသည်။ ထိုတရားစခန်း။ တရားစစ်ချိန်ကား တစ်ယောက်ချင်းကို တိုးတိုးသက်သာစစ်မေးခြင်းမဟုတ်မူပဲ၊ ယောဂီများကဆရာတော်ရှေ့တွင် စုပေါင်းဝိုင်းထိုင်ကာ မရှင်းလင်းသည်များ၊ ဆွေးနွေးမေးမြန်းလိုသည်များကို မေးကြလျှောက်ကြဆွေးနွေးကြတာဖြစ်သည်။ သူကတော့သူများမေးတာလည်း နားထောင်သည်။ ယောဂီကြီးတွေက များများမေးပါဟဟု တိုက်တွန်းကြသော်လည်း သူ့ကိုယ်သူ တစ်နေ့လျင် မေးခွန်း၅ခုသာအများဆုံးဟု စည်းကမ်းတစ်ခုသတ်မှတ်ထားသည်။

မေးပုံကိုကြည့်ပါဦး။ "ဘုန်းဘုန်း တရားထိုင်ရင်ဘာလို့ လက်ကိုဒီလိုထားရတာလဲ"... "ဘုန်းဘုန်းနေ့ခင်းကဟောတာလေ စိတ်ကြည်လင်တော့ စိတ်ကြောင့်ဖြစ်တဲ့သွေးတွေ ကြည်လင်လာပြီးတော့ဆိုတာလေ၊ သွေးကစိတ်ကြောင့်ဖြစ်တာဟုတ်လို့လား။".. "ရုပ်နဲ့နာမ်နဲ့တပြိုင်တည်းဖြစ်တယ်ဆို ဟုတ်လို့လားဘုန်းဘုန်းရ၊ ကြေးစည်သံဆိုတာဟိုကရိုက်ပြီး သမီးကကြားတဲ့စိတ်ဖြစ်ဖို့အရေး လေထဲကိုဖြတ်လာရသေးတာမဟုတ်လားလို့"... စသဖြင့်၊ စသဖြင့် အဘိဓမ္မာမသင်ထားဖူးသူပီပီ မေးခွန်းတွေကပိန်းလှသည်။  မေးခွန်းတိုင်းကို ဥပမာလေးငါးခုနှင့် စိတ်ရှည်လက်ရှည် ရှင်းနေအောင်ဖြေတတ်တာကလည်း ဓမ္မဒူတဆရာတော်တွေအားလုံးရဲ့ အထူးအားသာချက်ဟု သူထင်ပါသည်။ "ဘုန်းဘုန်းသမီးကတော့ တစ်နာရီအထိုင်ချိန်ဆို စိတ်ထဲသိပ်ကြာတာပဲ၊ တအားညောင်းတယ်။ ငိုက်ရင်ငိုက်၊ မငိုက်ရင်တွေးနေတာနဲ့ တစ်ချိန်တစ်ချိန်သတိရှိတာက စုစုပေါင်းမှ၅မီးနစ်တောင် မပြည့်တတ်ဘူးလားလိုပဲ။ အဲ့ဒါလုပ်ဦး" ဟူ၍ကိုယ့်အမှုဘုန်းကြီးကို သွားပတ်တာမျိုးတွေကရှိသေးသည်။

ဘုန်းဘုန်းကပြုံး၍ "သမီးကဖွားဖွားကြီးတွေ တစ်နာရီလုံးငြိမ်ပြီးထိုင်နေတာကို အထင်ကြီးနေတယ်မှတ်တယ်။ ထားပါတော့ နေ့ခင်းဆွမ်းစားချိန်တိုင်းဖွင့်တဲ့ ဓမ္မဒူတဆရာတော်ကြီးရဲ့ ဆွမ်းစားဆင်ခြင်ခွေမှာပါတယ်လေ၊ တစ်ချက်ရှု့ပွားကျိုးတရားကား ဘာဖြစ်တယ်ဆိုလဲကွယ်" ဟုပြန်မေးရာ သူက "တစ်ချက်ရှု့ပွားကျိုးတရားက ဖိုးကားမည်မျှကြီးမားလှ မပြနိုင်ပါပေ" ဟုသွက်လက်ချက်ချာစွာ ပြန်ဖြေဖူးလေသည်။ "အေးလေသိသားနဲ့ဟာကို။ ပြီးတော့ညောင်းတာ ပြောင်းပြင်ပေးပေါ့၊ မပြောင်းမပြင်ဘဲပေပြီးထိုင်ရင် အပြစ်လေးမျိုးရှိတယ်လို့ ဓမ္မဒူတဆရာတော်ကြီးက ဟောထားသားပဲမဟုတ်လား"ဟု ဘုန်းဘုန်းကပြော၏။ သူကနှုတ်ခမ်းကိုစူပွပွလုပ်ရင်းမှ "ပြောင်းပါတယ်ဘုန်းဘုန်းရယ်၊ မုန့်လေပွေကင်သလားတောင်မှတ်ရပါတယ်၊ ဒီကြားထဲကမှညောင်းတာပါ" ဟုပြန်ပြောရာ အားလုံးပွဲကျလေတော့သည်။

ထိုည၊ ညတရားကား "တစ်ချက်ရှု့ပွားကျိုးတရား"ဟူသော ခေါင်းစဉ်ဖြင့် သောပါဏမထေရ်၏ ဘဝဇာတ်ကြောင်းဖြစ်လေသည်။ ဟောစဉ်တရားများကို ပုံသေscheduleနှင့်ကြိုတင် စဉ်စားထားသည်မဟုတ်ဘဲ ယောဂီများ၏လိုအပ်ချက် အခြေအနေနှင့် အပ်စပ်ကိုက်ညီအောင် ဟောလေ့ရှိခြင်းနေရာတွင်လည်း ဓမ္မဒူတဆရာတော်များ၏ ကျေးဇူးဂုဏ်ကို သူထုတ်ဖော်ပြလိုပါသည်။ ဘုန်းဘုန်းအရှင်ဆေကိန္ဒကတော့ "တရားကသူတို့မျက်နှာမြင်မှ ဘာဟောရမယ်ဆိုတာ ပေါ်ပေါ်လာတာပဲ" ဟုမကြာမကြာပြောတတ်ပါ၏။ ဆိုလိုသည်က အချိုးမပြေသောသူတို့မျက်နှာကြောင့် ပြောချင်တာတွေထွက်လာတတ်သည်ဟူလို။ ဓမ္မဒူတဆရာတော်များထဲတွင် ဆရာတော်ကြီးနှင့် ဘုန်းဘုန်းအရှင်ဆေကိန္ဒတို့ နှစ်ပါး၏ဆူပူကြိမ်းမောင်းမှုကို သူမြင်ဖူးကြားဖူးပါ၏။ ဆရာတော်ကြီးကတော့ ဆယ်တန်းတစ်နှစ်မှာသာ ညတရားလာလာနာဖူးသည်ဖြစ်၍ သူတိုက်ရိုက်အဆူမခံရစဖူး။ ဘုန်းဘုန်းအရှင်ဆေကိန္ဒ၏ အဆူကိုတော့သူကသုံးလေးခါထက်မနည်း ခံရဖူးလေသည်။ မိဘနှင့်ဝေးရာမှာ စီးပွားရေး၊ ဘာသာရေးတို့ဖြင့်သူ့ဘာသာနေလေ့ရှိသော၊ ဗျစ်တောက်ဗျစ်တောက်လုပ်ခြင်း၊ ဆူပူခြင်းအလျင်းမရှိတတ်သော အဖွား၏ရင်ခွင်မှာကြီးပျင်းရသောသူက ဘုန်းဘုန်းဆူတာခံရတိုင်း အားငယ်မိတတ်သော်လည်း အလွန်ဝမ်းသာကျေနပ်ရှိတတ်လေသည်တကား။

ဤသို့ဖြင့်သူတို့တူအရီး သူများလှူတာစားပြီး နေရသောထို(၇)ရက်တာအား သဒ္ဓါတရားလည်းပေါက်၊ အကြွေးတင်မှာလည်းကြောက်သောကြောင့် ထိုင်ထိုင်၊ သွားသွား၊ စားစား ဘာလုပ်လုပ်၊ ဘာပြောပြောတတ်စွမ်းသလောက် ကြိုးစားပမ်းစား သတိထားရှုမှတ်ခဲ့ကြပါသည်။ အတက်နေ့မနက်စောစောရောက်တော့ စင်္ကြန်လမ်းမှာနှစ်ဦးသား တရားမှတ်ရင်းဆုံကြရာ ကတိရှိထားသောသူက ပြန်ထွက်ပြီးရေဆော့မှာလားဟူ၍ မေးရပါတော့သည်။ သူ့အဒေါ်ကသူမမြင်ဖူးသော အပြုံးတစ်ခုကိုတည်ငြိမ် ကြည်လင်စွာပြုံးပြီး "မထွက်ချင်ပါဘူး။ နောက်နှစ်တွေမှာလည်း ဘယ်တော့မှရေဆော့ဖြစ်မှာ မဟုတ်တော့ပါဘူး။ ကုသိုလ်တွေနဲ့ပျော်တဲ့ အပျော်ဟာ၊ ဟိုအရင်က အပြစ်မကင်းတဲ့အပျော်တွေ၊ မတင်းတိမ်နိုင်တဲ့အပျော်တွေနဲ့ မနှိုင်းယှဉ်လောက်အောင် ပိုကောင်းပါတယ်။ တရားစခန်းပဲနှစ်တိုင်းဝင်ချင်တယ်။ ခုတောင် ၇ရက်ပြည့်လို့ပြန်ထွက်ရမှာ ဘာကိုဝန်လေးမှန်းမသိဘူး။ အပူအရှုပ်ထဲပြန်ဝင်ရမှာ မပျော်တော့ဘူး။" ဟုပြောပါသည်။ "နင်ဆော့ချင်လည်းထွက်ပါ၊ ငါ့ကိုတော့ခွင့်လွှတ်ပါ၊ တရားစခန်းပြီးအောင်ဝင်ပါရစေ" ဟုသူမနည်းစကားလုံးရှာထား၊ စာစီထားသောစကားများအစား သာဓု၊ သာဓု၊ သာဓုဟုသာ သူတုံ့ပြန်ခဲ့ရလေသည်။

သူသည်ထိုနှစ်သင်္ကြန်မှာပင် ဒီဘဝဗုဒ္ဓဘာသာကလွဲ၍ ဘယ်ဘာသာအဖြစ်သို့မှ ဘာအကြောင်းနှင့်မှ ပြောင်းဖြစ်မှာမဟုတ်ဟုသေချာသွားသည်။ ဘယ်လိုဆုံးရှုံးမှု၊ ပျက်ဆီးမှုမျိုးကြောင့်မှ သွက်သွက်ခါအောင် ရူးသောအဖြစ်၊ ကိုယ့်ကိုယ်ကိုသတ်သေသောအဖြစ်သို့ ဘယ်တော့မှရောက်တော့မည် မဟုတ်ဟုလည်းသေချာလှသည်။ ဒီတစ်သက်အိမ်ထောင်မပြုတော့ဘူး ဟူသောဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချနိုင်ခဲ့သည်။ အသက်လေးဆယ်မှာနောက်ဆုံးထား၍ သာသနာ့ဘောင်အပြီးဝင်မယ်၊ မိဘကစောစောခွင့်ပြုလျင်လည်း စောစောဝင်မယ်ဟု ရည်မှန်းချက်ရှိလာသည်။ စာရေးဆရာလုပ်မယ်ဟူ၍ သူအရင်ကရေးချင်ခဲ့သော စာမျိုးများ(အငှားဆိုင်မှအပျော်ဖတ်ဝတ္ထုများ) ကိုထိုအချိန်မှစ၍ ရေးချင်စိတ်မဆိုထားနှင့် ဖတ်ပင်မဖတ်ဖြစ်တော့။ အချိန်သည်ရွှေ၊ အချိန်သည်ငွေ.. အချိန်မဖြုန်းအပ်။ အချိန်ကုသိုလ်၊ အချိန်မဂ်ဖိုလ်.. အချိန်အသုံးတတ်ဟု အချိန်နှင့်ငွေ အသုံးနှင့်အဖြုန်းတွေကို နားလည်တတ်လာသည်။ ထိုသင်္ကြန်သည် သူလွမ်းရလောက်အောင် ထိုက်ထိုက်တန်တန် မြတ်နိုးဖွယ်ဖြစ်ခဲ့သည်။ ထိုတရားစခန်းသည် သူဘဝ၏လမ်းလွှဲတစ်ခု၊ သူ့ဘဝခရီး၏ လမ်းညွှန်စာအုပ်ဖြစ်ခဲ့သည်။ (ဆက်ပါမည်...အတက်နေ့လေးပိုင်းမြောက်မှာ အပြီးလွမ်းပါမည်... :P )

No comments: