Pages

01 October 2011

ရင်လှိုင်းခတ်သံ

ရင်လှိုင်းခတ်သံ

ဒီတစ်ခါ ဒီတစ်ပွဲကို
ညီညီညာညာ ကြည်သာစိတ်နဲ့
အပြေးသာလာခဲ့ပေမယ့်
ကြေကွဲလို့ဝမ်းနည်းစရာ
လမ်းခွဲကာ သွားနှင့်တာမို့...

ဟိုအရင်ဒီပွဲတွေမှာ
နေရာစုံ သူပါဝင်လို့
အရာရာ ဆောင်ရွက်သူမို့
မြင်ယောင်မိ သူ့အရိပ်တွေ
တကယ်ပဲရှိနေသလို....

ကျန်ရစ်သူဆွေသဟာ တွေ
သူ့နေရာ ဝင်ပါသော်လည်း
တို့ရင်မှာလစ်ဟာမြဲမို့
တစ်ယောက်ဆို သူ့အစွမ်းက
အောက်မေ့ဖွယ် လွမ်းတရပြန်...

ဒီနေရာဒီလူများအပေါ်
မြတ်နိုးစွာမေတ္တာကြီးသူ
တိုင်ပင်ပါ မေးသမျှနှင့်
အစစ သူကူညီလို့
မေ့နိုင်ဘူး ဒီကျေးဇူးတွေ...။

သံဝေဂ တို့တွေရအောင်
ရုတ်တရက်နှုတ်မဆက်ဘဲ
အပြီးတိုင် ခွဲရက်တဲ့သူ...

လှိုက်လှဲစွာ မျှဝေဆုတောင်း...
ဦးဇော်ဝိတ်ရယ်လေ... တို့မိတ်ဆွေကောင်း။ ။


15 April 2003 ရက်စွဲတပ်ထားပါတယ်။ကဗျာလေးက ဟောင်းလှပါပြီ။ အိန္ဒိယကပညာသင်ဦးဇင်းတစ်ပါးနဲ့ စကားစပ်မိလို့ မိတ်ဆွေဟောင်း၊ မိတ်ဆွေကောင်းကြီးတစ်ယောက်အကြောင်းပြောမိရာက။
အဲ့ဒီမိတ်ဆွေကြီးအကြောင်း ကဗျာလေးတစ်ပုဒ်ရေးထားတာရှိတယ်လည်းဆိုရော... ဦးဇင်းကတောင်းဆိုတာနဲ့ ဘလော့မှာတင်လိုက်ပါတယ်။
ကဗျာခေါင်းစဉ်ရဲ့ ပိုင်ရှင်အစစ်ကတော့ ထိုမိတ်ဆွေကြီးသာ ဖြစ်ပါတယ်။ သူက ညီညီညာကြည်သာစိတ်နဲ့ ဆရာဒကာလက်တွဲနွှဲကြဖို့ ကဗျာလေးတစ်ပိုဒ်ကို ရင်လှိုင်းခတ်သံဆိုတဲ့ ခေါင်းစဉ်နဲ့ရေးဖူးတယ်။ အဲ့ဒီကဗျာလေးကို
အနည်းငယ်လေးပြင်ပြီး ရွှေညဝါဓမ္မာစရိယသင်တန်းမှာ ကျောင်းဆောင်သစ်ကြီးဆောက်ကာစက ချိတ်ဆွဲထားတာလည်းမြင်ဖူးရဲ့ သူ့နာမည်တော့မပါတော့လေဘူး။ ကိစ္စမရှိဘူး... သူ့လက်ရာဆိုတာကို သိတဲ့သူတွေသိနေသားပဲဟာ။
ဦးဇော်ဝိတ် ဆိုတာ တရားစခန်းပြီးပြီးချင်း ထားဝယ်လိုနေရာမျိုးကိုပြန်ပြေးရမယ့် မမင်းအတွက် တရားတိပ်ခွေတွေ ညမအိပ်ဘဲကူးပေးတတ်သူ၊ ရုတ်တရက်သူသေသွားတော့ ဇနီးနဲ့သားသမီးတွေအတွက် ဘာတွေချန်ထားခဲ့လဲတော့မသိနိုင်၊ မမင်းအတွက်တော့ ကဗျာလေးတွေ၊ စာလေးတွေ၊ မှတ်စုနဲ့ ဖိတ်စာတချို့ (မလာနိုင်မှန်းသိရက် သပ်သပ်ချန်ကိုထားတဲ့ဖိတ်စာတွေ).. ပါတဲ့အထုပ်တစ်ထုပ်ကို သင်္ကြန်စခန်းပွဲမမင်းလာတဲ့အခါပေးဖြစ်အောင်ပေးပါဆိုတဲ့အမှာစကားနဲ့အတူ ရွှေဂူကျောင်းမှာအပ်နှံလို့ ချန်ဖြစ်အောင်ချန်ထားရစ်တဲ့သူ... ဘယ်မေ့ပါ့မလဲလေ... မမေ့နိုင်ပါဘူး။
တချို့လူတွေလူသာသေသွားတယ်.... သက်ရှိတွေရဲ့နှလုံးသားမှာ သူတို့ရှင်သန်နေကြတုန်းပါပဲ။ ။

No comments: