တရားစခန်းအထွက်နေ့မှာ ကျောင်းတိုက်နှင့်ယောဂီဆောင်အား တိုက်ချွတ်ဆေးကြော သိမ်းဆည်းရှင်းလင်းကြပြီးမှ ဘုရားကန်တော့၊ ယောဂီအဆောင်မှူးနှင့် လူကြီးတချို့ကို ကန်တော့တောင်းပန်သည်။ ယောဂီဆောင်အပေါ်ထပ် မြဘုရားအထံတွင် ဘယ်သူမှမသိအောင်လည်း ဆုပန်ဖြစ်ခဲ့ပါသည်။ ဘုရားတပည့်တော် မြန်မာနိုင်ငံတွင်းမှာ ရှိနေသေးသမျှနှစ်စဉ်မပြတ် တရားအကျင့်ဖြင့်လာရောက် ပူဇော်ပါမည်ဟူ၏။ (ထိုစဉ်က သူ့မှာနိုင်ငံရပ်ခြားတွင် ပညာသင်မည်၊ အလုပ်လုပ်မည်ဟူသော ရည်ရွယ်ချက်လမ်းစ လုံးလုံးဝဝမရှိခဲ့ပါလျက် မြန်မာနိုင်ငံတွင်းမှာ ရှိနေသေးသမျှ ဆိုသည့်အချက်ကို ဘာကြောင့်ထည့်ပြောမိမှန်း သူနားမလည်နိုင်တော့ပေ။) ထို့နောက်သူတနင်္သာရီသို့ ပြန်ခဲ့ပါသည်။ မိဘအပေါ်မကျေနပ်သောစိတ်၊ အားမလိုအားမရစိတ်တို့နှင့် အရွဲ့တိုက်ခြင်း၌ဝါသနာထုံသောသူက ထိုအခေါက်ပြန်သွားပြီးနောက် စိတ်ထား၊ အမြင်နှင့် အပြောအဆို၊ အနေအထိုင်အစစအရာရာ အတော်ကြီးကွဲလဲသွားခဲ့သည်။ သူ့အပြောင်းအလဲကို သူ့မိဘနှစ်ပါးကောင်းစွာ သတိပြုမိကြသည်။
သူကတော့ မေ့မေ့ကို မီးဖိုထဲမှာကူလုပ်ရင်းဖြစ်စေ၊ အဝတ်လျှော်ရာမှာနေရာမှာဖြစ်စေ ရတတ်သမျှအချိန်တိုင်းမှာ တရားစခန်းအကြောင်းနှင့် တရားတော်များကိုတတွတ်တွတ် ပြောပြနေတတ်သည်။ မနက်စောစောဘုရားဝတ်ပြု၊ တရားထိုင်ပြီးလျင်တရားခွေများ ထဖွင့်ပေးတတ်သောသူ့ကို ဖေဖေက "မဖွင့်နဲ့ဟာ၊ တရားသံကြားရင် ဗိုက်ပိုဆာတယ်" ဟုပြောတတ်သည်။ သို့သော်သူက လွယ်လွယ်လက်လျှော့တတ်သူ တော့မဟုတ်ခဲ့။ ဖေဖေက စာဖတ်ဝါသနာပါလေရာ သူကဖတ်စေချင်သောစာအုပ်များကို ဖေဖေမြင်သာသောနေရာများတွင် ထားပေးလေ့ရှိ၏။ ထိုအချိန်ကဖေဖေနှင့်မေမေသည် ရှာဖွေကောင်းတုန်းလူလတ်ပိုင်းများပီပီ စီးပွားရေးကလွဲ၍ ဘာမှသိပ်စိတ်မဝင်စားတတ်။ ဥပုသ်မစောင့်၊ ပုတီးမစိပ်၊ တရားစခန်းဆိုတာ ယောင်လို့တောင်မတွေးကြပါလေ။ သူကသူ့အိမ်၊ သူ့မိသားစုနှင့် သူငယ်ချင်းများအတွက် ဓမ္မဒူတ (တရားတမန်) ဖြစ်ခဲ့သည်။
၁၉၉၉-သင်္ကြန်မှာ ဖေဖေနှင့်မေမေကို ရွှေဂူတရားစခန်းသို့ အရောက်ခေါ်သွားနိုင်ခဲ့သည်။ ဘုန်းဘုန်းနှင့်တကွ အားလုံးကသူ့ကို ချီးမွမ်းကြလေ၏။ အမြှောက်ကြိုက်သောသူက ရန်ကုန်မှာကျောင်းတက်ရသောအခါ သူငယ်ချင်းများ၊ မိတ်ဆွေများကိုလည်း နှစ်စဉ်နှစ်တိုင်း စရိတ်ခံကာခေါ်ဆောင်သွားတတ်မြဲဖြစ်သည်။ ငယ်သူငယ်ချင်းများ၊ YTU သူငယ်ချင်းများ၊ ဘာသာစကားသင်တန်းမှ ဆရာတကွနှင့်မိတ်ဆွေတစ်စု၊ တနင်္သာရီဒေသက သူငယ်ချင်းများ စသဖြင့် သူ့ဧည့်သည်တွေစုံလှသည်။ တစ်ခါကဆိုဧည့်သည်၁၄ယောက်။ ကျန်တာကတော့ မပူရပါ။ သူ့ဆရာမထံသို့ " အမေ.. ဒီနှစ်သမီးဧည့်သည် ဘယ်နှယောက်နော်" ဟုဖုန်းလေးတစ်ချက်ဆက်လိုက်ရုံသာ။ စခန်းဝင်ရမည့်ညနေမှ ဓနုဖြူသို့ ဧည့်သည်တွေနှင့်အတူ သူရောက်လာတတ်မြဲ။ စားစရာထမင်းဟင်းဖွယ်ဖွယ်ရာရာနှင့် သူအပါအဝင်ဧည့်သည်အားလုံးအတွက် အိပ်ယာလိပ်၊ရေချိုးဆပ်ပြာကအစ လိုအပ်တာမှန်သမျှ အဆင်သင့်ရှိနေမြဲတည်း။ စာမေးပွဲနီးနေသည်ဟုလည်း သူဂရုမစိုက်ပါ။ practical ရှိသည်၊ ဘာရှိသည်ညာရှိသည် ဘာမှဂရုမစိုက်ဘဲ တရားစခန်းပွဲသို့ သူရောက်မြဲ။ စာမေးပွဲနီးတယ်သတင်းကြားလျင် ရွှေဂူကျောင်းတိုက် တာဝန်ခံဦးဇင်း ဦးရေဝတ(ယခု-လက်ပံဇင်ကျောင်းတိုက်ဆရာတော်) ၏ကျေးဇူးဖြင့် ယောဂီဆောင်အပေါ်ထပ် သူ့အိပ်ယာလိပ်ဘေးတွင် စာကြည့်စားပွဲပါစီစဉ်ပေး ထားပြီးသားဖြစ်လေသည်။ သူ့အဒေါ်လည်းပဲနှစ်စဉ်မပြတ် ရောက်လာမြဲ။ အဖွား၊ အဒေါ်ကြီး၊ အဒေါ်လတ်များလည်း သူတို့တူအရီး၏ ခိုင်မာမှု၊ တက်ကြွမှုကိုမြင်ရပြီး နောက်ပိုင်းနှစ်များတွင် တရားစခန်းဝင်လေ့ရှိလာကြသည်။
သူတကယ်ပဲလွမ်းရပါသည်။ သူတို့သူငယ်ချင်းတစ်သိုက် စာကလေးသိုက်ကျသလို ဘုန်းဘုန်းတွေကို အမေးအမြန်းထူဖူးကြသည်။ စက်ဝိုင်းဒေသနာတစ်ချက်ချကာ ဝိုင်းထိုင်ရင်းငြင်းကြခုံကြ ပြောဆိုဆွေးနွေးကြဖူးလေ၏။ အတက်နေ့မှာ ကျောင်းဝင်းထဲ၌မုန့်လုံးရေပေါ်ဝင်လုံး၍ တစ်ကိုယ်လုံးလည်း ဖွေးဖွေးဖြူဖူးကြသည်။ ဈေးထဲသွား၍ ယောဂီအားလုံးအတွက် တရော်ကင်မွန်း ခေါင်းလျှော်ရည်တွေသွားဝယ်ကာ သင်္ကြန်အတက်နေ့ ခေါင်းဆေးမင်္ဂလာလုပ်ရန်ဟု ခပ်ကြောင်ကြောင်တွေး၍လည်း လှူဖူးကြ၏။ အလွန်ပူပြင်းသောနွေ ဓမ္မာရုံထဲမှာ ယောဂီကြီးများတရားထိုင်နေချိန်မှာ သူတို့ကယောဂီဆောင်အောက်ထပ် ကော်ရစ်ဒါမှာသရက်ပင်ရိပ်မှာ နံရံကိုမှီ၍ ခြေထောက်လေးတွေဆင်းထိုင်ကာ ငြိမ်ငြိမ်လေးတရားမှတ်၍ လည်းနေဖူးကြသည်။ ထိုကိစ္စကို တရားစခန်း၏သြဝါဒ ဆရာတော်တစ်ပါးဖြစ်သော ဈေးဦးကျောင်းဆရာတော်ကမြင်မိသွား၍ ညတရားပွဲတွင်ထုတ်ဖော် ချီးကျူးလေသည်။ တရားသဖြင့်အားထုတ်ကာ စိတ်ရော၊ ကိုယ်ပါချမ်းသာနေမှ တရားဟူ၏။ သူတို့ကလည်းမြှောက်စားထားသောကြောင့် လတ်လတ်စင်၊ ဖျပ်ဖျပ်လူး ဘုရားစူးယောဂီလေးများ ဖြစ်ခဲ့ကြလေသည်။ စခန်းဝင်ယောဂီအရေအတွက်သိပ်များ၍ နေရာအခက်အခဲရှိသောနှစ်များတွင် သူတို့အိပ်ယာနေရာများကို နောက်ကျမှရောက်လာသူများအားပေးကာ ကြုံရာလူ၏ခြင်ထောင်သို့ ကြုံသလိုဝင်တိုးကာလည်း အိပ်ဖူးကြလေသည်။
တရားနှင့်မနီးစပ်လှသော သူ့သူငယ်ချင်းတချို့သည်လည်း သူတို့မိသားစုများ၏ ဓမ္မဒူတများဖြစ်ခဲ့ကြရလေသည်။ ဝိပဿနာတရားနှင့် ကျေးဇူးဆပ်လျင် မွေးကျေးဇူး၊ ကျွေးကျေးဇူးများပြည့်ပြည့်ဝဝ ကျေပွန်သည်ဟုနားလည်ကာ တရားနှင့်ကျေးဇူးဆပ်ကြသည်။ ဖေဖေကတော့ အရင်းနှီးဆုံးမိတ်ဆွေ အထက်တန်းကျောင်းအုပ်ကြီးတစ်ဦးအား သူ့ရှေ့မှာပင်ဤသို့ပြောဖူးလေသည်။ "ကျွန်တော့သမီးက မိဘကျေးဇူးအထူးဆပ်စရာ မရှိတော့ဘူးဗျ၊ ကျေပြီးသားပဲ။ ဒါတောင်သူကကျွန်တော်တို့ နောင်ရေးအတွက်ဆိုပြီး ကြိုးစားနေတုန်းဗျာ။ သူကကျွန်တော်တို့အတွက် အမေနဲ့တူသောသမီးမျိုးဖြစ်တယ်" ဟူ၏။ (ဖခင်တစ်ယောက်၏ ကြွားဝါခြင်းအဖြစ် နားလည်ပေးကြပါရန်။)
၂၀၁၁-သင်္ကြန်ကား မအားရာယားနာပေါက်သလို အလုပ်များသည့်ကြားက လွမ်းလို့ဆွေးလို့ကောင်းနေတုန်း အတက်နေ့သို့ပင် သုတ်သီးသုတ်ပြာ ရောက်လို့လာခဲ့ပါပြီ။ သူ့အလွမ်းတွေကိုလည်း ရောက်ရာနေရာက နိဂုံးချုပ်ပါတော့မည်။ ဤနေရာတွင် ထိုတရားစခန်းနှင့်ဆက်စပ်ကာ သူဆည်းကပ်ခိုလှုံခွင့်ရသော ဓမ္မဒူတဆရာတော်ဘုရားများအား အောက်မေ့တမ်းတစွာ အမည်နာမဖော်ပြလိုပါသည်။ ၁၉၉၈သင်္ကြန်က ကျေးဇူးတော်ရှင် ပဓာနနာယက ဓမ္မဒူုတဆရာတော်ဘုရားကြီး နတ်ရွာစံပျံလွန်မူပြီးစအချိန်ဖြစ်၍ ဆရာတော်ဘုရားကြီး၏ တစ်နှစ်တာအချိန်ဇယားပါ သာသနာရေးကိစ္စများကို တပည့်နာယက (၆) ပါးတို့က အသီးသီးတာဝန်ခွဲဝေယူနေကြချိန်ဖြစ်၏။ ထိုနှစ်ကထိုတရားစခန်းကို အရှင်ပညာဝရ(ဓမ္မဒူတ သိမ်ဇရပ်တောရဆရာတော်) နှင့် ဓမ္မဒူတအရှင်ဝိမလ ညီတော်နောင်တော်နှစ်ပါးမှ နှစ်ပိုင်းခွဲ၍ တာဝန်ယူခဲ့ကြသည်။
နောက်နှစ်များတွင် အရှင်ဆေကိန္ဒ (လက်ရှိ ဓမ္မဒူတဇေတဝန်တောရ ဆရာတော်ဘုရား) ကသုံးနှစ်ခန့်ဆက်တိုက် တစ်ပါးတည်းတာဝန်ယူခဲ့ပြီး၊ နောက်ပိုင်းနှစ်များတွင် ဓမ္မဒူတမုဒုံဆရာတော် အရှင်ကောသလ္လနှင့် တစ်ပိုင်းစီတွဲဘက် တာဝန်ယူခဲ့ကြသည်။ နောက်ပိုင်းအရှင်ဆေကိန္ဒ ဆရာတော်ဘုရား သာသနာ့တာဝန်တွေ ပိုမိုကြီးမားများပြားလာခြင်းကြောင့် ဓနုဖြူတရားစခန်းကို အချိန်ပြည့်တာဝန်ယူရန် အခြေနေမပေးသဖြင့် ဆရာတော့်တပည့်ညီတော်များဖြစ်သော အရှင်ကုသလ၊ အရှင်လက္ခဏ၊ အရှင်စန္ဒောဒယတို့က ဆရာတော်နှင့်အတူ အလှည့်ကျကြွရောက်တာဝန်ယူကြပါသည်။ နောက်ပိုင်းတွင် အရှင်စန္ဒောဒယ (လက်ရှိဓမ္မဒူတဇေတဝန်တောရ ဆေကိန္ဒာရာမကျောင်းတိုက်ကြီး၏ တိုက်အုပ်ဆရာတော်ဘုရား) က ယခုအချိန်ထိတိုင်အောင် အချိန်ပြည့်တာဝန်ယူကာ တရားဟော၊ တရားပြကမ္မဌာနာစရိယတာဝန်များကို ဒကာဒကာမများအတွက် ကြီးမားသောဂရုဏာဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
တနှစ်ကသင်္ကြန် သူကစလုံးမှာရောက်စ လုံးလည်လိုက်၊ ကုန်းလည်ဆိုက်နေ၍ ရွှေဂူတရားစခန်းသို့ မရောက်ဖြစ်သော်လည်း သူ့မိသားစုကတနင်္သာရီမှ တကူးတကရောက်အောင်သွားခဲ့ကြ၏။ ဖေဖေနှင့် မောင်လေးနှစ်ကောင်က ဒုလ္လဘရဟန်းဝတ်ဖြင့် တရားအားထုတ်ဖြစ်ကြသည်။ သူဖုန်းဆက်သောအခါ မေမေက ဒီမှာကသမီးရဲ့ မိဘဖြစ်ရတာ အတော်ဂုဏ်ရှိပြီး မျက်နှာပွင့်တာပဲဟု ကြည်နူးစွာပြောခဲ့ပါသည်။ မနှစ်ကသင်္ကြန်တရားစခန်းအထွက်နေ့မှာ ဆရာမနှင့် ဓမ္မမိတ်ဆွေများက G-talkမှလာ၍ သူတို့ပြုစုကြသမျှကုသိုလ်တို့ကို သူ့အားပြောပြအမျှဝေကြပါ၏။ "ဟိုဘယ်သူနဲ့မှမတည့်တဲ့ အမေဒေါ်တင်ကြည်လေ နင့်ကိုအောက်မေ့လိုက်တာဆိုပဲ၊ ငါ့မြေးလေးမရောက်လာတာ၂နှစ်တောင်ရှိပေါ့လို့ ပြောတယ်ဟေ့။ တခြားသူတွေဘယ်လောက် သတိယလည်းဆိုတာတော့ ကိုယ့်ဟာကိုယ်တွေးသာကြည့်။ နောက်နှစ်တော့နင် လာဖြစ်အောင်လာမှဖြစ်မယ်။ ဆရာတော်ကိုလည်းဖုန်းဆက်လိုက်ဦး။ နင့်အကြောင်းခဏခဏပြောတယ်" ဆိုတာတွေလည်းပါသေးသည်။ ဆရာတော်အရှင်စန္ဒောဒယအား ဖုန်းခေါ်ရာ ဆရာတော်ကလည်း ဝမ်းသာအားရလေသံဖြင့် နင့်ကိုရှိစေချင်လိုက်တာဟာဟု အစချီလျက် ယောဂီတွေတရားအဆင့်မြင့်လာကြောင်း၊ ဘာတရားတွေဟောကြောင်း၊ အခွေတွေပို့ပေးမည့်အကြောင်းများနှင့် ကုသိုလ်အစုစုများကို ပြောကြားအမျှဝေလေသည်။ တရားသံဝေဂနှင့် ကုသိုလ်ပီတိစိတ်ထက် လွမ်းတစိတ်သာပိုများလျက် မျက်ရည်ဝဲသောသူ့ကိုယ်သူ နားလည်ရခက်မိပါ၏။ ဒီနှစ်သင်္ကြန်မှာလည်း သူအရောက်မသွားနိုင်ခဲ့ပါပေ။ ထို့ကြောင့်ဤသင်္ကြန်အလွမ်းကို သူတော်တော်မအားသည့်ကြားကရေးပါသည်။ သူလွမ်းချင်သလိုလွမ်းပြီး ရေးချင်သလိုရေးထားတာဖြစ်၍ စာဖတ်သူများကိုအားနာလှပါသည်။ လာမည့်နှစ်သင်္ကြန်တွင် ဒီလိုပို့စ်မျိုးမဖတ်ချင်ကြပါက မမင်းတစ်ယောက်ဓနုဖြူတရားစခန်း ပြန်ဝင်နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သကြပါကုန်။ ။
16 April 2011
15 April 2011
သင်္ကြန်အလွမ်း(၃)
တရားစခန်းတွင် နေ့ခင်းပိုင်းတရားတစ်ပွဲနှင့် ညတရားပွဲဟု တစ်နေ့နှစ်ကြိမ်တရားပွဲရှိလေသည်။
နေ့လည်ခင်းတရားများကား ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းဒေသနာနှင့် ကမ္မဋ္ဌာန်းတရားအားထုတ်တတ်ရန် သင်ကြားလေ့ကျင့်ပေးသော အခြေခံအလုပ်ပေးတရားများ ဟောခြင်းဖြစ်သည်။ မှတ်စုတစ်အုပ်နှင့် သူအလွန်တက်ကြွသောအချိန်ပင်ဖြစ်သည်။ ဝဲသြဃလွန်မြောက်ရေးတရားတွင် ကာမောဃ၊ ဘဝေါဂ၊ ဒိဋ္ဌောဃ၊ အဝိဇ္ဇောဃဟူသော သြဃလေးပါး အာသဝတရားများအကြောင်းကို မြစ်တွင်းကဝဲကြီးတွေနှင့် ဥပမာပြုကာ ဘယ်ဝဲကိုလွန်မြောက်အောင် ဘယ်လိုကျင့်ရမည်ကို စိတ်ဝင်စားဖွယ်ဟောခြင်းဖြစ်သည်။ ရေလည်းလောင်း၊ ပေါင်းလည်းသင်တရားတွင် ဘာဝနာညဏ်ကိုဘယ်လိုပြုစုပျိုးထောင်ရမည်ကို သင်မှန်းမသိဘဲ အသေးစိပ်သင်တာဖြစ်သည်။ ဈေးဝယ်သွားမယ်တရားတွင် ပုညကြိယာဝတ္ထုဆယ်ပါးကို ဈေးရုံကြီးဆယ်ရုံအဖြစ် တင်စားကာ "ဒိဋ္ဌာန်အေးအေး နိဗ္ဗာန်ဈေးကို၊ အဖိုးမထစ်ဈေးမဆစ်ဘဲ၊ စနစ်မပယ်ကောင်းစွာဝယ်၍" ဟု ရှော့ပင်သွားရင်း နိဗ္ဗာန်ရောက်ကြောင်းအကျင့်အထိ ဘုန်းဘုန်းကပို့ပေးလေသည်။ "နေစဉ်အလုပ်နေ့စဉ်လုပ်၊ လွတ်အောင်ဖြည်၊ မချည်နဲ့၊ အာရုံမရှုပ်စိတ်အလုပ်" စသဖြင့်စသဖြင့် တရားတွေက စိတ်ဝင်စားစရာတွေချည်းဖြစ်သည်။
ရွှေဂူကျောင်းသည် ဓနုဖြူမြို့လည်တွင် တည်ရှိသောကြောင့် ညတရားပွဲတိုင်းကို မြို့တွင်းမှတရားနာပရိတ်သတ်များ လာရောက်နာယူကြတာထုံးစံဖြစ်သည်။ ညတရားကား တရားအားထုတ်ချင်အောင်၊ စိတ်စေတနာဝီရိယထက်သန်အောင် ဟူသောအခြေခံရည်ရွယ်ချက်ဖြင့် ဗုဒ္ဓဘာသာကောင်းတစ်ယောက်၊ ဝမ်းမြောက်ဝမ်းသာရှိလိုက်တာစသော စိတ်အားတက်ကြွအနုမောဒနာဖြစ်ဖွယ်များ သို့မဟုတ် သုံးဆယ့်တစ်ဘုံ သားသတ်ရုံ၊ အငှားခန္ဓာတရားရှာ စသောသံဝေဂဖြစ်ဖွယ်တရားများကို ဟောကြားပေးသည်ဟု သူညဏ်မှီသမျှထင်မိပါသည်။ နေ့တရားလောက်အားစိုက်စရာမလို။ သူကဘုန်းဘုန်းမေးသမျှ အော်ဟစ်ဖြေတတ်ကာ၊ တရားထောက်ကောင်းသူ အရီသန်သူအဖြစ် လူသိများထင်ရှားလာသည်။
အထိုင်ချိန်ကတော့ စုစုပေါင်း၆ကြိမ် နှင့် အထိုင်ချိန်များကြားတွင် စင်္ကြန်လျှောက် တရားအားထုတ်ချိန်များရှိသည်။ အစပိုင်းမှာစင်္ကြန်တရားကို လေးလေးစားစားလျှောက်ဖြစ်သလောက် နောက်ပိုင်းရင်းနှီးကျွမ်းဝင်လာချိန်တွင်မူ သူကဝေယျာဝစ္စများနှင့် သုတမယ(ဗဟုသုတ) ဘက်အားသန်လာသည်။ အမှတ်နှင့်လုပ်မည်ဟူသော စိတ်ထားဖြင့်ဖြစ်သော်လည်း အလုပ်ရှုပ်လျင် အာရုံရှုပ်လျင် သူလိုမနူးမနပ်ယောဂီအဖို့ အမှတ်ပျက်သည်သာဖြစ်၏။ အမှန်ကစင်္ကြန်သမာဓိသည် အထိုင်ချိန်အတွက် သတိ၊ သမာဓိ၊ ညဏ်အရှိန်ကောင်းအောင် အထောက်အပံ့ပြုရုံသာမက စင်္ကြန်တရားသည်အညောင်းအညာပြေမဟုတ်၊ နိဗ္ဗာန်ထိရည်ရွယ်ထားကြောင်းကို နှစ်ပေါင်းအတော်ကြီးကြာမှ သူသဘောပေါက်မိသည်။) ထိုကျောင်းတိုက်၏ စာအုပ်ဘီဒိုကို အချိန်မရွေးဖွင့်ယူခွင့် ပါမစ်ရရှိထားသော သူကထိုထို အချိန်ဇယားနှင့် ဝေယျာဝစ္စများအပြင် စာဖတ်ချိန်ကိုလည်း လုနေရတတ်သေးသည်။ တောင်စွန်းဓမ္မဒူတဆရာတော်ကြီး ရေးသားသော ဒါနဝတ္ထု၊ သီလဝတ္ထု၊ ဘာဝနာဝတ္ထု နှင့်ဗုဒ္ဓဓမ္မပြဿနာများ စသည်စာအုပ်များကို ပြီးသလောက်သူဖတ်သည်။ နောက်ပိုင်းမှာ ဓမ္မဒူတဆရာတော်ကြီး၏ ကျမ်းစာအုပ်တော်တော်များများကို ရှာဖွေ၍အပိုင်ဝယ်ယူကာ စုစောင်းသိမ်းဆည်းဖြစ်တော့သည်။ ဒါတင်မကသေးပါ၊ ကမ္မဋ္ဌာနာစရိယ ဆရာတော်ဘုရားများ၏ တစ်သက်တာမှတ်စုစာအုပ်များ ငှားရမ်းပြီးမိတ္တူကူးသည် အထိ။
ညနေစောင်းတွင် တရားစစ်ချိန်တစ်နာရီထားရှိပြီး ထိုအချိန်တွင်ပင်ယောဂီများအား ဆေးအဖျော်ရည်ကပ်လှူကြပါသည်။ သဘာဝအသီးစစ်များကို အဖတ်မပါအောင်စိတ်ရှည်လက်ရှည် ညှစ်ယူ၊စစ်ယူကြပြီး သကြားများများနှင့် ခွန်အားဖြစ်အောင်ဖျော်ထားသောကြောင့် အရသာရှိရုံမက ဆာလောင်မွတ်သိပ်ခြင်းကို အတော်အတန်ခံနိုင်ရည်ရှိစေသည်။ သို့ရာတွင်အမေးအမြန်းထူလှသော ဗဟုသုတငတ်မွတ်လှသော သူကတော့ညနေခင်းအဖျော်ရည် မသောက်ဖြစ်သည်သာများလေသည်။ ထိုတရားစခန်း။ တရားစစ်ချိန်ကား တစ်ယောက်ချင်းကို တိုးတိုးသက်သာစစ်မေးခြင်းမဟုတ်မူပဲ၊ ယောဂီများကဆရာတော်ရှေ့တွင် စုပေါင်းဝိုင်းထိုင်ကာ မရှင်းလင်းသည်များ၊ ဆွေးနွေးမေးမြန်းလိုသည်များကို မေးကြလျှောက်ကြဆွေးနွေးကြတာဖြစ်သည်။ သူကတော့သူများမေးတာလည်း နားထောင်သည်။ ယောဂီကြီးတွေက များများမေးပါဟဟု တိုက်တွန်းကြသော်လည်း သူ့ကိုယ်သူ တစ်နေ့လျင် မေးခွန်း၅ခုသာအများဆုံးဟု စည်းကမ်းတစ်ခုသတ်မှတ်ထားသည်။
မေးပုံကိုကြည့်ပါဦး။ "ဘုန်းဘုန်း တရားထိုင်ရင်ဘာလို့ လက်ကိုဒီလိုထားရတာလဲ"... "ဘုန်းဘုန်းနေ့ခင်းကဟောတာလေ စိတ်ကြည်လင်တော့ စိတ်ကြောင့်ဖြစ်တဲ့သွေးတွေ ကြည်လင်လာပြီးတော့ဆိုတာလေ၊ သွေးကစိတ်ကြောင့်ဖြစ်တာဟုတ်လို့လား။".. "ရုပ်နဲ့နာမ်နဲ့တပြိုင်တည်းဖြစ်တယ်ဆို ဟုတ်လို့လားဘုန်းဘုန်းရ၊ ကြေးစည်သံဆိုတာဟိုကရိုက်ပြီး သမီးကကြားတဲ့စိတ်ဖြစ်ဖို့အရေး လေထဲကိုဖြတ်လာရသေးတာမဟုတ်လားလို့"... စသဖြင့်၊ စသဖြင့် အဘိဓမ္မာမသင်ထားဖူးသူပီပီ မေးခွန်းတွေကပိန်းလှသည်။ မေးခွန်းတိုင်းကို ဥပမာလေးငါးခုနှင့် စိတ်ရှည်လက်ရှည် ရှင်းနေအောင်ဖြေတတ်တာကလည်း ဓမ္မဒူတဆရာတော်တွေအားလုံးရဲ့ အထူးအားသာချက်ဟု သူထင်ပါသည်။ "ဘုန်းဘုန်းသမီးကတော့ တစ်နာရီအထိုင်ချိန်ဆို စိတ်ထဲသိပ်ကြာတာပဲ၊ တအားညောင်းတယ်။ ငိုက်ရင်ငိုက်၊ မငိုက်ရင်တွေးနေတာနဲ့ တစ်ချိန်တစ်ချိန်သတိရှိတာက စုစုပေါင်းမှ၅မီးနစ်တောင် မပြည့်တတ်ဘူးလားလိုပဲ။ အဲ့ဒါလုပ်ဦး" ဟူ၍ကိုယ့်အမှုဘုန်းကြီးကို သွားပတ်တာမျိုးတွေကရှိသေးသည်။
ဘုန်းဘုန်းကပြုံး၍ "သမီးကဖွားဖွားကြီးတွေ တစ်နာရီလုံးငြိမ်ပြီးထိုင်နေတာကို အထင်ကြီးနေတယ်မှတ်တယ်။ ထားပါတော့ နေ့ခင်းဆွမ်းစားချိန်တိုင်းဖွင့်တဲ့ ဓမ္မဒူတဆရာတော်ကြီးရဲ့ ဆွမ်းစားဆင်ခြင်ခွေမှာပါတယ်လေ၊ တစ်ချက်ရှု့ပွားကျိုးတရားကား ဘာဖြစ်တယ်ဆိုလဲကွယ်" ဟုပြန်မေးရာ သူက "တစ်ချက်ရှု့ပွားကျိုးတရားက ဖိုးကားမည်မျှကြီးမားလှ မပြနိုင်ပါပေ" ဟုသွက်လက်ချက်ချာစွာ ပြန်ဖြေဖူးလေသည်။ "အေးလေသိသားနဲ့ဟာကို။ ပြီးတော့ညောင်းတာ ပြောင်းပြင်ပေးပေါ့၊ မပြောင်းမပြင်ဘဲပေပြီးထိုင်ရင် အပြစ်လေးမျိုးရှိတယ်လို့ ဓမ္မဒူတဆရာတော်ကြီးက ဟောထားသားပဲမဟုတ်လား"ဟု ဘုန်းဘုန်းကပြော၏။ သူကနှုတ်ခမ်းကိုစူပွပွလုပ်ရင်းမှ "ပြောင်းပါတယ်ဘုန်းဘုန်းရယ်၊ မုန့်လေပွေကင်သလားတောင်မှတ်ရပါတယ်၊ ဒီကြားထဲကမှညောင်းတာပါ" ဟုပြန်ပြောရာ အားလုံးပွဲကျလေတော့သည်။
ထိုည၊ ညတရားကား "တစ်ချက်ရှု့ပွားကျိုးတရား"ဟူသော ခေါင်းစဉ်ဖြင့် သောပါဏမထေရ်၏ ဘဝဇာတ်ကြောင်းဖြစ်လေသည်။ ဟောစဉ်တရားများကို ပုံသေscheduleနှင့်ကြိုတင် စဉ်စားထားသည်မဟုတ်ဘဲ ယောဂီများ၏လိုအပ်ချက် အခြေအနေနှင့် အပ်စပ်ကိုက်ညီအောင် ဟောလေ့ရှိခြင်းနေရာတွင်လည်း ဓမ္မဒူတဆရာတော်များ၏ ကျေးဇူးဂုဏ်ကို သူထုတ်ဖော်ပြလိုပါသည်။ ဘုန်းဘုန်းအရှင်ဆေကိန္ဒကတော့ "တရားကသူတို့မျက်နှာမြင်မှ ဘာဟောရမယ်ဆိုတာ ပေါ်ပေါ်လာတာပဲ" ဟုမကြာမကြာပြောတတ်ပါ၏။ ဆိုလိုသည်က အချိုးမပြေသောသူတို့မျက်နှာကြောင့် ပြောချင်တာတွေထွက်လာတတ်သည်ဟူလို။ ဓမ္မဒူတဆရာတော်များထဲတွင် ဆရာတော်ကြီးနှင့် ဘုန်းဘုန်းအရှင်ဆေကိန္ဒတို့ နှစ်ပါး၏ဆူပူကြိမ်းမောင်းမှုကို သူမြင်ဖူးကြားဖူးပါ၏။ ဆရာတော်ကြီးကတော့ ဆယ်တန်းတစ်နှစ်မှာသာ ညတရားလာလာနာဖူးသည်ဖြစ်၍ သူတိုက်ရိုက်အဆူမခံရစဖူး။ ဘုန်းဘုန်းအရှင်ဆေကိန္ဒ၏ အဆူကိုတော့သူကသုံးလေးခါထက်မနည်း ခံရဖူးလေသည်။ မိဘနှင့်ဝေးရာမှာ စီးပွားရေး၊ ဘာသာရေးတို့ဖြင့်သူ့ဘာသာနေလေ့ရှိသော၊ ဗျစ်တောက်ဗျစ်တောက်လုပ်ခြင်း၊ ဆူပူခြင်းအလျင်းမရှိတတ်သော အဖွား၏ရင်ခွင်မှာကြီးပျင်းရသောသူက ဘုန်းဘုန်းဆူတာခံရတိုင်း အားငယ်မိတတ်သော်လည်း အလွန်ဝမ်းသာကျေနပ်ရှိတတ်လေသည်တကား။
ဤသို့ဖြင့်သူတို့တူအရီး သူများလှူတာစားပြီး နေရသောထို(၇)ရက်တာအား သဒ္ဓါတရားလည်းပေါက်၊ အကြွေးတင်မှာလည်းကြောက်သောကြောင့် ထိုင်ထိုင်၊ သွားသွား၊ စားစား ဘာလုပ်လုပ်၊ ဘာပြောပြောတတ်စွမ်းသလောက် ကြိုးစားပမ်းစား သတိထားရှုမှတ်ခဲ့ကြပါသည်။ အတက်နေ့မနက်စောစောရောက်တော့ စင်္ကြန်လမ်းမှာနှစ်ဦးသား တရားမှတ်ရင်းဆုံကြရာ ကတိရှိထားသောသူက ပြန်ထွက်ပြီးရေဆော့မှာလားဟူ၍ မေးရပါတော့သည်။ သူ့အဒေါ်ကသူမမြင်ဖူးသော အပြုံးတစ်ခုကိုတည်ငြိမ် ကြည်လင်စွာပြုံးပြီး "မထွက်ချင်ပါဘူး။ နောက်နှစ်တွေမှာလည်း ဘယ်တော့မှရေဆော့ဖြစ်မှာ မဟုတ်တော့ပါဘူး။ ကုသိုလ်တွေနဲ့ပျော်တဲ့ အပျော်ဟာ၊ ဟိုအရင်က အပြစ်မကင်းတဲ့အပျော်တွေ၊ မတင်းတိမ်နိုင်တဲ့အပျော်တွေနဲ့ မနှိုင်းယှဉ်လောက်အောင် ပိုကောင်းပါတယ်။ တရားစခန်းပဲနှစ်တိုင်းဝင်ချင်တယ်။ ခုတောင် ၇ရက်ပြည့်လို့ပြန်ထွက်ရမှာ ဘာကိုဝန်လေးမှန်းမသိဘူး။ အပူအရှုပ်ထဲပြန်ဝင်ရမှာ မပျော်တော့ဘူး။" ဟုပြောပါသည်။ "နင်ဆော့ချင်လည်းထွက်ပါ၊ ငါ့ကိုတော့ခွင့်လွှတ်ပါ၊ တရားစခန်းပြီးအောင်ဝင်ပါရစေ" ဟုသူမနည်းစကားလုံးရှာထား၊ စာစီထားသောစကားများအစား သာဓု၊ သာဓု၊ သာဓုဟုသာ သူတုံ့ပြန်ခဲ့ရလေသည်။
သူသည်ထိုနှစ်သင်္ကြန်မှာပင် ဒီဘဝဗုဒ္ဓဘာသာကလွဲ၍ ဘယ်ဘာသာအဖြစ်သို့မှ ဘာအကြောင်းနှင့်မှ ပြောင်းဖြစ်မှာမဟုတ်ဟုသေချာသွားသည်။ ဘယ်လိုဆုံးရှုံးမှု၊ ပျက်ဆီးမှုမျိုးကြောင့်မှ သွက်သွက်ခါအောင် ရူးသောအဖြစ်၊ ကိုယ့်ကိုယ်ကိုသတ်သေသောအဖြစ်သို့ ဘယ်တော့မှရောက်တော့မည် မဟုတ်ဟုလည်းသေချာလှသည်။ ဒီတစ်သက်အိမ်ထောင်မပြုတော့ဘူး ဟူသောဆုံးဖြတ်ချက်ကို ခိုင်ခိုင်မာမာချနိုင်ခဲ့သည်။ အသက်လေးဆယ်မှာနောက်ဆုံးထား၍ သာသနာ့ဘောင်အပြီးဝင်မယ်၊ မိဘကစောစောခွင့်ပြုလျင်လည်း စောစောဝင်မယ်ဟု ရည်မှန်းချက်ရှိလာသည်။ စာရေးဆရာလုပ်မယ်ဟူ၍ သူအရင်ကရေးချင်ခဲ့သော စာမျိုးများ(အငှားဆိုင်မှအပျော်ဖတ်ဝတ္ထုများ) ကိုထိုအချိန်မှစ၍ ရေးချင်စိတ်မဆိုထားနှင့် ဖတ်ပင်မဖတ်ဖြစ်တော့။ အချိန်သည်ရွှေ၊ အချိန်သည်ငွေ.. အချိန်မဖြုန်းအပ်။ အချိန်ကုသိုလ်၊ အချိန်မဂ်ဖိုလ်.. အချိန်အသုံးတတ်ဟု အချိန်နှင့်ငွေ အသုံးနှင့်အဖြုန်းတွေကို နားလည်တတ်လာသည်။ ထိုသင်္ကြန်သည် သူလွမ်းရလောက်အောင် ထိုက်ထိုက်တန်တန် မြတ်နိုးဖွယ်ဖြစ်ခဲ့သည်။ ထိုတရားစခန်းသည် သူဘဝ၏လမ်းလွှဲတစ်ခု၊ သူ့ဘဝခရီး၏ လမ်းညွှန်စာအုပ်ဖြစ်ခဲ့သည်။ (ဆက်ပါမည်...အတက်နေ့လေးပိုင်းမြောက်မှာ အပြီးလွမ်းပါမည်... :P )

14 April 2011
သင်္ကြန်အလွမ်း(၂)
တကယ်တမ်းကျတော့ ပဲရေနှစ်ခါပွဖြစ်ရသည်။ ဆရာမရဲ့မေမေနေမကောင်းဖြစ်လိုက်၍ ဆရာမက ထိုနှစ်တရားစခန်းမဝင်ဖြစ်။ အကြိုနေ့မတိုင်ခင်နေ့၊ ညနေခင်းရဲ့ ခပ်စိမ်းစိမ်းနေရောင်ကျိုးတိုးကျဲတဲနှင့်အတူ သူတို့တူအရီးနှစ်ယောက်သာ ဓနုဖြူမြို့၊ ရွှေဂူကျောင်းတိုက်ကြီးသို့ အထုပ်ကလေးတွေပိုက်၊ အိပ်ယာလိပ်ကိုယ်စီဆွဲလို့ ယောင်လည်လည်နဲ့ ရောက်ခဲ့ရသည်။ အဲဒီတုန်းက တစ်ခါမှမမြင်ဖူးသောသူတို့ကို အပြေးကလေးဆီးကြိုသော အမျိုးသမီးယောဂီအဆောင်မှူး၏ အပြုံးကမူ ခုပြန်မြင်ယောင်မိချိန်ထိ နွေးထွေးနေဆဲ၊ လှိုက်လှဲနေဆဲ။ (ဆရာမကြီးဒေါ်လှရီဟု နောက်တော့နာမည်သိခွင့်၊ ရင်းနှီးခင်မင်ခွင့်ရသည်။) သူနှင့် သူ့ထက်အသက်တစ်နှစ်ကျော်ကျော်သာပိုကြီးသော အဒေါ်လုပ်သူတို့ ဤနေရာသို့ မည်သူ့အရှိန်အဝါမှမပါ၊ အသိတစ်ယောက်မှ မရှိဘဲ အစိမ်းသက်သက် ရောက်လာခဲ့ခြင်းသာဖြစ်သည်။
ဤနေရာကား သက်တော်ရှည် ရွှေဂူကျောင်းတိုက်ဆရာတော်ကြီးက မြေနေရာပေး၍၊ ရွှေဥဒေါင်းဒေါ်ခင်ကြည်က မျိုးစေ့ပေးကာ၊ ကျေးဇူးတော်ရှင် တောင်စွန်းဓမ္မဒူတဆရာတော် ဘုရားကြီးကဥယျာဉ်မှူးကြီးအဖြစ် ပျိုးထောင်ခဲ့သော အပူ၊ အညစ်၊ အပြစ်မသန်းဘဲ သစ်ဆန်းစင်ကြယ်စွာသော ရှူမငြီးစရာသွေးရောင်စုံစုံ၊ မွှေးရနံ့ထုံသော တရားဓမ္မပန်း၊ ကုသိုလ်ပန်း၊ မဂ်ဖိုလ်ပန်းတို့အမြဲမပြတ်ပွင့်လန်းရာ သာသနာ့ဥယျာဉ်ကြီးဖြစ်ပြီး နှစ်စဉ် ရဟန်းယောဂီ၊ သီလရှင်ယောဂီ၊ လူယောဂီ နှစ်ရာခန့် အမြိုက်အရသာသုံးဆောင်ရာ နေရာပင်တည်း။
အတော်အတန်ကြီးသော နှစ်ထပ်RC အမျိုးသမီးယောဂီဆောင် အပေါ်ထပ်တွင်နေရာပြည့်လုနီးပါး ခင်းထားပြီးရှိလေပြီ။ ထိုအပေါ်ထပ်ဘုရားကျောင်းဆောင်ရှေ့တွင် သီလရှင်အပါးနှစ်ဆယ်စာအတွက် နေရာယူထားသည်ကိုတွေ့ရသောကြောင့် သူအလွန်ပျော်ရွှင်သွားသည်။ သူ့ဘဝမှာသီလရှင်တစ်ကြိမ်မှ မဝတ်ဖူး၊ အနေမနီးဖူး၍လားမသိ၊ ခုလိုတူတူနေရမည်ကို အတော်စိတ်ဝင်စားမိလေသည်။ "သုခဝတီစာသင်တိုက်က ဒုလ္လဘသီလရှင်တွေပါ၊ မနက်ဖြန်မနက်စောစောမှ ရောက်လာကြမှာ"ဟု ဆရာမကြီးဒေါ်လှရီက ရှင်းပြသည်။ ဘုရားကျောင်းဆောင်တွင် ဘန်ကောက်လက်ရာ မြဘုရားတစ်ဆူ သီတင်းသုံးလျက်ရှိသည်ကို ဖူးတွေ့ရသည်။
"လက်အုပ်ကိုပင်ကြာငုံသွင်၊ အရင်ချီပါလေ။ နဖူးလက်မ ညှိုးဆံစ ထိရလက်အုပ်ပေ။ လက်ချ၊ ဒူးချ၊ တံတောင်ချ၊ နဖူးကျစေ ဦးချလေ။" ဟု သူကအသံနေအသံထားနှင့်ဆိုပြကာ အဒေါ်၏လက်အုပ်ကို ကြာငုံနဲ့မတူဘူး၊ ကြာစုတ်ကြာပြတ်နဲ့ တူနေတယ်၊ TVထဲမှာလည်းအဲ့တိုင်းပဲ၊ ဦးခင်ညွန့်တစ်ယောက်တည်း လက်အုပ်ကောင်းကောင်းချီတတ်တာ။ ရုပ်ရှင်မင်းသား၊ မင်းသမီးတော်တော်များများလည်း ဘုရားသေချာမရှိခိုးတတ်ဘူး" ဟုတခိခိရီရင်း ပြောင်ချော်ချော်ပြောရာ အဒေါ်ကစိတ်မဆိုးပေ။ "ပြီးတော့လေ သြကာသကန်တော့ချိုးကဟာ လက်စုံမိုး၍လား၊ လက်အုပ်မိုး၍လား ဘယ်ဟာအမှန်လဲ" ဟုမေးရာ အဒေါ်က "ဒီမယ်ဒီကိစ္စကတော့ လက်စုံမိုး၍ကအမှန် သေချာတယ်။ ဆရာမဒေါ်သူဇာ သာသနာရေးဝန်ကြီးဌာနထိ သွားမေးထားတာ" ဟုပြန်ဖြေရှာသည်။ "လက်အစုံမရှိတဲ့သူတွေအတွက် ထည့်မတွက်ထားဘူးနေမှာ၊ ငါကတော့လက်အုပ်ပဲကြိုက်တယ်" ဆိုတော့သူ့အဒေါ်က "ငါကတော့လက်အစုံရှိလို့ လက်စုံမိုး၍ပဲဆိုမယ်ဟယ်၊ သွားရအောင်ဓမ္မာရုံထဲကို" ဟုလောဆော်လေသည်။ အေးပါ နှစ်ခုပေါင်းပြီးမှ လက်စုတ်မိုး၍ လို့မဆိုရင်ပြီးတာပါပဲဟု သူကပြောရင်းမျက်နှာပိုးမသေစွာဖြင့် အဒေါ်နောက်ကလိုက်လေသည်။
သက်တမ်းကြီးရင့်လှပြီဖြစ်သော သစ်ကျောင်းဆောင်ကြီး၏ အောက်ထပ် ကျယ်လွင့်လွင့်ဓမ္မာရုံကြီးတွင် အသီးသီးနေရာယူကြပြီးသောအခါ ကြည်ညိုဖွယ်အသွင်ဆောင်ကာ ရင့်ကျက်သောအိနြေ္ဒဖြင့် ကမ္မဌာနာစရိယဆရာတော်ဘုရား ကြွရောက်လာခဲ့လေသည်။ ဆရာတော်မှပထမဦးစွာ တရားအားမထုတ်မှီ ရှေးဦးစွာပြုသင့်သော ပုဗ္ဗကိစ္စများနှင့် ပရိကံပြုခြင်း၏ အရေးကြီးပုံ၊အရေးပါပုံတို့ကို အသေးစိပ်ရှင်းပြလေသည်။ အမှန်တော့ ရွှေဂူတရားစခန်းကား ယခုကြွလာသောဆရာတော်တို့၏ ကျေးဇူးတော်ရှင် ဆရာသခင်ဖြစ်သူ တောင်စွန်းဓမ္မဒူတ ဆရာတော်ဘုရားကြီး၏ အဆုံးအမသြဝါဒများနှင့် နှစ်ရှည်လများကျင့်သားရနေသော ဝါရင့်တရားစခန်းကြီးဖြစ်ပြီး ယောဂီများမှာလည်း တရားပါးဝ၍ဝါရင့်လှလေပြီကို ဆရာတော်မသိမဟုတ်၊ သိလေသည်။ သူတို့လိုမျက်နှာစိမ်း၊ မျက်နှာသစ်လေးများကိုငဲ့ညှာကာ စိတ်ရှည်စွာအစမှ ပြန်စခဲ့ခြင်းဖြစ်ကြောင်း နှစ်အတန်ကြာမှ သူသဘောပေါက်မိကာ ဆရာတော်နှင့် ယောဂီဟောင်းများကို ကျေးဇူးတင်မဆုံးရှိရလေသည်။ [ပထမဆုံးတရားစခန်း အတွေ့အကြုံကို "နိဗ္ဗာန်ဝင်လမ်း(၇)ရက်စခန်း" ဟုခေါင်းစဉ်တပ်ကာ သူအသေးစိပ်ရေးထားသော စာစုလေးရှိဖူးသည်။ ဘယ်စာအုပ်တိုက်သို့မှ မပို့ဖြစ်ဘဲ သူ့စာအုပ်သေတ္တာ၏ တစ်နေရာရာတွင် ဆယ်စုနှစ်ချီ၍ကြာခဲ့လေပြီ။ ထို့ပြင်သူ၏ နှစ်စဉ်တရားမှတ်စုများ၊ အတွေ့အကြုံများ၊ အတွေးအကြံခံစားချက်များသည်လည်း "တရားမြည်းသူကြီး" ဟူသောခေါင်းစဉ်ဖြင့် ဤဘလော့၏ draft ထဲတွင် တိုးလို့တန်းလန်းရှိနေသည်မှာ နှစ်ပေါက်လေပြီ။ လာမည်၊ ကြာမည်... မမျှော်ကြပါရန်နှင်။့ ဤပို့စ်တွင်မူသူ့အား အနည်းငယ်မျှသာ၊ အပေါ်ယံလေးလျှပ်၍လွမ်းခွင့်ပြုစေလိုပါသည်။ ဤကား စကားပြား။]
သြကာသကန်တော့ချိုးတွေ အမျိုးမျိုးရှိတာ သူသိထားဖူးသည်။ မဟာစည်ရိပ်သာမှာကတော့ ဆုတောင်းမှာ မိစ္ဆာဒိဌိ ၆၂ပါး တို့ဘာတို့ပါသည်။ ထားဝယ်ဒေသကသြကာသကိုတော့ သူသိပ်မကြိုက်။ ယခုဓမ္မဒူတဆရာတော်ဘုရားကြီး၏ သြကာသကတစ်မျိုးထူးခြားသည်ကို တွေ့ရပြန်သည်။ "သြကာသ၊ သြကာသ၊ သြကာသ ကာယ၊ ဝစီ၊ မနောချီလျက် သုံးလီစေတနာ၊ လေးဖြာပဏာမ ပူဇနဖြင့် ဘုရားရတနာ၊ တရားရတနာ၊ သံဃာရတနာ ရတနာမြတ်သုံးပါး၊ မိဘနှစ်ပါး၊ ဆရာသမားတို့နှင့်တကွ ပြစ်မှားမိသူပုဂ္ဂိုလ်အပေါင်းတို့အား ဘုရားတပည့်တော် ရိုသေမြတ်နိုး လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့..."။ လေးဖြာပဏာမ ပူဇန ကိုသူခေါင်းစားသွားသည်။ (၁။ကိုယ်ဖြင့်ပူဇော်ခြင်း၊ ၂။နှုတ်ဖြင့်ပူဇော်ခြင်း၊ ၃။စိတ်ဖြင့်ပူဇော်ခြင်း၊ ၄။အကျင့်ဖြင့်ပူဇော်ခြင်း တို့ပင်တည်း။) ရတနာသုံးပါး မိဘဆရာများအပြင် ပြစ်မှားမိသူပုဂ္ဂိုလ်များကို ထည့်၍ကန်တော့ထားသည်ကို သူအလွန်သဘောကျသည်။ သူကဒေါသစရိုက်နှင့် ပြစ်မှားလွယ်သူတစ်ဦး ဖြစ်နေသောကြောင့်ပင်။
၈ပါးသီလပေးပြီးနောက် ဆရာတော်က ယောဂီတို့စိတ်ဟာ သီလနဲ့ ဆေးကြောပြီးလို့စင်ကြယ်နေပါပြီဟု ပြောလိုက်ရာ သူအလွန်ကျေနပ်သဘောခွေ့မိလေသည်။ ထို့နောက် မိမိဦးခေါင်းထက်သို့ ဘုရားပင့်ရသည်။ ခေါင်းထက်မှာဘုရားရှင် သီတင်းသုံးနေသည် ဟူသောအသိက သူ့စိတ်ကိုတစ်သက်လုံး မဖြစ်ဖူးမြဲထူးကဲသော ခံစားချက်များကိုဖြစ်စေသည်။ ဘုရားရှင်တော်မြတ် ငါ့ခေါင်းပေါ်မှာ ရှိနေတယ်၊ ငါပြုပြုသမျှ၊ ဖြစ်ဖြစ်သမျှ ကုသိုလ်အကျင့် ကုသိုလ်စိတ်နဲ့ ဘုရားကိုပူဇော်နေတာဖြစ်တယ်။ ငါမဟုတ်မတရား ပေါက်ပန်းလေးဆယ်တွေးရင်လည်း ဘုရားသိမှာ၊ ဘုရားသီတင်းသုံးရာ ငါ့ခေါင်းထဲက မဟုတ်တဲ့အကြံတွေမထွက်လာစေရဘူးစသဖြင့် ဘဝင်မြင့်ချင်သလိုလို၊ မဲတင်းနေမိသလိုလို ဘာလိုလိုကြီးခံစားနေရတာဖြစ်သည်။
ပြီးနောက်ခန္ဓာကိုယ်ကို စွန့်လှူရသည်၊ "...ဤခန္ဓာကိုယ်အတ္တဘောကို အလိုတော်ရှိသလိုဆုံးမတော်မူနိုင်ပါစေခြင်း အကျိုးငှာ စွန့်လှူတန်းပါ၏... "။ တစ်သက်တာတွင် ပထမဆုံးအကြိမ်အဖြစ် အသက်နှင့်ခန္ဓာကို သာသနာအတွက်အပ်နှံ လှူတန်းဖူးလေပြီတကား။ ပြီးနောက်မှာ ကမ္မဌာန်းတောင်းရသည်။ "သံသရာဝဋ်ဆင်းရဲမှ လျင်မြန်စွာကျွတ်လွတ်ပါရစေခြင်း အကျိုးငှာ သမထ၊ ဝိပဿနာ ဘာဝနာကမ္မဌာန်းကို ပေးသနားတော်မူကြပါကုန်၊ အရှင်မြတ်တို့ဘုရား" ဟူ၏။ သံသရာဝဋ်ဆင်းရဲ ဟူသောစကားက နားတွင်းမှာပဲ့တင်ထပ်နေခဲ့သည်။ ထို့နောက်တရားအားထုတ်ရာတွင် အနှောက်အယှက်၊ အန္တရယ်ကင်းရန်နှင့် စိတ်အေးချမ်းမှုသမာဓိမြန်မြန်ရရန် မေတ္တာပွားရသည်။
စာသင်ကျောင်းမှာ ဆရာမတစ်ယောက်ယောက်က စာခေါ်ခိုင်းပြီးအတန်းကိုပြစ်ထားခဲ့လျင် သူပြောနေကျစကားက "ဆရာမတော့အလုပ်ပေးတရား ဟောသွားပြန်ပြီ"ဟူ၏။ အခုတော့ အလုပ်ပေးတရားစစ်စစ်ကို သူတွေ့ကြုံနာကြားခွင့်ရပေပြီ။ ထိုညကဆရာတော်ဘုရားက သတိပဋ္ဌာန်လေးပါး အလုပ်ပေးတရားကို ရှင်းလင်းဟောကြားပေးသည်။ ၁။ ကာယာနုပဿနာ သတိပဋ္ဌာန်၊ ၂။ စိတ္တာနုပဿနာ သတိပဋ္ဌာန်၊ ၃။ ဝေဒနာနုပဿနာသတိပဋ္ဌာန်၊ ၄။ ဓမ္မာနုပဿနာ သတိပဋ္ဌာန် တို့ပင်တည်း။ ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မ တို့၏ ရှင်းလင်းသောအဓိပ္ပာယ်နှင့် အသေးစိပ်သတိကပ် ရှုမှတ်ပုံတို့ကို ဆရာတော်ဘုရားသင်ပြပေးသွားသည်။ ရုပ်တရား နှင့်နာမ်တရားအကြောင်းရှင်းပြသွားသည်။ သုတမယ (ကြားနာသိ၊ သင်ယူသိ)၊ စိန္တာမယ(ကြံတွေးသိ)၊ ဘာဝနာမယ(ဘာဝနာအသိ တကယ့်လက်တွေ့ညဏ်မြင် အသိ) တို့အကြောင်း ပြောပြ၍ထိုညဏ်၃မျိုး ဆည်းပူးရန်တိုက်တွန်းသွားသည်။ တကယ့်အလုပ်ပေးတရားပါပေ။ ထိုတရားနာပြီးကတည်းက ထိုင်ရင်း၊ ရပ်ရင်း၊ သွားရင်း၊ လှဲရင်း ဘာလုပ်လုပ်၊ ဘယ်သွားသွား သူ့စိတ်ကမအားလပ်တော့ပါပေ။ ဒါရုပ်လား၊ နာမ်လား၊ ဆရာတော်လုပ်ခိုင်းတာဒီလိုလား၊ ဒီလိုလေးသိလိုက်ရမှာလား စသဖြင့်သူ့စိတ်နှင့် သူ့ကိုယ်မှာဖြစ်သမျှ စိတ်ဝင်စားကာ အလုပ်ရှုပ်၍သာနေတော့၏။
လောကတွင် ရှားရှားပါးပါး သူကြောက်သောအရာများကို ပြပါဆိုလာလျင် အိပ်ယာစောစောထရခြင်းကို ရှေ့ဆုံးကပြမိမည်ဖြစ်သည်။ အိပ်ယာပြောင်းလျင် အိပ်မပျော်တတ်သောကြောင့် မနက်လေးနာရီထရန်အရေး သူဝန်လေးလှသည်။ တံခါးဝနားနေရာဖြစ်၍လည်း အအိပ်ဆတ်သောသူက တစ်ယောက်ယောက်ထ၍ အခင်းသွားတိုင်းနိုးတတ်သေးသည်။ သူဘယ်လိုဖြစ်နေနေ အချိန်ကတော့သူ့ကို ဂရုမစိုက်ဘဲတချက်ချက် ကုန်လွန်သွားနေခဲ့သည်။ အုန်းမောင်းသံသဲ့သဲ့...အိပ်မက်လားတကယ်လား၊ ငါဘယ်များရောက်နေတာပါလိမ့်။ "ယောဂီနွယ်ဝင် အို.. သူတော်စင်အပေါင်းတို့၊ မောဟပိတ်ဆီးးအိပ်ကြီးအိပ်ခဲ့ကြ၍ ခရီးရှည်ကြာသံသရာမှာ ဖန်ခါခါနစ်မြုပ်မျောခဲ့လို့ အမောကြီးမောခဲ့ရလေပြီ။" ချိုမြန်သာယာနာပျော်ဖွယ်အသံပါပေ။ (အဆိုတော်ဒေါ်တင်တင်မြ၏ အသံဟု နောက်သိရလေသည်။) ဆက်မှိန်းမယ်ကြံကာမှ မောဟပိတ်ဆီး လို့မျောခဲ့မောခဲ့တာတွေပါလာသောအခါ သူမမှိန်းဖြစ်တော့ဘဲဆက်နားထောင်နေမိသည်။ "ယခုအခါ... ဇမ္ဗူကျွန်းမြတ်တောင်လက်ယာမှာ တရားတော်နေမင်း မောဟအမှောင်ဖျက်ဖြိုခွင်းနိုင်ဖို့ ထိန်လင်းစွာပေါ်ထွက်လာပြီဖြစ်ပါ၍... ဝပ်ကျင်းမှထ၊ ပျင်းရိငိုက်မြည်းမှုတွေဖယ်ခွာချလျက် တရားဓမ္မတွေကျင့်ယူသုံးကြရန် ဘာဝနာဥာဏ်တစ်လီ စ,ကြရအောင် ထတော်မူကြကုန်လော့"။
သူကဒီတစ်ခါပဲ ဒီလောက်စောစောမှာ ကျေကျေနပ်နပ် ပြုံးပြုံးရွှင်ရွှင်အိပ်ယာထဖူးလေသည်။ အကျင့်မရှိသေးတော့ ဆရာတော်အလုပ်ပေးထားတာမေ့၍ စောင်ကိုသတိအမှတ်မပါဘဲ ခေါက်ထည့်လိုက်သည်။ ကတ်ဆက်က အသံချိုချိုလေးပေါ်လာပြန်သည်။ "ယောဂီနွယ်ဝင် အို သူတော်စင်အပေါင်းတို့၊ မောဟပယ်ချိုး အိပ်ယာကနိုးကြသလို၊ ကောင်းကျိုးတွေထွက်ပေါ်လာရန် ရုပ်နှင့်နာမ်တို့ကို စေတနာသဒ္ဓါဟုန်ပြင်းပြင်းနှင့် သတိသမ္ပဇဉ်သွင်းကာ ညင်ညင်သာသာဖြင့် ရှူ့ပွားတော်မူကြပါကုန်လော့"။ အကွက်စေ့လှပါပေတကား။ သူမျက်နှာသစ်၊ သွားတိုက်အိမ်သာဝင် ကိစ္စတိုင်းကို သတိအမှတ်ဖြင့်လုပ်ရတော့သည်။ တကယ်လုပ်တော့မလွယ်လှ။ ဘာကိုဖြစ်ဖြစ်ခဏသာ စိတ်ဝင်စားတတ်သောသူက ကာယ၊ ဝေဒနာ၊ စိတ္တ၊ ဓမ္မတို့ကို သတိထားနေဖို့ ရေရေလည်လည် အားစိုက်ရတော့သည်။ ဒါကြောင့်ညဏ်ကြီးလှသော ဓမ္မဒူတဆရာတော်ဘုရားကြီးက အိပ်ယာနှိုးရန်၊ တရားထိုင်ရန်၊ တရားနာရန်၊ ဆွမ်းစားရန်အတွက် ယောဂီနွယ်ဝင်... ဟူသောလင်္ကာပိုဒ်လေးတွင် သက်ဆိုင်ရာသတိပေးတိုက်တွန်းများထည့်ကာ စီစဉ်ထားခဲ့ခြင်းဖြစ်ပေမည်။ ဥပမာ.. ဆွမ်းစားပင့်လင်္ကာလေးတွင် ခြေလက်အိနြေ္ဒြိငိမ်သက်စေ၍ သတိသမ္ပဇဉ်ညဏ်ယှည်၍ ကြွလာပါရန်အပြင် အစားအစာနှင့်ပတ်သတ်၍ "ရုပ်နာမ်ဓာတ်ပြိုပျက်ထင်ပြီ၊ တဏှာမဝင်အနိစ္စထင်အောင် ညဏ်ယှဉ်မှတ်လျက် ဓာတ်ပရမတ်နှင့် ခွဲခွဲပြီးမှီဝဲသုံးဆောင်တော်မူနိုင်ကြစေကုန်" ဟုဆိုထားလေသည်။
နောက်နေ့မနက်တွေမှာ ကတ်ဆက်ကနှိုးတာကို သူမစောင့်တော့။ သုံးနာရီခွဲထ၍ အမျိုးသမီးယောဂီတစ်ရာအတွက် ရှိရှိသမျှခြောက်လုံးတည်းသောအိမ်သာများကို တိုက်ချွတ်ဆေးကြော၊ ရေဖြည့်ခြင်းအလုပ်ကို လုံချည်တိုတိုဝတ်ကာ သတိအမှတ်တွေကပ်၍ တစ်ယောက်တည်းလုပ်တော့သည်။ လေးနာရီမှာ သူရေချိုးရန်အဆင်သင့်ရှိလေပြီ။ သိပ်တော့မဟန်ပါ၊ လေးနာရီခွဲမှ ငါးနာရီခွဲထိ တစ်နာရီအထိုင်ချိန်တွင် သူပက်ပက်စက်စက်ငိုက်လေသည်။ ဘာမှထမလုပ်လည်း ထိုအချိန်ကသူအမြဲငိုက်ချိန်ဖြစ်ပါသည်။ နောက်ပိုင်းဆရာတော်က ကိုယ်စောင့်ကမ္မဋ္ဌာန်းလေးပါး (၁။ ဗုဒ္ဓါနုဿတိ၊ ၂။ မေတ္တာဘာဝနာ၊ ၃။ မရဏာနုဿတိ နှင့် ၄။ အသုဘကမ္မဋ္ဌာန်း တို့ကိုသင်ပေးပြီးသောအခါမှ ထိုမနက်စောစောတရားထိုင်ချိန်တွင် သူဂုဏ်တော်ပွားခြင်းစသည် ထိုလေးမျိုးကျေးဇူးနှင့် အိပ်ပျော်ပျော်သွားခြင်းဘေးမှ ကင်းဝေးရတော့သည်။ အာနာပါနကမ္မဋ္ဌာန်းကား သူအကြိုက်ဆုံးကမ္မဋ္ဌာန်းဖြစ်လေသည်။ ငါးချက်ပြည့်အောင်မရှုရ၊ ခလောခလောဈာန်ရတော့သည်။ နောက်ပိုင်းယောဂီသက်ရင့်လာချိန် သူအိပ်ရန်လိုအပ်သည်ထင်တိုင်း ထိုအထိုင်ချိန်တွင် အိပ်ရေးဝအောင်ငုတ်တုတ်ကြီးအိပ်လေသည်။ (ယခုရုံးတွင် နေ့ခင်းစာစားပြီးတိုင်း ဟန်မပျက်တစ်ရေးရတတ်ခြင်းကား ထိုတရားစခန်း၏ကျေးဇူးများအနက် တစ်ခုပါပေ။)
တရားစခန်းတွင် ဘုရားပန်အလှူ၊ ရေအလှူ၊ မီးအလှူ၊ တရားစာအုပ်အလှူ၊ ဓမ္မပူဇာအလှူ၊ ဆေးပစ္စည်းအလှူ၊ သိမ်ပြင်ရန်အလှူ၊ ရေကန်ဟောင်းပြန်ဖော်ခြင်းအလှူ၊ သိမ်ဆင်းသံဃာများအား အဆင်ပြေရာရာများလောင်းလှူသောအလှူ၊ သက်ကြီးပူဇော်ပွဲအလှူ၊ ဇီဝိတဒါနအသက်လွှတ်အလှူများ၊ ဘက်စုံအလှူများအပြင် ညနေတစ်ခင်းစာဖျော်ရည်အလှူတို့ကို အလှူရေစက်လက်နှင့်မကွာဆိုသလို ပြုဖြစ်လေသည်။ ထိုတရားစခန်းအတွက် ဆွမ်းအလှူသည် တစ်နှစ်ကြိုတင်စာရင်းပေးမှ လှူခွင့်ရရှိနိုင်တာဖြစ်၏။ တစ်လခန့်ကြိုထွက်သော တရားစခန်းဖိတ်စာတွင် အလှူရှင်စာရင်းက ပါပြီးသားဖြစ်လေသည်။ သူဆွမ်းလှူချင်နေမှန်းသိသော တရားစခန်းတာဝန်ခံများနှင် ဆွမ်းအလှူရှင်များက ဆွမ်းကပ်ချိန်တိုင်းသူ့အားလာခေါ်ကာ သူတို့နှင့်အတူဆွမ်းကပ်စေသည်။ ရှေ့နှစ်များတွင်တော့ သူတို့မိသားစုအမည်နှင့် ဆွမ်းပါလှူခွင့်ရလေသည်။ ရပ်ဝေးယောဂီများအတွက် ခရီးစရိတ်၊ မျက်နှာသုတ်၊ ချွေးသုတ်၊ ဆေးဝါးအမျိုးမျိုး၊ သောက်ရေအိုး၊ သောက်ရေခွက်၊ ရေပုံး၊ ရေဖလားများ၊ တံမြက်စည်း၊ လက်သုပ်တစ်ရှူး၊ အိုးတိုက်စပါမကျန်သူမလှူဖူးတာ မရှိတော့ဘူးတောင်ထင်ရလောက်သည်။ လက်ပွေ့ကာလှည့်လည်ရောင်းသော စံပါယ်ပန်းသယ်ကို ညနေတိုင်းဒီကိုလာပါဟု အော်ဒါမှာကာ ဆရာတော်တရားဟောရာ ဓမ္မပလ္လင်ကိုစံပါယ်ကုံးတွေ တိုးလို့တွဲလောင်းနှင့် သူ့စိတ်တိုင်းကျပြင်ဆင်တော့လည်း တာဝန်ရှိသူများနှင့် ယောဂီကြီးများကား သဘောကျမဆုံး တပြုံးပြုံးရှိကြသည်။ လှူရတာအရမ်းကို ပျော်စရာကောင်းသည်ဟု ဒါန၏အရသာကို ထိုသင်္ကြန်မှာသူစသိရသည်။
အိမ်သာဆေးရေဖြည့်ခြင်းများအပြင်၊ ရေစင်များဆေးခြင်း၊ သောက်ရေအိုးများဖြည့်ခြင်း၊ ဘုရားပန်းလဲခြင်း၊ စင်္ကြံလမ်းများတံမြက်လှဲခြင်းများအပြင် ဆွမ်းစားဆောင်ထိဝင်ရောက် စွက်ဖက်သည်အထိပင်အတင့်ရဲခဲ့လေသည်။ အိမ်သာဘက်သွားရင်းက "နေ့ဆွမ်းချိန်နီးပြီ ဒီအာလူးတွေအများကြီး ဘယ်လိုပြီးပါ့မလဲ" ဟုညည်းလိုက်သောအသံကြား၍ သတိမပြတ်ရှိသလိုလို ဂိုက်ပေးကာအာလူးဝင်ခွာခြင်း။ မနက်နှစ်ချက်တီးကတည်းက အိပ်ယာထ၍လုပ်ကြကိုင်ကြရသော ဝေယျာဝစ္စများပန်းကန်သုတ်ရင်း အိပ်ပျော်နေတာမြင်၍ ပန်းကန်ဝင်သုတ်ခြင်း။ နောက်ပိုင်းတွင်နေ့ဆွမ်းစားပြီး တစ်နာခွဲခန့်အနားယူချိန်တွင် အပေါ်ထပ်မိမိနေရာသို့လုံးဝပြန်မသွားတော့ဘဲ ဆွမ်းစားဆောင်တံမြက်လှည်းခြင်း၊ ရေနွေးအကြမ်းပန်ကန်လုံးနှင့် ရေနွေးအိုးများဆေးခြင်းနှင့် အလှူရှင်များအတွက်ကျသင့်ငွေ စာရင်းရှင်းတမ်းရေးခြင်းတို့ကို သူအပြတ်တာဝန်ယူလိုက်လေသည်။) ဝေယျာဝစ္စဟူသည် သီလကုသိုလ်တည်း။ အဒေါ်နှင့်ပင်အကြောင်းမရှိဘဲ စကားမပြောဖြစ်ခြင်း၊ မွန်းလွဲသွားလျင် သကြားလုံးဝေး၍ လ္ဘက်ခြောက်ပါသောရေနွေးကြမ်းပင် မသောက်တော့ခြင်း စသည်များကြောင့် သူ့သီလကိုသူကျေနပ်လှသည်။ သီလနှင့်လည်းအပျော်ကြီး ပျော်မိနေလေပြီတည်း။ (ဆက်ပါမည်...)

13 April 2011
သင်္ကြန်အလွမ်း (၁)
သင်္ကြန်အကြိုနေ့သို့ရောက်ပြန်ပေါ့....
သူ (၁၁) နှစ်တိုင်တိုင် တစ်နှစ်မပျက်ဝင်ဖြစ်ခဲ့သော ရွှေဂူကျောင်းတိုက် သင်္ကြန်တရားစခန်းပွဲကြီးလည်း မနေ့ညကစတင်နေပြီ။ မရောက်ဖြစ်တာ (၃)နှစ်ကြာသည့်တိုင်အောင် ထိုတရားစခန်းပွဲက သူ့ကိုသတိတယ အောက့်မေ့နေကြမှာ သူသေချာလှသည်။ သူလည်းပဲညက တရားစခန်းသွားဝင်မည့် သူ့ဆရာမထံ မှတ်မှတ်ရရဖုန်းဆက်ဖြစ်လေသည်။
၁၉၉၈ကဖြစ်သည်။ ဘာသာစုံရမှတ် ပျမ်းမျှ ရှစ်ဆယ်ကျော်နှင့် တက္ကသိုလ်ဝင်ခွင့်ကို စောင့်နေသောသူဖြစ်၍ လိုအပ်တာထက်ပို၍ မြောက်ကြွကြွဖြစ်နေသော အဲ့ဒီနှစ်က။ သူလုပ်ချင်တာမှန်သမျှ သူ့မိဘကလိုက်လျောချင်နေချိန်လည်းဖြစ်သည်။ ထိုနှစ်သင်္ကြန်ကို အပြတ်အသတ်ကဲရန် ရည်ရွယ်ချက်ဖြင့် တနင်္သာရီရိုးမကနေ ကားဖြင့်နှစ်ရက်ခရီးကို တစ်ယောက်တည်းနှင်ခဲ့သည်။ ရန်ကုန်မှာတစ်ညဝင်အိပ်ကာ ရှော့ပင်းထွက်သေးသည်။ နေကာမျက်မှန်တစ်လက်၊ ဘောင်းဘီတိုဘောင်းဘီရှည်များနှင့် ရေကစားရန် body spray တို့အဓိကဝယ်ဖြစ်သည်။ အကြိုနှင့်အကျကို ဓနုဖြူကအဒေါ်တွေ သူငယ်ချင်းတွေနှင့်ကဲမည်။
ဓနုဖြူမှာက ဆယ်တန်းတစ်နှစ်စာသူငယ်ချင်းများနှင့် ပြန်ဆုံကာစက်ဘီးတွေနှင့် မဏ္ဍပ်တစ်ကာလည်ရမည်။ သူစိတ်အဝင်စားဆုံးကတော့ သူ့အတန်းပိုင်ဆရာမကို ရေလောင်းချင်တာဖြစ်သည်။ အကျနေ့မှာဆရာမကိုရေလောင်းပြီး လည်ပတ်ပြီးရင် ညောင်တုန်းကိုကူးရမည်။
ညောင်တုန်းဆိုတာက ပန်းလှိုင်မြစ်ကမ်းပေါ်က သူမွေးဖွားကြီးပြင်းရာမြို့။ သူ့အချစ်ဆုံးမြို့။ အဲ့ဒီအချိန်တုန်းက (သူ့စိတ်ထင်)ညောင်တုန်းက ဓနုဖြူထက်ပိုစည်သည်။ ရန်ကုန်နှင့်ပိုနီးသည်။ ပုသိမ်၊ ချောင်းသာ၊ ဟင်္သာတ၊ အိမ်မဲ၊ ဇလွန်၊ ကျောင်းကုန်း၊ ဂွ စသည့်မြို့များများသို့ သွားသောကားကြီးကားငယ်အသွယ်သွယ်တို့ ဇက်ဖြင့်ကူးရန်အတွက် ခရီးတစ်ထောက်နားနေရာမြို့။ ငါး၊ပုဇွန်၊ သီးနှံစားပင်တို့ အလျံပယ်ပေါများသောမြို့။ သာသနာရောင်ဝါလင်း၍ ရွှေဟင်္သာတောရပါဠိတက္ကသိုလ် ရှိရာမြို့။ ထိုမြို့မှာ သူ့ဦးလေးများ၊ အဒေါ်များက ကိုယ်ပိုင်တီးဝိုင်းထောင်ထားသော rocker များဖြစ်ကြသတတ်။ ညောင်တုန်းဈေးတွင် အထည်ဆိုင်၃ဆိုင်ရှိသော သူ့အဖိုးအဖွားကလည်း ထိုခေတ်က ဗုဒ္ဓဂယာစသည် နိုင်ငံခြားခရီးများ ရောက်ဖူးသော၊ အလှူအတန်းရက်ရောသော စူပါစတားများဖြစ်ကြသတတ်။ အဖွား၏အချစ်ဆုံးမြေးဖြစ်သော၊ မိဘနှင့်လည်းအတူနေရလေ့မရှိသော သူကတော့ ဂျစ်ကန်ကန်ပေစုတ်စုတ်နှင့် ဘယ်ခွေးမှလူမထင်သူ၊ ဘာတစ်ခုကမှ မကြောက်တတ်၊ မရွံ့တတ်၊ ဂရုမစိုက်တတ်သူဖြစ်ခဲ့သည် ဟူသတတ်။
မြို့လည်ခေါင် လမ်းဆုံလမ်းဝက သူတို့နေထိုင်ရာအိမ်ရှေ့မှာ အဖိုးကနှစ်တိုင်း မဏ္ဍပ်ထိုးပေးမြဲ။ ဟိုဘက်ကပ်လျက်လမ်းမှာ ဗဟိုမဏ္ဍပ်ဖြစ်၍ အင်မတန်စည်ကား အသွားအလာများသောနေရာဖြစ်သည်။ အဖိုးဆင်ပေးသော ရေပိုက်များနှင့် လာသမျှတွေ့သမျှ အရူးပင်ချမ်းသာမပေး (အိမ်မှရေတွင်းနှင့် ရေတင်သောမော်တာကို ဆန့်ငင်ဆန့်ငင်ဖြစ်သည်အထိ) သူတို့ရေပက်ကြသည်။ အဖွဲ့ကတောင့်သည် မောင်နှမတစ်ဝမ်းကွဲချည်း တစ်ဒါဇင်ရှိသည်။ အပျိုလူပျို ဦးလေးအဒေါ်များနှင့် သူတို့သူငယ်ချင်းများ၊ ကိုယ်တို့သူငယ်ချင်းများနှင့် ထိုမဏ္ဍပ်ကားအချိန်ပြည့် လူစည်ကားလှ၏။ နေ့ခင်းထမင်းစားပြီး တရေးအိပ်ချိန်သာ သူတို့နားကြသည်။ တရေးကတော့ မအိပ်လို့မဖြစ်၊ ညလုံးပေါက်အောင် အကအလှမဏ္ဍပ်များနှင့် တီးဝိုင်းစတိတ်ရှိုးများက နှိပ်စက်ထားသည်လေ။ မဏ္ဍပ်ထိုးပေးထားသဖြင့် ကိုယ့်အိမ်ရှေ့မျက်စိရှေ့မှာ စိတ်ချရသည်ဟုများ ထိုစဉ်က အဖိုးမျှော်လင့်ချက်ထားရှိသလား သူခုမှတွေးမိရသည်။ သူတို့ကတော့ ဂျစ်ကားငှားပြီး အမိုးဖွင့်လည်သည်။ မြို့အနှံ့လည်လို့အားရသည်မထင်လိုက်ပါနှင့်။ ဆံပင်တွေဆေးဆိုးသူဆိုး၊ ကတုံးလေးကွက်ကြားရိတ်သူကရိတ်ပြီး သရုပ်ပျက်ဒီဇိုင်းပေါင်းစုံနှင့် ရန်ကုန်ထိတက်လည်ကြသည်။ အချမ်းပြေဟုဆိုကာ ဘီယာလေးမော့လိုက်၊ ဦးလေးတွေလက်က စီးကရက်လေးသွားဆွဲကာ ဖွာလိုက်နှင့် အတော်ကြီးအလုပ်ဖြစ်သည်။ သူတို့အဖွဲ့ ဘယ်လောက်အမြင်ကပ်စရာကောင်းသလဲတော့ သူမသိ။ အရှိုက်တည့်တည့်ကို ရေထုပ်တစ်လုံးမှန်ဖူးလေရာ အသက်တစ်ရှူ၏တန်ဖိုးကိုတော့ သူနားလည်ဖူးသည်။ သို့သော်အကြောက်အလန့် အမှတ်သညာရှိသည်ဟု မထင်လိုက်ပါလေနှင့်။ ဦးလေးတွေအဒေါ်တွေကို မပြောဘဲအံကြိတ်၍ခံခဲ့သည်သာ။
သင်္ကြန်သုံးရက်ရှိလည်း ပျော်လို့မဝ၊ လေးရက်ကျတဲ့နှစ်လည်း ပျော်ရတာမလောက်။ သင်္ကြန်အတက်နေ့ ညအိမ်ပြန်ကပ်ပြီဆိုတာနဲ့ နောက်နှစ်သင်္ကြန်ကိုမျော်တော့သည်။ နွေရာသီကျောင်းပိတ်လို့ တူးပို့တူးပို့သီချင်းတွေ စဖွင့်ကြပြီဆိုတာနဲ့ အမြီးတနံ့နံ့နှင့် သွေးဆူကာမြူးတော့သည်။ ခုလည်းမိဘတွေတာဝန်ကျရာ တနင်္သာရီကနေ ဧရာဝတီသို့သူအရောက်ပြန်သည်။ ဓနုဖြူမှာတစ်ရက်သာနေပြီး ညောင်တုန်းကိုကူးမည်ဟု သူစီစဉ်ထားသည်။ မဖြစ်မနေကူးသွားရမည့်အကြောင်းလည်း ရှိသေးသည်။ ညောင်တုန်းမှာက သူတစ်ဖက်သတ်ကြိတ်၍ အပြတ်အသတ်ကြိုက်နေသော အစ်ကိုကြီးတစ်ယောက်ရှိသည်။ သူ့ဦးလေးအငယ်ဆုံး၏ သူငယ်ချင်း၊ သူ့အရင်းနှီးဆုံးသူငယ်ချင်း၏ ဦးလေးဖြစ်သည်။ သင်္ကြန်တိုင်းမှာ သူကလမ်းကြုံလိုလို၊ မတော်တဆလိုလိုအိုက်တင်လုပ်ကာ ထိုအစ်ကိုကြီးကို ငွေဖလားတွင်ရေမွှေးဆွတ်၍ ရေခဲတုံးခပ်သေးသေးထည့်ကာ မဖြစ်မနေ၊ လမ်းမကြုံကြုံအောင်လုပ်ကာ ရေလောင်းတတ်မြဲဖြစ်သည်။ လူသူမသိအောင် ရင်ခုန်ရတာတော်တော် အရသာရှိသည်တကား။ [ရေးရင်းက အစ်ကိုကြီး၏ သဘောကောင်းလှသော မျက်ဝန်းညိုညိုများကို သူလွမ်းမိလေသည်။ အိမ်ထောင်ပြုသည်ဟုလည်း အသံမကြားရ၊ လူပျိုကြီးဘဝနှင့်များ အရိုးထုတ်လေသလားမသိ။ ခုလောက်ဆိုအဖိုးကြီး ဖြစ်ရောပေါ့။] သူပြန်ရောက်နေသည်ဆိုကတည်းက သူ့သူငယ်ချင်းတွေနှင့် အဒေါ်တွေဝမ်းသာပျော်ရွှင်လျက်လည်း ရှိကြသည်။ ပက်ပက်စက်စက် သောင်းကျန်းလိုက်မည်ဟု သူအားခဲထားခဲ့သည်။ သို့သော်.... အဲ့ဒီနှစ်က သူ... ခဲလေသမျှ...ပဲရေပွဖြစ်သွားခဲ့ရသည်ဟူသတတ်။ (အရီးထောင်ပဲရေပွကြော်ကတော့ အတော်စားကောင်းလေသည်... အခမဲ့ကြော်ငြာထည့်ပေးခြင်း)
သင်္ကြန်နားနီး တစ်ပတ်ခန့်အလိုမှာ သူရယ်၊ သူ့အဒေါ်အငယ်ဆုံးရယ်၊ သူငယ်ချင်းခိုင်ဇာမွန်ရယ်၊ သူတို့သုံးယောက်လုံးရဲ့ အတန်းပိုင်ဆရာမရယ် အအေးဆိုင်တစ်ဆိုင်မှာ ထိုင်ဖြစ်ခဲ့ကြသည်။ ဆရာမက အအေးပုလင်းကိုကိုင်ရင်း အေးတာကို အေးမှန်း၊ မာတာကိုမာမှန်းသိလိုက်ရင် ဝိပဿနာ တရားအားထုတ်တယ်ခေါ်တယ်ဟု ပြောသည်။ အလိုလိုက်ခံထားရသော သူက ချစ်တာကိုချစ်မှန်းသိရင်ရောဟု အတည်ပေါက်ပြန်မေးသည်။ "တရားပဲပေါ့သမီးရယ်၊ ဓမ္မဒူတဆရာတော်ကြီးက ဝိပသနာတရားက လင်းမယားတူတူနေချိန်မှာတောင် ရှုမှတ်အားထုတ်တတ်ရင် ရတယ်လို့ဆိုထားတာပဲ"ဟု ခွင့်လွှတ်ပြုံးလေးနှင့်ဖြေလေသည်။ ဝိပဿနာကိုသူစိတ်မဝင်စား၊ သူစိတ်ဝင်စားတာလေး သူမေးမိသည်... "အမေ... သင်္ကြန်ရက် ရန်ကုန်မသွားဘူးမဟုတ်လား၊ အိမ်မှာပဲရှိမယ်မဟုတ်လား" ဟု။ ဆရာမက ငါတရားစခန်းဝင်မလို့ဟု ပြောလေရာ သူကမဆိုင်းမတွ သမီးလည်းတရားစခန်းဝင်ချင်တယ်ဟု ပြောထည့်လိုက်သည်။
အဒေါ်ကနောက်ကနေ ဆိတ်ဆွဲသည်၊ သူမသိချင်ယောင်ဆောင်ကာ ဆရာမကို တရားစခန်းဘယ်လို ဝင်ရမှာလဲဆက်မေးပြီး ဝင်မည်ဟုအတည်ပြုလေသည်။ ပြောခဲ့သည့်အတိုင်းပါပေ၊ တရားစခန်းဘယ်လောက် ကြောက်ဖို့ကောင်းသည်ဆိုတာ သူစိတ်မဝင်စား။ အပြောကောင်းလှသော၊ သူမကြုံဖူးသော အမူအကျင့် အတွေးအမြင်များကို ပိုင်ဆိုင်ထားသော၊ သူအလွန်စိတ်ဝင်စားသော ထိုဆရာမနားကပ်နေခွင့်ရမည့် ထို(၇)ရက်ကိုသာ သူဓာတ်ကျလိုက်မိလေသည်။ သူ့အဒေါ်က "အတက်နေ့တစ်ရက်တော့ ငါတို့ပြန်ထွက်ဆော့မယ်ဟာနော်.." ဟုပြောရာ သူကအင်တင်တင်လုပ်ပြီး ခေါင်းညိမ့်ကတိပြုသည်။ ခိုင်ဇာမွန်ကတော့ အားပေးရှာသည်... " မင်းမင်း၊ ငါတော့မဝင်ဘူးဟာနော်၊ အိခိုင်တို့ဟိုတလောက တရားစခန်းဝင်တာလေ မလှုပ်ရမကုတ်ရနဲ့ ညောင်းလွန်းလို့ ဓာတ်ဗူးကြီးစောင်ခြုံပေးခဲ့ပြီး ဘာမှမယူပဲအိမ်ပြန်ပြေးလာရဆိုလား၊ ကြောက်စရာကြီး" ဟူ၏။ သူကချာလီချက်ပလင်အပြုံးနှင့် ပုခုံးတွန့်ပြလိုက်သည်။ (ဆက်ပါမည်...)

07 April 2011
သူငယ်ချင်းနဲ့ chat ဖြစ်တာလေးတွေ (၆)
မိုး: မိုးကို တခုကူညီပါဦး၏
အလုပ်များနေလားဟင်
me: ဟမ် ပြောပြောပြူး၊ များလှတယ်လည်း ဟုတ်ပါဘူးအေ။
မိုး: ဒီဒင်း လေး တချက်လောက်ဖတ်ပေး
ဖော်ဝဒ်လုပ်ပေးမယ်နော်
me: အိန်း၊ လုပ်စေ
မိုး: မိုး မပြောတတ်တော့လို့၏
မှားမှာလဲကြောက်တယ်
me: အေးအေး
5 minutes |
me: အင်း ဘဝဆိုတာအဲ့လောက်လေးသလား
ရီးစားဆိုတာ ကော ဖြတ်ရခက်သလား ခိခိ
သူ့အလုပ်က သူ့အတွက် ရီးစားလိုဖြစ်တယ်နေမယ်
မိုး: အင်း .. ဒီလိုပါပဲ တခါတလေကျ လမ်းဆုံတွေ တွေ့ရတတ်တာပဲဟာ
ငါ့အတွက်တော့ ရည်းစားဖြတ်ရတာလဲလွယ်ပါတယ်
ခိ ခိ ခနလေး နောက်ဆက်တွဲ ပါဆက်ဖတ်လိုက်ဦး၏
me: ငါ့အတွက်လည်း ဘဝက ဘယ်တုန်းကမှ မလေးလံဘူး ပေါ့ပေါ့ပါးပါးပဲ ....
အဟေဟေ ပေါ့ပေါ့နေ ပေါ့ပေါ့စားပေါ့
3 minutes |
me: အိန်းအိန်း... ဖတ်ပြီးပြီ။ နင်ကဘာလို့သူဒရွတ်တိုက်ဆွဲရာပါနေတာလဲတဲ့
မိုး: ပါတော့ဘူး၊ မန်နေဂျာခေါ်လို့
me:ဟမ်အေးအေး၊
ခေါ်ရင်လည်းသွား။
ပြန်မှဆက်ဖတ်။နင်တာဝန်ကျေသွားပြီဟ။ နင်သူ့ကိုအသိပေးစရာ၊ပြောစရာကုန်ပြီဒီတော့သူ့ဟာသူဘာလုပ်လုပ် ငါတို့တတ်နိုင်သလောက်ကူညီကြမကွဲ။့
အုံးတော့မစားနဲ့၊ ကိုယ့်ဟာကိုယ်လည်းအလုပ်များနေတာမလား နင့်အစား ငါမောလို့ပါ။
မိုး: မရဘူး ကျားကျားရယ်
မိုး က အကျင့်ကိုပါနေတာ
ဟိုတခါ အတွဲ ကိစ္စလဲ အဲ့လိုပဲ ခုထိ ကြားညှပ်တုန်း
me:နင့်ဟာများလှပြီလေ။
ဟိုတစ်ခါဘဏ်ကဒ်ထားသွားပြီး ရွာပြန်သွားတဲ့ဟာတုန်းကရော နင်ဘယ်လောက်ဒုက္ခရောက်သလဲ။
အဲ့ဒါတွေကြောင့် နင့်ကို ချစ်တယ်ခင်တယ်ပြောပြီး အနိုင်ကျင့်တဲ့လူတွေပေါတာ။

မိုး: ဟုတ်မှာပဲ
မသိဘူးမဟုတ်ဘူး သိတယ် ဒါပေမယ့် တခုခုဟေ့ဆို လက်ကော စိတ်ကောပါပြီးသားကြီး ဖြစ်ဖြစ်နေတာ
me: သာဓုသာဓုသာဓု။ တကယ်သာဓုတာပါ။ နံပါတ်၁၇-အများအကျိုးဆောင်မင်္ဂလာ (အနာကုလာစ ကမ္မန္တာ) ဆိုတာမင်္ဂလသုတ်မှာ ဘုရားသေချာဟောထားတာရယ်။ တစ်ခုပဲ သတိထား ကရုဏာရဲ့ အနီးရန်သူက သောက (စိုးရိမ်တာ၊ ပူပန်တာ)။
မေတ္တာရဲ့ အနီးရန်သူက ငါ့ကိုယ်ငါပြောပြရမှာ။ နင့်မပြောတော့ဘူး ငါကသိပ်ချစ်တတ်လို့ ဟီးဟီး
မိုး: ဟား ဟား ဟား
me: ငါတို့က ပုဟုဟု ထုဟုဟု ဇဉ်ဟင်ဟင် ဆိုတော့ကာ တကယ့်ဗြဟ္မစိုရ် နဲ့ ကိလေသာက ကွဲကိုမကွဲ တတွဲတွဲ ဖြစ်နေတယ် ကရုဏာဒေါသောဆိုတာ အဘိဓမ္မာသဘောအရ လုံးဝမရှိတဲ့တရားဟ။ ဒီလိုပဲ သနားတာက ကရုဏာမှန်ပေမယ့် စိတ်လက်ရှုပ်ထွေးလာရင် ကိလေသာရောလာပြီ
မိုး: ဂရုဏာ နဲ့ ဒေါသ နဲ့ တွဲမနေဘူးလား
အေးလေ သူတို့နှစ်ခုက ကန့်လန့်ကြီးလိုပဲဟာ
me: လုံးဝမတွဲပါကြောင်း
မိုး: ၃နဲ့ ၄ ပေါ့
အဟတ် ဟတ်
me: ဟုတ်တယ် ကရုဏာာဆိုတာ အပ္ပမညာစေတသိက်... သောဘန(တင့်တယ်ကောင်းမြတ်တဲ့စိတ်တွေမှာယှည်တာ)။ ဒေါသဆိုတာ အကုသိုလ်စေတသိက်၊ အသောဘန-အပြစ်နှင့်တကွ မတင့်တယ်မကောင်းကျိုးပေးတတ်တဲ့စိတ်တွေမှာယှဉ်တာ... ဓာတ်မတူဘူး။ ငါတို့က ကရုဏာဖြစ်လိုက် ကုသိုလ်စိတ်၊ သောကတွေ ဒေါသတွေဖြစ်လိုက် အကုသိုလ်စိတ်။ ... စိတ်တွေဖြစ်တာပျက်တာမြန်လွန်းတော့ အတွဲလိုက်ကြီး (တပြိုင်တည်းတူတူ) ဖြစ်နေတယ်တောင် ထင်ကြတာကိုး။
သတိထားရင် ကောင်းတာလေးပဲ ဖြစ်။ မကောင်းတာဖြစ်လာပြီးမှန်းသိရင် ဘရိတ်လေးဘာလေးအုပ် ဂလိုပေါ့ဟယ်။ အကျင့်ရှိတော့ အသင့်ဖြစ်လာမပေါ့
မိုး: အင်း ဟုတ်လိုက်လေ ကိုယ့်သူကိုယ် ဂရုဏာသက်နေသလား ဒေါသထွက်နေသလာ ကူညီနေသလား ဆွဲချမိနေသလားတောင် မသိလိုက်ဘူး တခါတလေကျ။
me: အေးအေး နင့်ဟာနင် သက်သက်၊ ထွက်ထွက်၊ ဆွဲဆွဲ ငါကတော့နင့်ကို ချစ်ကိုချစ်တာပါ ခိခိ။ ပုံပြင်တစ်ပုဒ်ပြောပြမယ် အားမှဖတ်
တစ်ခါက တောအုပ်တစ်ခုမှာ ဗျိုင်းတစ်ကောင်က အစာရှာမရတော့ အားအတော်ပြတ်နေရှာပြီ သေလုတဲတဲ
အဲ့ဒီအချိန်မှာ ကံအားလျော်စွာပဲ ငါးတစ်ကောင်ဖမ်းမိသတဲ့
ရေနည်းငါးကလေးခမျာမှာတော့ ဗျိုင်းနှုတ်သီးကြား ဖလပ်ဖလပ်နဲ့ ဖျပ်ဖျပ်ကို လူးနေတာပေါ့ဟယ်
မိုး: :D
me: ဒါကို အဲ့ဒီတောအုပ်မှာနေတဲ့ ဈာန်ရ၊ တန်ခိုးရ ရသေ့သုံးပါးက သိနေကြသတဲ့
အဲ့ဒီနေ့က ပုံပြင်ကိုတူတူနားထောင်နေတာ သုံးယောက်မို့ ရသေ့က၃ပါးဖြစ်သွားသလားမသိ
မိုး: :P
me: ငါ့ကိုအဲ့ပုံပြင်ပြောပြတဲ့ဦးဦးက ရသေ့သုံးပါးဘယ်လိုတွေးတယ်၊ ဘာလုပ်လိုက်တယ်ကို အရင်မပြောဘဲ၊ ငါတို့ကို အရင်မေးတာဟ ငါတို့သုံးယောက်သာဆို ဘာလုပ်မလဲပေါ့။
မိုး: သေတာပဲ .. ငါဆို ဘာလုပ်ရမှန်းကိုမသိဘဲ နေမှာ
me: ငါ့သူငယ်ချင်း ဇာဇာထက်ကအရင်ဆုံးကပြောတယ် ...
ဗျိုင်းက မစားရရင်သေတော့မှာ တဲ့၊ သူ့ခမျာခုမှ အစာလေးကံကောင်းထောက်မ ရှာလို့ရတာတဲ့။
ငါ့အဒေါ်ကပြောတယ် ... ငါးကလေးက အားနည်းရှာတယ် သနားစရာ၊ ငါသာဗျိုင်းဆိုရင်တော့ မစားဘူးထင်ပါတယ်တဲ့၊ အားနည်းတဲ့သူကိုကူညီရမယ်တဲ့။
မိုး: နင်ကော
me: ငါက ခေါင်းပူနေတာ ငါးကိုလွတ်အောင်လုပ်ပေးလိုက်ရမလား၊ ပြီးရင်ဗျိုင်းကိုပဲအစာသွားရှာ ကျွေးရကောင်းမလားပေါ့။ သူတို့ဖြေပြီးသွားတော့ ငါ့အလှည့်ရောက်လာတော့ မဖြေလို့မရတော့ဘူးလေ၊ (ဒါမျိုးဆိုငါက မဖြေချင်ဘူး ထွက်သာပြေးချင်တာပဲ။)
မိုး: အင်း နင်လဲ ငါ့လိုပဲ ဆုံးဖြတ်မရဘူး ဖြစ်နေတယ်
:P
me: ငါစိတ်ထဲရှိတာ စွတ်ပြောတယ် ငါးကိုလွှတ်စေချင်လည်း ဗျိုင်းကိုလည်းမသေစေချင်လို့ ဘာမှမတတ်နိုင်ရင် ငါဘာမှမလုပ်ဘဲနေမယ်ပေါ့။ ကြည့်မနေရက်ရင် မှိတ်နေမယ်ပေါ့။ ငါ့တရားငါနှလုံးသွင်းပြီး ငြိမ်ငြိမ်ကလေးနေမယ်ဟယ်လို့ဖြေလိုက်တာ။
မိုး: အေးနှော့် ..
me: သဗ္ဗေသတ္တာ ကမ္မသကာဆိုတာရှိသားပဲ ... လုပ်ချင်တိုင်းလုပ်မရသလို ခံရဖို့ကံပါမှ ခံရတာ
ဟိုသူဌေးလေ ဇောတိကလား၊ အနာထပိဏ်လား။ သူ့အိမ်ကို အဇာတသတ်မင်းက စစ်တပ်နဲ့သွားတိုက်တာ မရခဲ့ဘဲ ပြန်ပြေးလာတုန်း လမ်းမှာဘုရားကျောင်းက ဥပုသ်စောင့်ပြီးပြန်လာတဲ့ သူဌေးနဲ့တည့်တည့်တိုးတယ်။ ဘုရင်က “ခင်ဗျားကြီး စစ်တပ်တွေဘာတွေနဲ့ ကျုပ်ကိုအာခံထောင်ထားဖို့လား” ဘာညာသာရကာပေါ့ သူခိုးကလူပြန်ဟစ်တယ်။ သူဌေးကသူ့မှာဘာစစ်တပ်မှ မရှိပါဘူးတဲ့၊ မင်းကြီးကိုယ့်စိတ်ထင်နဲ့ကိုယ် ရမ်းပြေးလာတာပါတဲ့။ ကျုပ်လက်ကလက်စွပ်တွေ သင့်ကိုမပေးပါဘူးတဲ့ တတ်နိုင်ရင်ချွတ်ယူကြည့်ပါလားဆိုတော့ ဆင်ပြောင်ငါးစီးအားမာန်ကြီးတဲ့ အဇာတသတ်မင်း ချွေးပြန်အောင်ဖြုတ်ယူတာမရဘူးလေ.. ဟော သူဌေးကပေးပါတယ်လည်းဆိုရော လက်ထဲကျလာတာ အလိုလိုရယ်။
အဲ့ဦးဦးက ငါတို့ကို အမှတ်ပေးသေးတယ်၊ ဇာဇာထက် က မုဒိတာဓာတ်ရှိတယ် ဗျိုင်းကိုနှလုံးသွင်းတာ အစာရတာကိုဝမ်းသာပေးတာတဲ့
ငါ့အဒေါ်ကိုတော့ ကရုဏာအားကောင်းသူဖြစ်တယ်တဲ့
မိုး: တန်းလန်းကြီးတော့ မလုပ်နဲ့နော်
ငါ ထမင်းသွားစားဦးမယ်။ ပြန်လာရင်ဖတ်မယ်..
me: ငါ့ကိုတော့ သူက ဥပေက္ခာဗြဟ္မစိုရ်ကို သိသူဖြစ်တယ်တဲ့။ (ငါကဖြင့်သူပြောမှသိတာကို) ဗြဟ္မစိုရ်တရားလေးပါးတော့ သိတာပေါ့။ တစ်ခါတစ်ခါ ပျင်းလို့လည်း ငါမတတ်နိုင်ပါဘူးဆိုပြီးထားလိုက်တာတွေ ရှိတာပဲ။ ဒါကတော့ ဥပျင်းခါနေမှာပေါ့။
ဟုတ်ပါ့စကားကောင်းနေတာ ငါလည်းသွားစားတော့မယ်
28 minutes |
မိုး: ငါလဲ တခါမှမရောက်ဖူး ဥပက္ခာဆီကို
သူများတွေက တခုခုဆို ငါက ၂ခုခုလောက်လိုက်ဖြစ်ပြီး
သူတို့ကော ငါကော ချာချာကိုလည်နေရော
ဟေး ဟေး ဟေး
me: ဒီတစ်ခါချာချာလည်ရင် ဗျိုင်းအကြွပ်ကြော်ပြီး ငါးကိုအရည်စပ်စပ်နဲ့ ထားဝယ်ဟင်းချက်စားမယ်ဒါပဲ။ ဟားဟားဟား။
Subscribe to:
Posts (Atom)