Pages

27 February 2014

ရေ... မြင်လျင်

YTU သူငယ်ချင်း တစ်ယောက်က မြစ်ကူးချောင်းကူး ခရီးတစ်ခု အတူသွားဖြစ်တုန်းက ပျော်ရွှင် တက်ကြွစွာ ပြောဖူးသည်…

“ရေမြင်ရင် အဖေမြင်သလို ပျော်တယ်”

မမင်းကတော့ ကျယ်ကျယ်ပြောပြော ရေပြင်ကျယ်ကြီးကို အေးအေးဆေးဆေး အချိန်ရခိုက်မှာ မြင်လျင် အဖြစ်အပျက် သုံးလေးငါးခုကို ဆက်တိုက် သတိရလေ့ရှိ၏။

ပထမဆုံး တစ်ခုက မမင်းအသက် ခြောက်နှစ်သမီး အရွယ်က ဖြစ်ခဲ့သည်။ ပထမတန်း နှစ်ကုန်ပိုင်းမှာ အမေဘက်က အဖွားတွေ နေသော တောရွာ ကလေးသို့ ကျောင်းပြောင်း ရသည်။ ထို ရွာကလေးတွင် တတိယတန်း အောင်သည် အထိ နေထိုင်ခဲ့ ရလေသည်။ လှေလှော်သည်။ လှည်းမောင်းသည်။ ကောက်သင်း ကောက်သည်။ ဧရာဝတီမြစ်နှင့် မမင်းတို့ အိမ်ကြားတွင် မမင်းတို့ ဘိုးဘွားပိုင် ကိုင်းမြေရှိသည်။ ၀ါဆိုဝါခေါင်မှာ မြစ်ရေက ရွာပေါ်ထိရောက်သည်။ အိမ်တိုင်းမှာ လှေရှိသည်။ မိုးနှောင်းပိုင်း မြစ်ရေပြန်ဆင်းသွားလျင် မြေသြဇာပြည့်ဝသော နှုန်းမြေနုများ ဖုံးလွှမ်းပြည့်နှက် နေသည်။ စိုက်ချင်ရာ စိုက်ပေရော့။ ရာသီချိန် ဆိုလျင်တော့ ထိုနေရာသည် နေကြာခင်း၊ ပဲခင်း၊ ဖရဲခင်း၊ ငရုတ်ခင်း၊ ကြက်သွန်ခင်း ဖြစ်လေသည်။ ကိုင်းသိမ်းချိန်မတော့ မှုန်ပြန့်နေအောင် နယ်ထားသော တလင်းပြင် ဖြစ်သွားပြီး မမင်းတို့ ကလေးတစ်သိုက်၏ လသာည Amusement Center ကြီးဖြစ်ချေ၏။

လရောင်အောက်မှာ တလက်လက် တောက်ပနေသော မြစ်မင်းဧရာနှင့် ပြောင်လက်ခြောက်သွေ့ ချောမွတ်နေသော မြေကွင်းပြင်ကြီးနှင့် ကောက်ရိုးပုံမို့မို့၊ ပဲမှော်ပုံ ပြန့်ပြန့်ကြီးများ၊ လက်တစ်ကမ်းရှိ မြစ်ဆိပ်က အချိန်မရွေး တက်လှော်နိုင်သော လှေကလေးတွေကို ကမ္ဘာကျော် Disneyland ပင် ယှဉ်နိုင်အံ့မထင်။  ကစား၍မောလျင် ဖရဲသီး၊ သရက်သီး၊ ဇီးသီး လတ်လတ်ဆတ်ဆတ်၊ ချက်ချင်းခူး၊ 100%Organic အထူးအရသာရှိသော သွားရေစာများ အလွယ်တကူ အလကားရသည်လေ။ ဆိုလိုသည်ကား ရွာကလေးနှင့် မမင်းနှင့် တစ်သားတည်းမှ တစ်သားတည်း။

အဲ့သလို တသားတည်းဖြစ်ဖို့ တချို့ကိစ္စတွေလို အလွယ်တကူ မသိမသာ ဖြစ်ခဲ့တာတော့ မဟုတ်။ ရွာမှာမူလတန်း ကျောင်းကလေးသာရှိ၏။ ကျောင်းအသစ်တွင် ကျောင်းစတက် သည့်နေ့က အိရှန်ဂါဝန် ပန်းရောင်၊ ဒေါက်ဖိနပ် အနီရဲနှင့် အပြတ်စား ပဲများသော မြို့သူမ မမင်းပေါက်စကို တစ်ကျောင်းလုံးက ကျောင်းသူ၊ ကျောင်းသားများက ဂြိုဟ်သား မြင်သလို ၀ိုင်းကြည့်တာ ခံရလေသည်။ တောင်ပိုင်းက မောင်ဝိုင်း ဆိုသူကား အတန်းအားတိုင်း မမင်းနား လာလာထိုင်တာ ဆရာမ ရိုက်ထုတ်ရသည် အထိ။ (သာမီးကတော့ ရွာမှာဆို စူပါစတားပဲ) :P

မမင်းတို့ အိမ်ခေါင်းရင်း ခြံဝန်းထဲတွင် အုတ်ဘောင် အထူကြီးနှင့် သံမံတလင်း ကျယ်ကျယ် ခင်းထားသော ရေတွင်းကြီး တစ်လုံးရှိ၏။ သို့သော် မမင်း ကျောင်းပြောင်းပြီး နောက်မှာတော့  အဒေါ်တွေ သူငယ်ချင်းတွေနှင့်အတူ တခြားကလေးများနည်းတူ မြစ်ဆိပ်တွင် နေ့စဉ်ရေချိုးခွင့် ရပါသည်။

မြစ်ထဲစဆင်း တဲ့နေ့ကို မမေ့။ ခြေမျက်စိမြုပ်ရုံရှိသေး အိမ်ပြန်ပြေးချင်စိတ် ပေါက်လာသည်။ သူများတွေ လှောင်ကြ၊ ရယ်ကြတာ ခံရမှာကို ပိုကြောက်မိ သောကြောင့်သာ အားတင်းပြီး ရေထဲ ဆက်ဆင်းရသည်။ ရေက မအေးပါဘဲ ဒူးတွေ တုန်နေခဲ့သည်။ ထိုနေ့က ပေါင်လည်လောက် ရေအနက် နေရာကလေးမှာ ထိုင်ချိုးခဲ့တာ ပြန်သတိရ သော်လည်း၊ ဘယ်အချိန်မှာ ဘယ်လို ရေကူးတတ်သွား သည်ကိုတော့ မမှတ်မိ။ ဒီလိုနဲ့ ရေမကူးတတ်ခင်ကလည်း နေ့စဉ်မြစ်ထဲမှာ ရေချိုးခဲ့ရာ.. တစ်ရက်မှာ မမင်းရေနစ်လေ၏။

အမှန်တော့ မမင်းက ရေမကူးတတ်ဘဲ ရေနက်ထဲ မသွားတာတော့ သေချာသည်။ သို့သော် ရန်ကုန်က လာလည်သော အစ်မ တစ်ဝမ်းကွဲလိုမျိုး ခြေသလုံးလောက် ရေအနက်မှာ မှောက်ရက်လဲပြီး ရေတိမ်နစ်ခြင်း မျိုးလည်း မဟုတ်ပါလေ။ အဲ့ဒီနေ့က ထုံးစံအတိုင်း ရင်ချိုင့်နားလောက် အနက်ရှိရာမှာ ရေချိုးသည်။ မနာလိုစရာ ကောင်းလောက်အောင် သောင်းကျန်းသော သူငယ်ချင်းများက ခပ်လှမ်းလှမ်းမှာ။ ရေမကူးတတ်သေးသော မမင်းက သူတို့ကို အကပ်မခံ။ ကမ်းစပ်နား အတော်နီးနီး သဲခုံအစပ်မှာ ရွာသားတစ်စုနှင့် မမင်းအဖေက ခြင်းလုံးခတ် ကစားလျက်ရှိ၏၊ အကြောင်းရှိက အလွယ်ပင် အော်ခေါ်နိုင်သည့် အနေအထားမို့ Safety အပြည့်ဟု မမင်းယုံကြည်ခဲ့သည်။ ဧရာမြစ်ရေကား နွေနှင့် ဆောင်း တစ်ချို့လတွေကလွဲရင် ရေနောက်သည်၊ မြစ်ကြမ်းပြင်ကို မမြင်ရတတ်။ ဟိုယက်ဒီခတ်နှင့် တတ်သ၍မှတ်သ၍ ဆော့နေတုန်း ရုတ်တရက် မြစ်ကြမ်းနှင့်ခြေထောက် လွတ်ထွက်သွားပြီး ခေါင်းအထိစွပ်ခနဲ မြုပ်သွားသည်။ ၀ူး၊ ဖလူး.. ရေအောက်မှာ တစ်ယောက်တည်း ဗြောင်းဆန်၊ ရုန်းရင်းဆန်ခတ် တွေဖြစ်လျက်၊ အာဖရီကန် လူရိုင်းအက ကနေတော့သည်။

အဲ့ဒီတုန်းက ရွာဆိပ်ကမ်းမှာ အညာဆန် သင်္ဘောကြီးတွေ၊ ရန်ကုန်သို့သွားသော သင်္ဘောကြီးတွေ ဆိုက်ကပ်ရပ်နားလေ့ရှိသည်။ ဘောတံတား၊ ဆိပ်ခံ ဟူ၍ ဘာမှမရှိ၊ ကမ်းစပ်ရေတိမ်ပိုင်းမှာ ဒီလိုပဲကပ် ရပ်သည်။ သစ်သားလှေကားရှည်ကြီး ကမ်းပေါ်လှမ်း ထောက်ပြီး အိပက်အိပက်နှင့် တက်ကြဆင်းကြ။ ပြီး တဘူးဘူးနှင့်မှုတ်ပြီး ပြန်ထွက်ခွာသွားသည်။ မည်သို့မည်ပုံ မည်သည့်အရာဖြင့် မှုတ်သည်တော့မသိ မြစ်ကြမ်းပြင်ရေတိမ်ပိုင်းမှာ ကျင်းချိုင့်ကြီးဖြစ် ကျန်ရစ်သည်။ လူကြီးတွေ အတွက်တော့ အရပ်မှီလေမလား မသိ။ ခြောက်နှစ်သမီး မမင်း အတွက်ကတော့ သေတွင်းသာဖြစ်သည်။ မမင်းတို့အိမ်က လူကြီးတွေကမှာလေ့ရှိသည်မှာ သင်္ဘောအမြဲကပ်ရာ ကမ်းဆိပ်တွင် သင်္ဘောမှုတ်သွားသော ကျင်းတွေရှိတတ်၍ အဖော် ဘယ်လောက် ကောင်းကောင်း ရေသွားမဆော့ရန် ဖြစ်သည်။ မမင်းတို့ကလည်း ကိုယ့်အိမ်နောက်ဖေး၊ ကိုယ့်ကိုင်းဘေးက ရေဆိပ်ကိုသာ တစ်ရွာလုံးမှာ အသာယာဆုံး မှတ်ထင်သူဖြစ်၏။ အမှန်တော့ မမင်းပြုတ်ကျသော ကျင်းကား လွန်ခဲ့သောနှစ်ရက်က လှသီတာအောင် သင်္ဘောကြီး ရပ်နေကျနေရာမဟုတ်ဘဲ စည်းမဲ့ကမ်းမဲ့ ဆိုက်ကပ်ရပ်နားခဲ့ရာက ဖြစ်ပေါ်နေသောကျင်းပါပေ။

Under Water လူရိုင်းအကကား ခြေကားယား လက်ကားယား နိုင်ပြီး မြန်မာအကလိုမျိုး ခြေထိုးခါးချိုး၊ လက်ခေါက်၊ မေးဆတ်လုပ်စရာ မလိုသော်လည်းပဲ သက်တော့ မသက်သာလှပါ။ နှာခေါင်းနှင့် ပါးစပ်တွင်းသို့ အလုံးအရင်းနှင့် ရေတွေဝင်လာသည်။ သေအံဆဲဆဲမှာ ရုန်းကန်သောအရှိန်ကြောင့် မမင်းခမျာ ရေပ်ါပြန်ပေါ်လာသည်။ ဖေဖေခြင်းခပ်နေတာကို လှမ်းမြင်ရသည်။ မမင်း ရေနစ်နေတာကို ဘယ်သူမှ သတိမထားမိ။ ပြန်မြှုပ်သွားသည်။ ယက်ကန်ယက်ကန် လုပ်သည်။ ဒုတိယအကြိမ် ပြန်ပေါ်လာသည်။ ဖေဖေရေ……. မျက်လုံးပြူးပြီး အကျယ်ကြီး အော်လိုက်သည်၊ ပါးစပ်ကနေ ရေ၀ါနောက်နောက် တွေကလွဲလို့ ဘာသံမှမထွက်လာနိုင်။ စွပ်ခနဲမြုပ်ပြန်၏။ လက်ချောင်းကလေးများ အားလုံးကို အစွမ်းကုန် ထောင်ထားသော လက်ကလေး တစ်ဘက်က နောက်ဆုံးမှ မြုပ်လေသည်။ ဒီလိုနဲ့ နောက် နှစ်ချီလား၊ သုံးချီလား ပေါ်လိုက်၊ ပါးစပ်ကြီးဟ၍ မျက်လုံးကြီးပြူးပြလိုက်၊ လက်ကလေးထောင်လိုက်၊ ပြန်မြုပ်လိုက်။

ကလေး တစ်ယောက်၏ ခေါင်းသေးသေး ကလေးတွင် ငါအစွမ်းကုန် ကူးနေမှ ပြန်ပေါ်နိုင်မည်၊ ပေါ်တာကို ငါ့အဖေမြင်မှ ငါ့ကိုလာခေါ်မည် ဆိုတာကိုတော့ ရိပ်မိနေခဲ့သည်။ မမင်း အားရှိနေသေး သ၍ အသကုန်ကူးသည်။ နောက်ဆုံးတော့ ခြေထောက် သေးသေးလေး တစ်ဘက်က ကျင်းနှုတ်ခမ်း မြေသားကို ထောက်မိသည်။ မရမက ကုပ်ကပ်ကာ မတ်တပ်ရပ်ဖို့ကြိုးစား အားထုတ်လိုက်ရ၏။ ကမ်းစပ်မှာ ကွေးကွေးကလေး အရုပ်ကျိုးပြတ် ထိုင်မိတော့ ရေတွေ အန်ထွက်လာသည်။ အသက်ရှူလမ်းကြောင်း တစ်လျှောက်လုံးလည်း နာကျင်အောင့်အဉ်း စပ်ဖျင်းဖျင်းနေလေသည်။ အဲဒီနေ့က မမင်း ဘာမဆိုင်၊ ညာမဆိုင် ဖေဖေ့ကို စကားမပြောချင် လောက်အောင် စိတ်ဆိုးနေခဲ့သည်။ ဘယ်သူနဲ့မှ မတွေ့ဖြစ်အောင် ရှောင်နေခဲ့မိသည်။ ဖေဖေကတော့ ခုထိလုံးဝကို မသိရှာ။ ဘယ်သူမှလည်း မသိလိုက်။ အဲ့ဒီနေ့ကစပြီး မမင်း ရေကူးတတ် သွားတာ ဖြစ်ဖို့များလေသည်။ ။

ဆက်ရန်

No comments: