Pages

28 February 2014

ရေမြင်လျင်… (၂)


ဒီလိုနဲ့ တတိယတန်းရောက်တော့ မမင်းတစ်ယောက် ရေသရဲ ဖြစ်လာသလို၊ အသက်၂နှစ်ခန့်သာ ကွာပြီး မမင်းထက် တစ်တန်းကြီးသော လေးတန်းကျောင်းသူ မမင်း၏အဒေါ် အငယ်ဆုံး မထက်က ရေဘီလူးလောက် ဖြစ်လေတော့၏။ မိုးဖြိုင်ဖြိုင်ရွာ၍ ရေနီများဆင်းပြီး ရေတက်လျင် မြစ်ပြင်ကြီးကား တမျော်တခေါ် အကျယ်ကြီးဖြစ်သွားကာ မမင်းတို့ မြစ်ထဲ ဆင်းခွင့်မရှိ။ ရေတွင်းမှာ ရေချိုးရတာလောက် ဖီလင်ငုပ်တာ မမင်းဘ၀မှာ ဘာမှမရှိပြီ။

တစ်ရက် ကျောင်းကအပြန် တူအရီးနှစ်ကောင် ဘာစိတ်ကူးပေါက်သည် မမှတ်မိ၊ ထိုမြစ်ပြင်ကျယ်ကြီး ကိုလက်ပစ် ကူးကြလေ၏။ နွေရာသီ ရေနည်းချိန်မှာပင် ထိုမြစ်ကြီးကို ဟိုဘက်ကမ်း ရောက်အောင်ကူးပြီး တံငါတဲတွေ၊ ကိုင်းစောင့်တဲတွေသို့ သွားလည်တာ သည်ပင် အလွန်ကြီးလေးသော ပြစ်မှု ဖြစ်၏။ သို့သော်.. မမင်းတို့အတွက်ကား မဆန်းလှပြီ။ ရေကူးသွားပြီး ဗိုက်ဆာဆာနှင့် ဟိုဘက်ကမ်းက လူတွေကျွေးသမျှ ကန်စွန်းဥပြုတ်ပင် ဖြစ်စေ စားကောင်းလှချေ၏။

ခုလို ရေတက်ချိန်မှာ ဟိုဘက်ကမ်း သောင်ပြင်လည်း ရေမြုပ်လို့ ကုန်းမြေခပ် သေးသေးသာကျန်၏၊ တဲတွေလည်း ရွာနီးချုံးစပ် အသီးသီးသို့ ပြန်ရောက်ကုန်ပြီ၊
မြစ်ထဲတွင် သွားလာနေသော လှေတစ်စီးတလေမှ တောင်ရှိမနေ။ မမင်းတို့ တူအရီးကို ဆွဲဆောင်နေခဲ့သော အရာကား လှိုင်းလုံးကြီးတွေ တဝေါဝေါနှင့် နီကျင်ကျင် မြစ်ပြင်ကျယ် ကြီးသာဖြစ်ပေမည်။ လေထန်ထန်မှာ မိုးကစပ်စပ်ရွာ နေပေသေးသည်။

“အန်ထက်.. ဒီလိုချိန် မြစ်ထဲကို မိချောင်း တွေလမ်းမှားပြီး လာတတ်ဆို”…

“ကြံကြံဖန်ဖန်ဟာ.. မိချောင်းဆိုတာ ရေထဲမှာ ဘယ်တော့မှ လမ်းမမှားဘူး၊ ငတို့နဲ့ ပင်လယ်ဝ အဝေးကြီးပါဟ၊ ငါက နင် လမ်းမှာ ကြွက်တက်မှာပဲ ပူတယ်” (ဒီအဒေါ်ဟာလေ မိကျောင်းထက်များ ကြွက်ကို ပိုကြောက်နေသေးတော့…)

“ဒါတော့ ပူနဲ့၊ နင်ကကျောင်းထမီ ရင်လျှားပြီးကူး။ ငါကြွက်တက်ရင် လေတွေယက်သွင်း ပူပေါင်းကြီးလုပ်၊ နင်ကကူး၊ ငါကခိုလိုက်မယ်”


“ကူးအားမရှိ မျောမှာပေါ့ဟ”


“ မျောပေါ့ဟ.. လှေမျောတာတောင်၊ ဓနုဖြူမယ် ပြန်တွေ့သေးတာ။ ငတို့ မျောလှ ဓနုဖြူ... လွန်ရော ကျွံရော ညောင်တုန်းပေါ့။ ဘာဖြစ်သေး… နှစ်မြို့လုံး ကိုယ့်မြို့ချည်းပဲဟာ..”


မြစ်ဆီအသွား ကိုင်းဘေးလမ်းမှာ မမင်းတို့ တူအရီးပြောသွားသော သေမင်းအူသံ dialogues များဖြစ်ချေ၏။

မြစ်လယ်ရောက်ဖို့ အတော်ကြီးကြာအောင် ကူးကြရ၏၊ ရေစီးနှင့် လှိုင်းကြီးတွေကြား နှစ်ယောက် မကွဲသွားအောင် အတော် ကြိုးစားနေရသည်။ စကားတစ်ခွန်းမှကို မပြောနိုင်ကြ။ မမင်းတို့ရွာ၏ Landmark တွေထဲမှာ မမင်းတို့ အိမ်ခေါင်းရင်းက အုန်းပင်ကြီးသည် အရှည်ဆုံး အပင်အဖြစ် ပါဝင်လေသည်။ တစ်နာရီခန့်ပင် ကြာသွား၏၊ ဟိုဘက်ကမ်းလည်း မရောက်နိုင်၊ မှားများသွားပလားဟု ခပ်ရေးရေးတွေးရင်း ရွာဘက်ပြန်လှည့်ကြည့်ရာ ထို landmark ကြီး၏ ထိပ်ဖျားကို ပြပြလေးသာ မြင်ရတော့၏။

အတော်ကြီး ဝေးတယ်ဟနော်.. နှုတ်ခမ်းတွေပြာလျက် အဒေါ်ကအနားကပ်ပြီး အော်ပြောသည်။

ရွာကမ်းက သောင်ကမ်းထက် ပိုဝေးသွားပြီ၊ ရှေ့ပဲဆက်ကူးမယ်ဟု မမင်းကပြန်ဖြေသည်။ အတော်လေး ချမ်းနေပြီကို အသံတုန်တုန်က သက်သေခံလေသည်။

ဟုတ်ရဲ့လား၊ ငါ့စိတ်ထင် ခုမှ ရေလည်ခေါင်၊ ဟမ်.. ဖေဖေ လှေနဲ့လိုက်လာပြီ၊ သွားပြီ ဆူခံရတော့မယ်၊ အဒေါ်က ခုမှ တကယ်စိတ်ပူသော အသံဖြင့် ညည်းရှာ၏။
ငါတို့ ပြေးရင် လွတ်နိုင်လား ဟု အဖော်စပ်သေးသည်။

ရွာပေါ်ဆိုရင်တော့ လွတ်တာပေါ့၊ မြစ်ထဲတော့ လှေနဲ့ လူနဲ့ ဘယ်လွတ်မှာတုန်းဟု မမင်းက ကြံရာမရဖြေသည်။

၁၅မီးနစ်ခန့်ကြာမှ ဘဘလှေက မမင်းတို့နား နီးလာသည်။ ကလေးတွေ တက်ကြတက်ကြ။ ဒါကလွဲပြီး ရွာကမ်းရောက်သည်ထိ ဘဘ ဘာဆိုဘာမှမပြောနိုင်၊ လှေကိုသာ အတော်ကြီးထိန်း၍ လှော်နေရသည်။ (သူလည်း စိတ်ပူရှာလွန်း၍သာ အသက်စွန့်ပြီး လိုက်လာကြောင်း မမင်း အရွယ်ရောက်မှ သဘောပေါက်သည်။ မမင်းတို့ ဘဘက ထိုရွာသား ကိုင်းသမားမှ မဟုတ်ပေပဲ။ ညောင်တုန်းမြို့က နာမည်ကြီး ရှေ့နေကြီး တစ်ဦးရဲ့သား၊ ဆေးတက္ကသိုလ် ဒုတိယနှစ်ကျောင်းသားက တောခိုကာ အလံနီ ကွန်မြူနစ်ဗိုလ်ဖြစ်လာသည်၊ နောက်ပိုင်း သားဖွားဆရာမတောင် မရှိသော ရွာလေးမှာ ၀ါသနာအရ အင်္ဂလိပ်ဆေး စာအုပ်များဖြင့် ဆက်လက်လေ့လာကာ ဆေးကုသည်၊ တစ်နယ်လုံး၏ အားကိုးရာဖြစ်ခဲ့သည်။ )

ရွာကမ်းသို့ အောင်မြင်စွာ လှေကပ်ပြီးတော့ မမင်းတို့လှေပေါ်က အဆင်းကို ပုဏ္ဏရိတ်ကိုင်း ခပ်သေးသေးကိုင်ပြီး ရပ်ကြည့်နေသည်။ မမင်းက လှေဦးကနေ ဖတ်ဆိုခုန်ဆင်းပြီး ပြေး၏၊ ခြေသလုံးကို တစ်ချက်သာ ထိလိုက်သည်။ တစ်သက်လုံးမှာ အဖိုးထံမှ ရဖူးသော တစ်ချက်တည်းသော အပြစ်ဒဏ် ဖြစ်သည်။ အဲ့ဒီတုန်းက ၆ချက်လောက်တော့ အရိုက်ခံလိုက် သင့်တယ်ဟု ပြန်သတိရတိုင်း မမင်းတွေးသည်။ အဖိုးက မမင်းကို တစ်ခါမှကို ဆူတောင်မှ မဆူခဲ့ဖူးပါပေ။

မမင်း YTU ဒုတိယနှစ်မှာ အဖိုးဆုံးသည်။ တစ်နယ်လုံးမှာ ဘုန်းကြီးပျံပြီးလျင် အစည်ကားဆုံး အသုဘအဖြစ် ပြောစမှတ်ပြု ကြလေ၏။ အဖေကို အမေထက် အချစ်ပိုသော အဖိုး၏ သမီးငါးယောက်လုံး လုံးဝကို မငိုကြ။ အဖိုးက မှာထားရစ်သည်.. ငိုတာသူမကြိုက်ပါ။ အလောင်းကို ဂူထဲသို့သွင်းပြီး အိမ်ပြန်ခါနီးမှာ အဖိုးဂူကို နဖူးနှင့်တိုက်ကာ ကန်တော့စဉ်... လှေတစ်စီးနှင့် ရေနီကြီးကို မမင်းမျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်ရလေ၏။ ဘဘ သမီးတွေက ဘဘကို ပြုစုလိုက်ရတယ်လေ၊ သူတို့မငိုပေမယ့် သမီးကတော့ ငိုပါရစေ…

ဘဘက ဂူထဲကနေ ဘာမှပြန်မပြောပါ၊ ရေနစ်လည်းမငို၊
စာမရလို့ အဖေရိုက်လည်း မငို၊ ချော်လဲ၊ စက်ဘီးလဲ ဒူးပြဲနဖူးကွဲလောက် မဆိုနှင့်၊ ဆိုင်ကယ်နဲ့ ချောက်ထဲဆင်း ဂျွမ်းဆယ်ပြန်လောက်လိမ့်လည်း မငို၊ ဆေးတက္ကသိုလ် ၀င်ခွင့်ကို တစ်မှတ်အလိုနှင့် ကျန်ခဲ့တယ် ဆိုတုန်းကလည်း မငို၊ အဲ့သလို.. မငိုတတ်သော မမင်းက ဘဘဂူပေါ် မျက်နှာအပ်လျက် ခေါင်းပြန်မထူလာနိုင်ချေ။ သမီးက တရားတွေ သိပြီးသား၊ ရှိပြီးသားလေ၊ မေမေတို့ အားလုံးကို တရားပြမယ့် သူလေဟူသော မေမေ့အသံ တတွတ်တွတ်ကို လျစ်လျူပြုလျက်.. လူတွေအများကြီးကြား မရှက်မကြောက် တအိအိ ငိုသည်ဟူသတတ်။ ။

1 comment:

ဇွန်မိုးစက် said...

ဖတ်လို့ကောင်းလိုက်တာ။ ဇွန်ကတော့ ရေရှင်မှာ တစ်ခါမှ မကူးဖူးဘူး မမင်းရေ။ ရေကူးကန်မှာပဲ ရေကူးဖူးတာ။ အဲဒါတောင် ခြေဖျားထောက်ရုံမှီတဲ့ ရေတိမ်မှာ နစ်မလို ဖြစ်ခဲ့သေးတယ်။ :D