Pages

14 April 2011

သင်္ကြန်အလွမ်း(၂)

တကယ်တမ်းကျတော့ ပဲရေနှစ်ခါပွဖြစ်ရသည်။ ဆရာမရဲ့မေမေနေမကောင်းဖြစ်လိုက်၍ ဆရာမက ထိုနှစ်တရားစခန်းမဝင်ဖြစ်။ အကြိုနေ့မတိုင်ခင်နေ့၊ ညနေခင်းရဲ့ ခပ်စိမ်းစိမ်းနေရောင်ကျိုးတိုးကျဲတဲနှင့်အတူ သူတို့တူအရီးနှစ်ယောက်သာ ဓနုဖြူမြို့၊ ရွှေဂူကျောင်းတိုက်ကြီးသို့ အထုပ်ကလေးတွေပိုက်၊ အိပ်ယာလိပ်ကိုယ်စီဆွဲလို့ ယောင်လည်လည်နဲ့ ရောက်ခဲ့ရသည်။ အဲဒီတုန်းက တစ်ခါမှမမြင်ဖူးသောသူတို့ကို အပြေးကလေးဆီးကြိုသော အမျိုးသမီးယောဂီအဆောင်မှူး၏ အပြုံးကမူ ခုပြန်မြင်ယောင်မိချိန်ထိ နွေးထွေးနေဆဲ၊ လှိုက်လှဲနေဆဲ။ (ဆရာမကြီးဒေါ်လှရီဟု နောက်တော့နာမည်သိခွင့်၊ ရင်းနှီးခင်မင်ခွင့်ရသည်။) သူနှင့် သူ့ထက်အသက်တစ်နှစ်ကျော်ကျော်သာပိုကြီးသော အဒေါ်လုပ်သူတို့ ဤနေရာသို့ မည်သူ့အရှိန်အဝါမှမပါ၊ အသိတစ်ယောက်မှ မရှိဘဲ အစိမ်းသက်သက် ရောက်လာခဲ့ခြင်းသာဖြစ်သည်။

ဤနေရာကား သက်တော်ရှည် ရွှေဂူကျောင်းတိုက်ဆရာတော်ကြီးက မြေနေရာပေး၍၊ ရွှေဥဒေါင်းဒေါ်ခင်ကြည်က မျိုးစေ့ပေးကာ၊ ကျေးဇူးတော်ရှင် တောင်စွန်းဓမ္မဒူတဆရာတော် ဘုရားကြီးကဥယျာဉ်မှူးကြီးအဖြစ် ပျိုးထောင်ခဲ့သော အပူ၊ အညစ်၊ အပြစ်မသန်းဘဲ သစ်ဆန်းစင်ကြယ်စွာသော ရှူမငြီးစရာသွေးရောင်စုံစုံ၊ မွှေးရနံ့ထုံသော တရားဓမ္မပန်း၊ ကုသိုလ်ပန်း၊ မဂ်ဖိုလ်ပန်းတို့အမြဲမပြတ်ပွင့်လန်းရာ သာသနာ့ဥယျာဉ်ကြီးဖြစ်ပြီး နှစ်စဉ် ရဟန်းယောဂီ၊ သီလရှင်ယောဂီ၊ လူယောဂီ နှစ်ရာခန့် အမြိုက်အရသာသုံးဆောင်ရာ နေရာပင်တည်း။

အတော်အတန်ကြီးသော နှစ်ထပ်RC အမျိုးသမီးယောဂီဆောင် အပေါ်ထပ်တွင်နေရာပြည့်လုနီးပါး ခင်းထားပြီးရှိလေပြီ။ ထိုအပေါ်ထပ်ဘုရားကျောင်းဆောင်ရှေ့တွင် သီလရှင်အပါးနှစ်ဆယ်စာအတွက် နေရာယူထားသည်ကိုတွေ့ရသောကြောင့် သူအလွန်ပျော်ရွှင်သွားသည်။ သူ့ဘဝမှာသီလရှင်တစ်ကြိမ်မှ မဝတ်ဖူး၊ အနေမနီးဖူး၍လားမသိ၊ ခုလိုတူတူနေရမည်ကို အတော်စိတ်ဝင်စားမိလေသည်။ "သုခဝတီစာသင်တိုက်က ဒုလ္လဘသီလရှင်တွေပါ၊ မနက်ဖြန်မနက်စောစောမှ ရောက်လာကြမှာ"ဟု ဆရာမကြီးဒေါ်လှရီက ရှင်းပြသည်။ ဘုရားကျောင်းဆောင်တွင် ဘန်ကောက်လက်ရာ မြဘုရားတစ်ဆူ သီတင်းသုံးလျက်ရှိသည်ကို ဖူးတွေ့ရသည်။

"လက်အုပ်ကိုပင်ကြာငုံသွင်၊ အရင်ချီပါလေ။ နဖူးလက်မ ညှိုးဆံစ ထိရလက်အုပ်ပေ။ လက်ချ၊ ဒူးချ၊ တံတောင်ချ၊ နဖူးကျစေ ဦးချလေ။" ဟု သူကအသံနေအသံထားနှင့်ဆိုပြကာ အဒေါ်၏လက်အုပ်ကို ကြာငုံနဲ့မတူဘူး၊ ကြာစုတ်ကြာပြတ်နဲ့ တူနေတယ်၊ TVထဲမှာလည်းအဲ့တိုင်းပဲ၊ ဦးခင်ညွန့်တစ်ယောက်တည်း လက်အုပ်ကောင်းကောင်းချီတတ်တာ။ ရုပ်ရှင်မင်းသား၊ မင်းသမီးတော်တော်များများလည်း ဘုရားသေချာမရှိခိုးတတ်ဘူး" ဟုတခိခိရီရင်း ပြောင်ချော်ချော်ပြောရာ အဒေါ်ကစိတ်မဆိုးပေ။ "ပြီးတော့လေ သြကာသကန်တော့ချိုးကဟာ လက်စုံမိုး၍လား၊ လက်အုပ်မိုး၍လား ဘယ်ဟာအမှန်လဲ" ဟုမေးရာ အဒေါ်က "ဒီမယ်ဒီကိစ္စကတော့ လက်စုံမိုး၍ကအမှန် သေချာတယ်။ ဆရာမဒေါ်သူဇာ သာသနာရေးဝန်ကြီးဌာနထိ သွားမေးထားတာ" ဟုပြန်ဖြေရှာသည်။ "လက်အစုံမရှိတဲ့သူတွေအတွက် ထည့်မတွက်ထားဘူးနေမှာ၊ ငါကတော့လက်အုပ်ပဲကြိုက်တယ်" ဆိုတော့သူ့အဒေါ်က "ငါကတော့လက်အစုံရှိလို့ လက်စုံမိုး၍ပဲဆိုမယ်ဟယ်၊ သွားရအောင်ဓမ္မာရုံထဲကို" ဟုလောဆော်လေသည်။ အေးပါ နှစ်ခုပေါင်းပြီးမှ လက်စုတ်မိုး၍ လို့မဆိုရင်ပြီးတာပါပဲဟု သူကပြောရင်းမျက်နှာပိုးမသေစွာဖြင့် အဒေါ်နောက်ကလိုက်လေသည်။

သက်တမ်းကြီးရင့်လှပြီဖြစ်သော သစ်ကျောင်းဆောင်ကြီး၏ အောက်ထပ် ကျယ်လွင့်လွင့်ဓမ္မာရုံကြီးတွင် အသီးသီးနေရာယူကြပြီးသောအခါ ကြည်ညိုဖွယ်အသွင်ဆောင်ကာ ရင့်ကျက်သောအိနြေ္ဒဖြင့် ကမ္မဌာနာစရိယဆရာတော်ဘုရား ကြွရောက်လာခဲ့လေသည်။ ဆရာတော်မှပထမဦးစွာ တရားအားမထုတ်မှီ ရှေးဦးစွာပြုသင့်သော ပုဗ္ဗကိစ္စများနှင့် ပရိကံပြုခြင်း၏ အရေးကြီးပုံ၊အရေးပါပုံတို့ကို အသေးစိပ်ရှင်းပြလေသည်။ အမှန်တော့ ရွှေဂူတရားစခန်းကား ယခုကြွလာသောဆရာတော်တို့၏ ကျေးဇူးတော်ရှင် ဆရာသခင်ဖြစ်သူ တောင်စွန်းဓမ္မဒူတ ဆရာတော်ဘုရားကြီး၏ အဆုံးအမသြဝါဒများနှင့် နှစ်ရှည်လများကျင့်သားရနေသော ဝါရင့်တရားစခန်းကြီးဖြစ်ပြီး ယောဂီများမှာလည်း တရားပါးဝ၍ဝါရင့်လှလေပြီကို ဆရာတော်မသိမဟုတ်၊ သိလေသည်။ သူတို့လိုမျက်နှာစိမ်း၊ မျက်နှာသစ်လေးများကိုငဲ့ညှာကာ စိတ်ရှည်စွာအစမှ ပြန်စခဲ့ခြင်းဖြစ်ကြောင်း နှစ်အတန်ကြာမှ သူသဘောပေါက်မိကာ ဆရာတော်နှင့် ယောဂီဟောင်းများကို ကျေးဇူးတင်မဆုံးရှိရလေသည်။ [ပထမဆုံးတရားစခန်း အတွေ့အကြုံကို "နိဗ္ဗာန်ဝင်လမ်း(၇)ရက်စခန်း" ဟုခေါင်းစဉ်တပ်ကာ သူအသေးစိပ်ရေးထားသော စာစုလေးရှိဖူးသည်။ ဘယ်စာအုပ်တိုက်သို့မှ မပို့ဖြစ်ဘဲ သူ့စာအုပ်သေတ္တာ၏ တစ်နေရာရာတွင် ဆယ်စုနှစ်ချီ၍ကြာခဲ့လေပြီ။ ထို့ပြင်သူ၏ နှစ်စဉ်တရားမှတ်စုများ၊ အတွေ့အကြုံများ၊ အတွေးအကြံခံစားချက်များသည်လည်း "တရားမြည်းသူကြီး" ဟူသောခေါင်းစဉ်ဖြင့် ဤဘလော့၏ draft ထဲတွင် တိုးလို့တန်းလန်းရှိနေသည်မှာ နှစ်ပေါက်လေပြီ။ လာမည်၊ ကြာမည်... မမျှော်ကြပါရန်နှင်။့ ဤပို့စ်တွင်မူသူ့အား အနည်းငယ်မျှသာ၊ အပေါ်ယံလေးလျှပ်၍လွမ်းခွင့်ပြုစေလိုပါသည်။ ဤကား စကားပြား။]

သြကာသကန်တော့ချိုးတွေ အမျိုးမျိုးရှိတာ သူသိထားဖူးသည်။ မဟာစည်ရိပ်သာမှာကတော့ ဆုတောင်းမှာ မိစ္ဆာဒိဌိ ၆၂ပါး တို့ဘာတို့ပါသည်။ ထားဝယ်ဒေသကသြကာသကိုတော့ သူသိပ်မကြိုက်။ ယခုဓမ္မဒူတဆရာတော်ဘုရားကြီး၏ သြကာသကတစ်မျိုးထူးခြားသည်ကို တွေ့ရပြန်သည်။ "သြကာသ၊ သြကာသ၊ သြကာသ ကာယ၊ ဝစီ၊ မနောချီလျက် သုံးလီစေတနာ၊ လေးဖြာပဏာမ ပူဇနဖြင့် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ရတနာမြတ်သုံးပါး၊ မိဘနှစ်ပါး၊ ဆရာသမားတို့နှင့်တကွ ပြစ်မှားမိသူပုဂ္ဂိုလ်အပေါင်းတို့အား ဘုရားတပည့်တော် ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့..."။ လေးဖြာပဏာမ ပူဇန ကိုသူခေါင်းစားသွားသည်။ (၁။ကိုယ်ဖြင့်ပူဇော်ခြင်း၊ ၂။နှုတ်ဖြင့်ပူဇော်ခြင်း၊ ၃။စိတ်ဖြင့်ပူဇော်ခြင်း၊ ၄။အကျင့်ဖြင့်ပူဇော်ခြင်း တို့ပင်တည်း။) ရတနာသုံးပါး မိဘဆရာများအပြင် ပြစ်မှားမိသူပုဂ္ဂိုလ်များကို ထည့်၍ကန်တော့ထားသည်ကို သူအလွန်သဘောကျသည်။ သူကဒေါသစရိုက်နှင့် ပြစ်မှားလွယ်သူတစ်ဦး ဖြစ်နေသောကြောင့်ပင်။

၈ပါးသီလပေးပြီးနောက် ဆရာတော်က ယောဂီတို့စိတ်ဟာ သီလနဲ့ ဆေးကြောပြီးလို့စင်ကြယ်နေပါပြီဟု ပြောလိုက်ရာ သူအလွန်ကျေနပ်သဘောခွေ့မိလေသည်။ ထို့နောက် မိမိဦးခေါင်းထက်သို့ ဘုရားပင့်ရသည်။ ခေါင်းထက်မှာဘုရားရှင် သီတင်းသုံးနေသည် ဟူသောအသိက သူ့စိတ်ကိုတစ်သက်လုံး မဖြစ်ဖူးမြဲထူးကဲသော ခံစားချက်များကိုဖြစ်စေသည်။ ဘုရားရှင်တော်မြတ် ငါ့ခေါင်းပေါ်မှာ ရှိနေတယ်၊ ငါပြုပြုသမျှ၊ ဖြစ်ဖြစ်သမျှ ကုသိုလ်အကျင့် ကုသိုလ်စိတ်နဲ့ ဘုရားကိုပူဇော်နေတာဖြစ်တယ်။ ငါမဟုတ်မတရား ပေါက်ပန်းလေးဆယ်တွေးရင်လည်း ဘုရားသိမှာ၊ ဘုရားသီတင်းသုံးရာ ငါ့ခေါင်းထဲက မဟုတ်တဲ့အကြံတွေမထွက်လာစေရဘူးစသဖြင့် ဘဝင်မြင့်ချင်သလိုလို၊ မဲတင်းနေမိသလိုလို ဘာလိုလိုကြီးခံစားနေရတာဖြစ်သည်။

ပြီးနောက်ခန္ဓာကိုယ်ကို စွန့်လှူရသည်၊ "...ဤခန္ဓာကိုယ်အတ္တဘောကို အလိုတော်ရှိသလိုဆုံးမတော်မူနိုင်ပါစေခြင်း အကျိုးငှာ စွန့်လှူတန်းပါ၏... "။ တစ်သက်တာတွင် ပထမဆုံးအကြိမ်အဖြစ် အသက်နှင့်ခန္ဓာကို သာသနာအတွက်အပ်နှံ လှူတန်းဖူးလေပြီတကား။ ပြီးနောက်မှာ ကမ္မဌာန်းတောင်းရသည်။ "သံသရာဝဋ်ဆင်းရဲမှ လျင်မြန်စွာကျွတ်လွတ်ပါရစေခြင်း အကျိုးငှာ သမထ၊ ဝိပဿနာ ဘာဝနာကမ္မဌာန်းကို ပေးသနားတော်မူကြပါကုန်၊ အရှင်မြတ်တို့ဘုရား" ဟူ၏။ သံသရာဝဋ်ဆင်းရဲ ဟူသောစကားက နားတွင်းမှာပဲ့တင်ထပ်နေခဲ့သည်။ ထို့နောက်တရားအားထုတ်ရာတွင် အနှောက်အယှက်၊ အန္တရယ်ကင်းရန်နှင့် စိတ်အေးချမ်းမှုသမာဓိမြန်မြန်ရရန် မေတ္တာပွားရသည်။

စာသင်ကျောင်းမှာ ဆရာမတစ်ယောက်ယောက်က စာခေါ်ခိုင်းပြီးအတန်းကိုပြစ်ထားခဲ့လျင် သူပြောနေကျစကားက "ဆရာမတော့အလုပ်ပေးတရား ဟောသွားပြန်ပြီ"ဟူ၏။ အခုတော့ အလုပ်ပေးတရားစစ်စစ်ကို သူတွေ့ကြုံနာကြားခွင့်ရပေပြီ။ ထိုညကဆရာတော်ဘုရားက သတိပဋ္ဌာန်လေးပါး အလုပ်ပေးတရားကို ရှင်းလင်းဟောကြားပေးသည်။ ၁။ ကာယာနုပဿနာ သတိပဋ္ဌာန်၊ ၂။ စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ၃။ ဝေဒနာနုပဿနာသတိပဋ္ဌာန်၊ ၄။ ဓမ္မာနုပဿနာ သတိပဋ္ဌာန် တို့ပင်တည်း။ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ တို့၏ ရှင်းလင်းသောအဓိပ္ပာယ်နှင့် အသေးစိပ်သတိကပ် ရှုမှတ်ပုံတို့ကို ဆရာတော်ဘုရားသင်ပြပေးသွားသည်။ ရုပ်တရား နှင့်နာမ်တရားအကြောင်းရှင်းပြသွားသည်။ သုတမယ (ကြားနာသိ၊ သင်ယူသိ)၊ စိန္တာမယ(ကြံတွေးသိ)၊ ဘာဝနာမယ(ဘာဝနာအသိ တကယ့်လက်တွေ့ညဏ်မြင် အသိ) တို့အကြောင်း ပြောပြ၍ထိုညဏ်၃မျိုး ဆည်းပူးရန်တိုက်တွန်းသွားသည်။ တကယ့်အလုပ်ပေးတရားပါပေ။ ထိုတရားနာပြီးကတည်းက ထိုင်ရင်း၊ ရပ်ရင်း၊ သွားရင်း၊ လှဲရင်း ဘာလုပ်လုပ်၊ ဘယ်သွားသွား သူ့စိတ်ကမအားလပ်တော့ပါပေ။ ဒါရုပ်လား၊ နာမ်လား၊ ဆရာတော်လုပ်ခိုင်းတာဒီလိုလား၊ ဒီလိုလေးသိလိုက်ရမှာလား စသဖြင့်သူ့စိတ်နှင့် သူ့ကိုယ်မှာဖြစ်သမျှ စိတ်ဝင်စားကာ အလုပ်ရှုပ်၍သာနေတော့၏။

လောကတွင် ရှားရှားပါးပါး သူကြောက်သောအရာများကို ပြပါဆိုလာလျင် အိပ်ယာစောစောထရခြင်းကို ရှေ့ဆုံးကပြမိမည်ဖြစ်သည်။ အိပ်ယာပြောင်းလျင် အိပ်မပျော်တတ်သောကြောင့် မနက်လေးနာရီထရန်အရေး သူဝန်လေးလှသည်။  တံခါးဝနားနေရာဖြစ်၍လည်း အအိပ်ဆတ်သောသူက တစ်ယောက်ယောက်ထ၍ အခင်းသွားတိုင်းနိုးတတ်သေးသည်။ သူဘယ်လိုဖြစ်နေနေ အချိန်ကတော့သူ့ကို ဂရုမစိုက်ဘဲတချက်ချက် ကုန်လွန်သွားနေခဲ့သည်။ အုန်းမောင်းသံသဲ့သဲ့...အိပ်မက်လားတကယ်လား၊ ငါဘယ်များရောက်နေတာပါလိမ့်။ "ယောဂီနွယ်ဝင် အို.. သူတော်စင်အပေါင်းတို့၊ မောဟပိတ်ဆီးးအိပ်ကြီးအိပ်ခဲ့ကြ၍ ခရီးရှည်ကြာသံသရာမှာ ဖန်ခါခါနစ်မြုပ်မျောခဲ့လို့ အမောကြီးမောခဲ့ရလေပြီ။" ချိုမြန်သာယာနာပျော်ဖွယ်အသံပါပေ။ (အဆိုတော်ဒေါ်တင်တင်မြ၏ အသံဟု နောက်သိရလေသည်။) ဆက်မှိန်းမယ်ကြံကာမှ မောဟပိတ်ဆီး လို့မျောခဲ့မောခဲ့တာတွေပါလာသောအခါ သူမမှိန်းဖြစ်တော့ဘဲဆက်နားထောင်နေမိသည်။ "ယခုအခါ... ဇမ္ဗူကျွန်းမြတ်တောင်လက်ယာမှာ တရားတော်နေမင်း မောဟအမှောင်ဖျက်ဖြိုခွင်းနိုင်ဖို့ ထိန်လင်းစွာပေါ်ထွက်လာပြီဖြစ်ပါ၍... ဝပ်ကျင်းမှထ၊ ပျင်းရိငိုက်မြည်းမှုတွေဖယ်ခွာချလျက် တရားဓမ္မတွေကျင့်ယူသုံးကြရန် ဘာဝနာဥာဏ်တစ်လီ စ,ကြရအောင် ထတော်မူကြကုန်လော့"။

သူကဒီတစ်ခါပဲ ဒီလောက်စောစောမှာ ကျေကျေနပ်နပ် ပြုံးပြုံးရွှင်ရွှင်အိပ်ယာထဖူးလေသည်။ အကျင့်မရှိသေးတော့ ဆရာတော်အလုပ်ပေးထားတာမေ့၍ စောင်ကိုသတိအမှတ်မပါဘဲ ခေါက်ထည့်လိုက်သည်။ ကတ်ဆက်က အသံချိုချိုလေးပေါ်လာပြန်သည်။ "ယောဂီနွယ်ဝင် အို သူတော်စင်အပေါင်းတို့၊ မောဟပယ်ချိုး အိပ်ယာကနိုးကြသလို၊ ကောင်းကျိုးတွေထွက်ပေါ်လာရန် ရုပ်နှင့်နာမ်တို့ကို စေတနာသဒ္ဓါဟုန်ပြင်းပြင်းနှင့် သတိသမ္ပဇဉ်သွင်းကာ ညင်ညင်သာသာဖြင့် ရှူ့ပွားတော်မူကြပါကုန်လော့"။ အကွက်စေ့လှပါပေတကား။ သူမျက်နှာသစ်၊ သွားတိုက်အိမ်သာဝင် ကိစ္စတိုင်းကို သတိအမှတ်ဖြင့်လုပ်ရတော့သည်။ တကယ်လုပ်တော့မလွယ်လှ။ ဘာကိုဖြစ်ဖြစ်ခဏသာ စိတ်ဝင်စားတတ်သောသူက ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မတို့ကို သတိထားနေဖို့ ရေရေလည်လည် အားစိုက်ရတော့သည်။ ဒါကြောင့်ညဏ်ကြီးလှသော ဓမ္မဒူတဆရာတော်ဘုရားကြီးက အိပ်ယာနှိုးရန်၊ တရားထိုင်ရန်၊ တရားနာရန်၊ ဆွမ်းစားရန်အတွက် ယောဂီနွယ်ဝင်... ဟူသောလင်္ကာပိုဒ်လေးတွင် သက်ဆိုင်ရာသတိပေးတိုက်တွန်းများထည့်ကာ စီစဉ်ထားခဲ့ခြင်းဖြစ်ပေမည်။ ဥပမာ.. ဆွမ်းစားပင့်လင်္ကာလေးတွင် ခြေလက်အိနြေ္ဒြိငိမ်သက်စေ၍ သတိသမ္ပဇဉ်ညဏ်ယှည်၍ ကြွလာပါရန်အပြင် အစားအစာနှင့်ပတ်သတ်၍ "ရုပ်နာမ်ဓာတ်ပြိုပျက်ထင်ပြီ၊ တဏှာမဝင်အနိစ္စထင်အောင် ညဏ်ယှဉ်မှတ်လျက် ဓာတ်ပရမတ်နှင့် ခွဲခွဲပြီးမှီဝဲသုံးဆောင်တော်မူနိုင်ကြစေကုန်" ဟုဆိုထားလေသည်။

နောက်နေ့မနက်တွေမှာ ကတ်ဆက်ကနှိုးတာကို သူမစောင့်တော့။ သုံးနာရီခွဲထ၍ အမျိုးသမီးယောဂီတစ်ရာအတွက် ရှိရှိသမျှခြောက်လုံးတည်းသောအိမ်သာများကို တိုက်ချွတ်ဆေးကြော၊ ရေဖြည့်ခြင်းအလုပ်ကို လုံချည်တိုတိုဝတ်ကာ သတိအမှတ်တွေကပ်၍ တစ်ယောက်တည်းလုပ်တော့သည်။ လေးနာရီမှာ သူရေချိုးရန်အဆင်သင့်ရှိလေပြီ။ သိပ်တော့မဟန်ပါ၊ လေးနာရီခွဲမှ ငါးနာရီခွဲထိ တစ်နာရီအထိုင်ချိန်တွင် သူပက်ပက်စက်စက်ငိုက်လေသည်။ ဘာမှထမလုပ်လည်း ထိုအချိန်ကသူအမြဲငိုက်ချိန်ဖြစ်ပါသည်။ နောက်ပိုင်းဆရာတော်က ကိုယ်စောင့်ကမ္မဋ္ဌာန်းလေးပါး (၁။ ဗုဒ္ဓါနုဿတိ၊ ၂။ မေတ္တာဘာဝနာ၊ ၃။ မရဏာနုဿတိ နှင့် ၄။ အသုဘကမ္မဋ္ဌာန်း တို့ကိုသင်ပေးပြီးသောအခါမှ ထိုမနက်စောစောတရားထိုင်ချိန်တွင် သူဂုဏ်တော်ပွားခြင်းစသည် ထိုလေးမျိုးကျေးဇူးနှင့် အိပ်ပျော်ပျော်သွားခြင်းဘေးမှ ကင်းဝေးရတော့သည်။ အာနာပါနကမ္မဋ္ဌာန်းကား သူအကြိုက်ဆုံးကမ္မဋ္ဌာန်းဖြစ်လေသည်။ ငါးချက်ပြည့်အောင်မရှုရ၊ ခလောခလောဈာန်ရတော့သည်။ နောက်ပိုင်းယောဂီသက်ရင့်လာချိန် သူအိပ်ရန်လိုအပ်သည်ထင်တိုင်း ထိုအထိုင်ချိန်တွင် အိပ်ရေးဝအောင်ငုတ်တုတ်ကြီးအိပ်လေသည်။ (ယခုရုံးတွင် နေ့ခင်းစာစားပြီးတိုင်း ဟန်မပျက်တစ်ရေးရတတ်ခြင်းကား ထိုတရားစခန်း၏ကျေးဇူးများအနက် တစ်ခုပါပေ။)

တရားစခန်းတွင် ဘုရားပန်အလှူ၊ ရေအလှူ၊ မီးအလှူ၊ တရားစာအုပ်အလှူ၊ ဓမ္မပူဇာအလှူ၊ ဆေးပစ္စည်းအလှူ၊ သိမ်ပြင်ရန်အလှူ၊ ရေကန်ဟောင်းပြန်ဖော်ခြင်းအလှူ၊ သိမ်ဆင်းသံဃာများအား အဆင်ပြေရာရာများလောင်းလှူသောအလှူ၊ သက်ကြီးပူဇော်ပွဲအလှူ၊ ဇီဝိတဒါနအသက်လွှတ်အလှူများ၊ ဘက်စုံအလှူများအပြင် ညနေတစ်ခင်းစာဖျော်ရည်အလှူတို့ကို အလှူရေစက်လက်နှင့်မကွာဆိုသလို ပြုဖြစ်လေသည်။ ထိုတရားစခန်းအတွက် ဆွမ်းအလှူသည် တစ်နှစ်ကြိုတင်စာရင်းပေးမှ လှူခွင့်ရရှိနိုင်တာဖြစ်၏။ တစ်လခန့်ကြိုထွက်သော တရားစခန်းဖိတ်စာတွင် အလှူရှင်စာရင်းက ပါပြီးသားဖြစ်လေသည်။ သူဆွမ်းလှူချင်နေမှန်းသိသော တရားစခန်းတာဝန်ခံများနှင် ဆွမ်းအလှူရှင်များက ဆွမ်းကပ်ချိန်တိုင်းသူ့အားလာခေါ်ကာ သူတို့နှင့်အတူဆွမ်းကပ်စေသည်။ ရှေ့နှစ်များတွင်တော့ သူတို့မိသားစုအမည်နှင့် ဆွမ်းပါလှူခွင့်ရလေသည်။ ရပ်ဝေးယောဂီများအတွက် ခရီးစရိတ်၊ မျက်နှာသုတ်၊ ချွေးသုတ်၊ ဆေးဝါးအမျိုးမျိုး၊ သောက်ရေအိုး၊ သောက်ရေခွက်၊ ရေပုံး၊ ရေဖလားများ၊ တံမြက်စည်း၊ လက်သုပ်တစ်ရှူး၊ အိုးတိုက်စပါမကျန်သူမလှူဖူးတာ မရှိတော့ဘူးတောင်ထင်ရလောက်သည်။ လက်ပွေ့ကာလှည့်လည်ရောင်းသော စံပါယ်ပန်းသယ်ကို ညနေတိုင်းဒီကိုလာပါဟု အော်ဒါမှာကာ ဆရာတော်တရားဟောရာ ဓမ္မပလ္လင်ကိုစံပါယ်ကုံးတွေ တိုးလို့တွဲလောင်းနှင့် သူ့စိတ်တိုင်းကျပြင်ဆင်တော့လည်း တာဝန်ရှိသူများနှင့် ယောဂီကြီးများကား သဘောကျမဆုံး တပြုံးပြုံးရှိကြသည်။ လှူရတာအရမ်းကို ပျော်စရာကောင်းသည်ဟု ဒါန၏အရသာကို ထိုသင်္ကြန်မှာသူစသိရသည်။

အိမ်သာဆေးရေဖြည့်ခြင်းများအပြင်၊ ရေစင်များဆေးခြင်း၊ သောက်ရေအိုးများဖြည့်ခြင်း၊ ဘုရားပန်းလဲခြင်း၊ စင်္ကြံလမ်းများတံမြက်လှဲခြင်းများအပြင် ဆွမ်းစားဆောင်ထိဝင်ရောက် စွက်ဖက်သည်အထိပင်အတင့်ရဲခဲ့လေသည်။ အိမ်သာဘက်သွားရင်းက "နေ့ဆွမ်းချိန်နီးပြီ ဒီအာလူးတွေအများကြီး ဘယ်လိုပြီးပါ့မလဲ" ဟုညည်းလိုက်သောအသံကြား၍ သတိမပြတ်ရှိသလိုလို ဂိုက်ပေးကာအာလူးဝင်ခွာခြင်း။ မနက်နှစ်ချက်တီးကတည်းက အိပ်ယာထ၍လုပ်ကြကိုင်ကြရသော ဝေယျာဝစ္စများပန်းကန်သုတ်ရင်း အိပ်ပျော်နေတာမြင်၍ ပန်းကန်ဝင်သုတ်ခြင်း။ နောက်ပိုင်းတွင်နေ့ဆွမ်းစားပြီး တစ်နာခွဲခန့်အနားယူချိန်တွင် အပေါ်ထပ်မိမိနေရာသို့လုံးဝပြန်မသွားတော့ဘဲ ဆွမ်းစားဆောင်တံမြက်လှည်းခြင်း၊ ရေနွေးအကြမ်းပန်ကန်လုံးနှင့် ရေနွေးအိုးများဆေးခြင်းနှင့် အလှူရှင်များအတွက်ကျသင့်ငွေ စာရင်းရှင်းတမ်းရေးခြင်းတို့ကို သူအပြတ်တာဝန်ယူလိုက်လေသည်။) ဝေယျာဝစ္စဟူသည် သီလကုသိုလ်တည်း။ အဒေါ်နှင့်ပင်အကြောင်းမရှိဘဲ စကားမပြောဖြစ်ခြင်း၊ မွန်းလွဲသွားလျင် သကြားလုံးဝေး၍ လ္ဘက်ခြောက်ပါသောရေနွေးကြမ်းပင် မသောက်တော့ခြင်း စသည်များကြောင့် သူ့သီလကိုသူကျေနပ်လှသည်။ သီလနှင့်လည်းအပျော်ကြီး ပျော်မိနေလေပြီတည်း။ (ဆက်ပါမည်...)

1 comment:

ဇွန်မိုးစက် said...

မင်းရေ...ဖတ်ရတာ အားရလိုက်တာကွယ်။ ဖတ်ရင်းဖတ်ရင်း စိတ်တွေကြည်နူးပြီး ကိုယ်တိုင်ကုသိုလ်တွေ ရလိုက်သလိုပဲ။း))
ဆက်ရန်စောင့်နေပါ၏။

ပျော်ရွှင်ကျန်းမာ မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေနော်။

ချစ်ခင်စွာ
ဇွန်