Pages

07 March 2012

"စိတ်သင်ပုန်းမှာရေးသမျှ"

-မြေဖြူအမှန်ခြစ်တွေ အပြည့်ရတော့
ဝမ်းသာအားရ အမေကိုပြန်ပြတတ်ပေမယ့်
ကြက်ခြေခတ်တစ်ခုတလေပါရင်
တိတ်တိတ်လေးကြိတ်ဖျက်တတ်တာက
သူငယ်တန်းတုန်းက အရွယ်.......

-ငါ့ဘက်ကကြည့်ရင် "ကကြီး" ပါ
လူရှိန်မလားလို့ လွယ်လွယ်ပြောလိုက်တာပါပဲ
ငါ ဘယ်သူ့ကိုမှ မတရားမလုပ်ဘူး... စသဖြင့်
ခုက.. ကံသုံးပါးကို အဇ္ဈတ္တမှာရေး
ကိုယ်တိုင်အမှားအမှန်ခြစ်ပေးရတဲ့ အရွယ်......

-ကိုယ်ရေးလိုက်တဲ့ Status တစ်ခုတလေ
ကိုယ်တိုင်အမှတ်မခြစ်ဘဲ တိတ်တိတ်လေးဖျက်ဖူးပြီလား။
Print Screen ဖတ်ထားလိုက်သူတွေ...
Copy ယူသွားကြသူတွေ......... မရှိဘူးပဲထားပါဦး
ကျောက်သင်ပုန်းပေါ်မှာ မဟုတ်တော့လည်း ခက်သားပေါ့။

-ထပ်မမှားဖို့ အမှတ်တရဆိုပြီး
စိတ်ဓာတ်တစ်ခုနဲ့ သိမ်းဆည်းတတ်ရင်တော့လည်း...
အဲ .. တဆိတ်လောက် ဟိုဘက်တိုးစမ်းပါ
မနေ့က ငါပြုံးမိတဲ့ ခပ်ရွဲ့ရွဲ့ အပြုံးကို (ဘယ်သူမှမမြင်လိုက်ခင်)
မြန်မြန်လေး Delete လုပ်လိုက်ချင်လို့။ ။

မမင်း
07 March 2012 (Wed)

No comments: