Pages

29 June 2011

ပင်လယ်ကွေ့က ကြာပွင့်ကြီးမှာ...

ဘာမှသိပ်နားလည်လို့ရေးတာ မဟုတ်ပါဘူး။ ကြော်ငြာဝင်တယ်၊ ပရိုမိုးရှင်းလုပ်ပေးတယ်လည်း မထင်ကြပါနဲ့။ တကူးတကအရောက်သွားဖို့ စိတ်ကူးမိမယ်မဟုတ်သော (ဗျိုင်း၊ မျောက်ရှည်၊ ငညိုတို့အား အမှူးထား၍) ချစ်သူငယ်ချင်းများ အကြမ်းပတမ်းလေး မြည်းစမ်းစေချင်လို့ ဒီပို့စ်ကိုတင်ပါတယ်။ ဖတ်ကြည့်ပြီး စိတ်ပါတော့လည်း သွားလို့အဆင်ပြေကြအောင်ပါ။ တကယ်က အဲ့ဒီစနေက အဲ့ဒီနေရာကို မသွားခင်ကတည်းက အင်တင်တင်ရယ်။ သောကြာညမှာ ဘောပွဲသွားအော်ရသေးတယ်လေ။ တနင်္ဂနွေလည်း အစောကြီးထပြီး ကလေးတရားပွဲသွားရမယ်မဟုတ်လား။  နောက်ကျရင် guide နဲ့မဟုတ်ဘဲ ကိုယ့်ဟာကိုယ် ဝင်ရမယ်ဆိုတာကြောင့် စောစောစီးစီးအချိန်မှီရောက်ပါတယ်။  မရီနာပင်လယ်ကွေ့ရဲ့ မနက်ခင်းအလှက အိနြေ္ဒရရ၊ သူတို့က အိပ်ရေးမဝတဝ။


တောင်ပံများဖြန့်ကာ မင်းစိတ်ကူးကို ကြိုက်သလိုရွက်လွှင့်ပါ....

သူတောင် ထောင်ကလွတ်ပါပကော...

ဟော ဟိုးမှာ Esplanade Theatre နဲ့ Water front ကတီးဝိုင်း Stage စင်ပေါ့

ရွှေမြန်မာတွေကတော့ ဒါကြီးကို လူလိုသူလို ဒူးရင်းသီးလို့ လွယ်လွယ်ခေါ်လိုက်တာပဲ

Singapore အစိုးရက အမြော်အမြင်ကြီးစွားနဲ့ Singapore ခေတ်မကောင်းရင် ဒူးရင်းသီးရောင်းဖို့ ကြိုဆောက်ထားတာ

ဟော... ရောက်ပါပြီ၊ ပင်လယ်ကွေ့ကြာပန်းကြီးဆီ။ ရောက်ရှိကြောင်းသတင်းပို့၊ လက်မှတ်ထုတ်၊ တစ်ပတ်ပတ်ကြည့်... နှုတ်ဆက်ကြ၊ ပြုံးပြကြ စကောလေးဘာလေးပြားကြတာပေါ့လေ...
ပြောပြော.... ဖြည်းဖြည်းပြော... နားနားပြီးပြော မောမယ်...
ကမ္ဘာ့အကြီးဆုံး လှည်းဘီးကြီးရယ်၊ တွန့်လိမ်နေတဲ့တံတားတစ်စင်းရယ်၊ သစ်ပင်ခွပေါ်တက်ပြီး အရည်ပျော်နေတဲ့နာရီတစ်လုံးရယ်...လူသုံးယောက်နဲ့ ကင်မရာတစ်လုံး (မမြင်မှာကြောက်လို့ ခိခိ)
လူကသိပ်မများပါဘူး ဒီလောက်ပဲ
ကြာပွင့်ကြီးကို နှုတ်ယူမယ်လို့၊ ယောင်္ကျားဘသား ကြိုးစားနေပုံများ

အနောက်က ပတ်ကြည့်
ကြာတုကြီးအောက်က ကြာအစစ်လေးတွေ

 

 ကိုင်းကိုင်း... လူစုံပြီဝင်ကြစို့ရဲ့
ဟာ... အမိုးပေါ်မှာ... ပုဇွန်မီးကင်တွေတင်ထားတာပါလား။ အနုပညာသိပ္ပံပြတိုက်ဆိုတော့ အဲ... သံပုရာသီးညှစ်ပြီး သုပ်စားလိုက်ရင်တော့ ရသမြောက်မှာသေချာတယ်

ကိုယ်ကသူ့ရိုက်၊ သူကကိုယ့်ပြန်ရိုက်

အဲ့မှာလက်မှတ်ဝယ်၊ တွေ့တဲ့အပေါက်မှာ လက်မှတ်က ဘားကုတ်ကိုစကင်ဖတ်ပြီးဝင်၊ ပြန်ထွက်ရင်လည်း ဖတ်ပြီးမှထွက်ရတယ် လက်မှတ်ကိုအထဲမှာ လွှင့်မပြစ်မိလေနဲ့
လူကြီး S$30၊ ကလေး S$17 တည်းရယ် :P အမ်မယ်... တန်လှချည်လားမလုပ်နဲ့ အုပ်စုနဲ့ဆို
Group Sales**: $24.50  အဲ လက်မှတ်ကိုပြောပါတယ်

ဟဲ့ ဒီထဲမှာ ဖိနပ်ဆိုင်များရှိနေသလား
guide ခေါ်ရာသို့ မအူ နှင့် မလည် နောက်ဆုံးမှ တက်ကြွစွာလိုက်ပါလာကြပုံ
ပထမဆုံးဝင်ရတဲ့ အခန်း


နံရံလေးဘက်ရှိတဲ့ ဒီအခန်းလေးထဲမှာ... တစ်ဖက်က ဝင်ဖို့ထွက်ဖို့ တံခါးပေါက်၊ မျက်နှာချင်းဆိုင်မှာ Dali ရဲ့ဘဝတစ်သက်တာ အမှတ်တရ ဓာတ်ပုံများနဲ့ သူ့ရဲ့ကမ္ဘာကျော်လက်ရာတွေကို slide show နဲ့ပြပါတယ်၊ ကြည့်ဖို့အချိန်မရပါဘူး။ guide ကအချိန်နည်းနည်းလေးပဲ ပေးတာပါ။ တစ်ဘက်နံရံမှာလည်း Dali ရဲ့ထင်ရှားတဲ့ဓာတ်ပုံများကို ပြသထားပြီး ကျန်တဲ့တစ်ဘက်မှာတော့ ပန်ချီကားအကြီးကြီးတစ်ချပ်တည်း..
guide ကောင်မလေးပါ၊ သူလည်းပြောချင်ရာပြော၊ ကိုယ်လည်းကြည့်ချင်ရာကြည့်
ဆယ်လ်ဗာဒါ ဒါလီ
ကမ္ဘာကျော်တွေအတော်များများဒီလိုပါပဲ... ဟိုရေးဒီရေး..ဟိဟိ

 
Dali ရဲ့လက်ရာ ဆီဆေးပန်းချီကားကြီးပါတဲ့... နာမည်က Spellbound တဲ့နော်။
ပန်းချီဆိုတာဘာမှန်းတောင်မသိတဲ့.. သူက မတ်မတ်ကြီးခြေစုံရပ်လို့ ခပ်တည်တည်ကြီးကြည့်မိတော့... အိပ်နေတဲ့မျက်လုံးတစ်လုံးတွေ့တယ်၊ အံ့သြပြူးကျယ်နေတဲ့မျက်လုံးတစ်ခုတွေ့တယ်၊ ပင်ပန်းနွမ်းနယ်နေတဲ့မျက်လုံးတစ်လုံးလည်း မြင်မိတယ်၊ သိလိုစိတ်နဲ့တောက်ပနေတဲ့ မျက်လုံးတစ်ခုလည်းတွေ့ပါတယ်..  မျက်လုံးတစ်လုံးစီတိုင်းကနေ သူ့ရင်ကိုခံစားချက်တွေစီးကူးလာတယ်... ရင်ဖိုစွာနဲ့ သူကတစ်စုံတစ်ရာကိုရှာဖွေနေမိသလိုလိုပါပဲ... သေငယ်ဇောနဲ့ ကြောက်လန့်နေတဲ့ မျက်လုံး၊ မျှော်လင့်ချက်ကင်းမဲ့နေတဲ့မျက်လုံး၊ ဟောဟိုမှာ... လျို့ဝှက်ချက်တချို့နဲ့ ငါးခူပြုံးပြုံးနေတဲ့မျက်လုံးတစ်လုံး... ပြီးတော့ကော... ဘယ်မှာလဲ ဘယ်ဟာဖြစ်မလဲ...နဲ့.. guide က အပေါ်ထပ်ကိုသွားမယ်ဆိုတာကြောင့် ဆန့်ငင်ဆန့်ငင်နဲ့ ပန်းချီကားကြီးရှေ့က မခွာချင်ဘဲခွာခဲ့ရတယ်... ဒီပန်းချီကားမှာ သူရှာနေတာ မရှိနိုင်ဘူးလို့လည်း သူထင်နေတယ်... သေချာတာပေါ့လေ ...
ချစ်ခြင်း၊ မုန်းခြင်းကင်းတဲ့ တည်ကြည်ငြိမ်းအေးနေတဲ့  ကရုဏာမေတ္တာညဏ်ပညာတွေအပြည့်နဲ့ မျက်လုံးမျိုးကို ဒီလိုနေရာမျိုးမှာ ဒီလိုအလွယ်ကလေးနဲ့ တွေ့နိုင်ရိုးလားကွယ်ရို့ ...။ ဒီအခန်းလေးမှာ ဒီ... နာမည်နဲ့လိုက်အောင် ညှို့ယူဖမ်းစားနိုင်သော ပန်းချီကားကြီးတစ်ချပ်ပဲရှိပါတယ်။ အချိန်ကလည်း ၅မိနစ်တောင်ပြည့်အောင်မရခဲ့ပါဘူး။ ဒီလိုနဲ့ ဒရောသောပါး... အပေါ်ထပ်ကို ဆက်သွားခဲ့ကြတယ်။

12 June 2011

ဘာလီတွင်ကျပျောက်သွားသော ရက်စွဲများ (၁)

6th January ။  ။"အင်ဒိုနီးရှားပိုလာဘာလီ ကျွန်းလေးဝယ်... သူနဲ့လည်းတွဲလို့ တူနှယ့်တယ်.... "

         ညကရွာတဲ့မိုးစက်တွေ လမ်းမီးရောင်အောက်မှာ တလက်လက်ရှိနေတုန်း။ မြမြကလေးအေးနေသော အဲ့ဒီမနက်ခင်းလေးမှာ Luggageကိုတဂျစ်ဂျစ်ဆွဲရင်း လူသွားလမ်းတစ်လျှောက်ရှေ့ဆုံးကဦးဆောင်ပြီး မမောနိုင်မပန်းနိုင်ဘဲ သူလျှောက်နေခဲ့တယ်။ အူမြူးနေသောသူက travel agent တွေလုပ်စားနေကျ စကားအတိုင်း တစ်ထပ်တည်းတူအောင် ပြောလိုက်သေး... "ဒါကတော့ Changi Air-Port Excursion Tour ဖြစ်ပါတယ်။ အမေတို့မြန်မာပြည်ကနေ စလုံးကိုလာလည်တာ အလာလည်း taxi၊ အပြန်လည်း taxiနဲ့ ချန်ဂီလေဆိပ်ဆိုတာ ဘာမှန်းမသိလိုက်မှာစိုးလို့ ကြီးမားသောစေတနာနဲ့ အခုလိုအပင်ပန်းခံပြီး သွားရတာဖြစ်ပါတယ်..."။ တက်ကြွသွက်လက်နေသော သူကဖြင့်နောက်ကသုံးယောက် ဘယ်လိုပုံစံနဲ့ ပါလာကြတယ်ဆိုတာတောင်သိပ်သတိမထားမိ။ ထုံးစံအတိုင်းသီချင်းတအေးအေးမြောက်ဆွမြောက်ဆွ လျှောက်လျက်...၊ မနက်စောစောလမ်းလျှောက်တဲ့ အရသာကိုသူအလွန်သဘောကျသည်၊ အဲ...အိပ်ယာထဲမှာနှပ်နေရတာလောက်တော့မကြိုက်ပြန်။ အနီလိုင်းကနေ Circle Lineကိုအပြောင်း ရထားလာတော့ ထိပ်ဆုံးခေါင်းတွဲကဝင်ပြီး "ရှေ့ဆုံးတွဲကစီးတော့ အရင်ဆုံးရောက်တာပေါ့ ညှင်းညှင်း၊ ခေါင်းတွဲရှေ့မှန်ကနေ မြေအောက်လိုင်းတစ်လျှောက်က သံလမ်းခွဲတွေ၊ အချက်ပြမီးတွေ၊ ဘူတာရုံတွေကိုထားခဲ့ပြီး အမြန်နှုန်းမြင့်မြင့်နဲ့ ရထားပြေးနေတာရပ်ပြီးကြည့် အရသာတစ်မျိုးရှိတယ်"...ပြောပြောဆိုဆိုသူက မှန်ပေါက်ရှေ့မှာ ကားယားလေးရပ်လို့ ရထားကြီးတစ်စီးလုံးကို သူမောင်းနေရတဲ့ပုံ လုပ်ပြနေလိုက်သေး။

          MRT လေးဆင့်စီးပြီးလို့ လေဆိပ်ကိုရောက်တော့ လေယာဉ်ထွက်ခွာချိန်ကို နာရီဝက်လောက်အလို။ "ဟယ်လို နင်ဘယ်နားရောက်နေပလဲ၊ သြော်အေး ငါတို့လဲရောက်နေပြီ ဘယ်ဘက်ကတက်လာတာလဲ၊ ငါဒီဘက်မှာစောင့်နေမယ်"တွေဘာတွေပြောရင်း အိမ်သာတွေဘာတွေဝင်လိုက်ကြသေးသည်။ ချန်ဂီလေဆိပ်ရဲ့ terminal သုံးခုအကြောင်းကို သူကသိသလောက်ရွှီးရင်း အေးအေးဆေးဆေး ဖင်လှည့်ခေါင်းလှည့်နဲ့ Indonesia Garuda Air-Line ရဲ့ Check-in ကောင်တာကိုရောက်တော့ မီးနစ် ၂၀ အလိုပေါ့။ ကောင်မလေးကိုလက်မှတ်ပြနေတဲ့သူ့သူငယ်ချင်း'ငညို'ကလွဲလို့ ဘယ်သူမှရှိမနေ။ ဒါတောင် နည်းနည်းမှသံသယမရှိသေး။ "ကောင်တာပိတ်သွားပြီ၊ check-in ပေးမဝင်တော့ဘူးတဲ့ဟ" လို့ငညိုကလှမ်းအပြောမှာသူကထုံးစံအတိုင်း ဘာမှအရေးမကြီးလေဟန်နဲ့ ရှေ့တိုးသွားခဲ့သည်။ "ဟာ လေယာဉ်တက်ဖို့က မီးနစ်၂၀တောင်လိုသေးတာ၊ ငါတို့ ၁၀ မီးနစ်တည်းနောက်ကျတာ၊ လုပ်ပါဦးရတဲ့နည်းနဲ့ကူညီပေးပါ၊ ဘာလို့မရတာလဲနင်တို့လေယာဉ်ကထွက်မှမထွက်သေးတာပဲ၊ နင်တို့ရဲ့ အရာရှိနဲ့တွေ့လို့ရမလား.."စသဖြင့်၊စသဖြင့်...ငါးယောက်သားတစ်ယောက်တစ်ပေါက်လျှာက်ပြောလိုက်ကြ၏။ စိတ်တိုလာနေတဲ့ ဝန်ထမ်းကလေးမကို ကြည့်ရင်းက သူ လအတန်ကြာ စိတ်ကူးယဉ်ခဲ့သော၊ အချိန်ယူစီစဉ်ခဲ့သော"ဘာလီကျွန်း"လေးရက်တာခရီးရဲ့တာအထွက်မှာသူတို့လေယာဉ်မမှီလိုက်တာ...
သေချာသွားတော့သည်။ 

          သူကထုံးစံအတိုင်း ကိုယ့်စိတ်ကိုယ်စစ်သည်။ နည်းနည်းတော့ ညစ်နေပြီထင်ရသည်။ ဖပ်သီးဖပ်သပ် ဖန်တွတွ အဲ... ဘယ်လိုနာမည်တပ်ရမှန်းမသိတဲ့ ခံစားချက်မျိုးကို သူ့စိတ်မှာတွေ့ ရသည်။ ဘုန်းဘုန်းပြောစကားကို သူနားထောင်လိုက်သည်... " ညစ်နေရင် သန့်တဲ့စိတ်နဲ့ချက်ချင်းလဲ "။ လိုချင်တိုင်းရပါ့မလား၊ တန်ရင်ရမယ်ပေါ့။ ဒါကြောင့်ထိုက်တန်တဲ့ ရင်းနှီးမှုတော့ ရှိရမည်။ တရားတွေကော သီချင်းတွေကော လုံးထွေးပစ်သွင်းပြီး ခဏအတွင်းမှာ ကွိုင်တွေပြန်အေးလာသည်။ ဒီနေ့ဒီငါးယောက်လုံး ဘယ်နည်းနဲ့ဖြစ်ဖြစ် ဘာလီအရောက်သွားမယ်ဟု သူဆုံးဖြတ်ချက်ချသည်။ လူကြီး၂ယောက်ကိုအိတ်တွေနဲ့ ခဏထိုင်နားနေဖို့ပြောပြီး..သူရယ်၊ငညိုရယ်...အဲ...ငဖြူလည်းပါသည်၊သုံးကောင်သားတခြားလေကြောင်းလိုင်း
ကောင်တာတွေစီသွားလိုက်ကြသည်။ အမေနဲ့အဒေါ်က... ချန်ဂီလေဆိပ်သည်သူတို့နယ်ပယ် မဟုတ်သောကြောင့်သာငြိမ်ပြီးထိုင်နေခဲ့ရသည်၊ ဒီတိုင်းတော့မနေ... ထုံးစံအတိုင်းသရဏဂုံတွေဘာတွေ စရွတ်နေကြပြီဖြစ်သည်၊ ပြီးရင်သူတို့ နတ်တွေကိုအမျှဝေမေတ္တာပို့ပြီးအဆင်ပြေအောင်သစ္စာဆိုကြပေလိမ့်။ (မဂိုလမ်းတို့စကော့ဈေးတို့မှာသာဆိုရင်တော့ ငြိမ်ပြီးထိုင်နေခဲ့ရမှာက သူတို့သုံးကောင်သာဖြစ်မည်။)

          သူတို့အားလုံးက ဒါလုပ်မယ်ဆို ဖြစ်အောင်လုပ်တတ်ကြသူတွေချည်း။ Air-Asia မှာခုထွက်မယ့် ဘာလီလေယာဉ်ကို မေးလိုက်တော့ တစ်ယောက်ကို၂၀၀ကျော်စီကျမယ်လို့ သိလိုက်ကြတဲ့အချိန်မှာ သူနည်းနည်းတော့ဖြုံသွားသည်။ လေးရက်စာ Full Board Package ကမှ ငါးရာလောက်ကျတာကို။ ငဖြုနဲ့ငညိုကနောက်ကောင်တာတွေကိုဆက်အသွားမှာသူGarudaဘက်ပြန်လှည့်လိုက်သည်။ ကောင်တာက သူငယ်မကလည်း ခပ်ညိုညိုမျက်နှာထားနဲ့ ခပ်တင်းတင်းကြည့်လာသည်။ သူကကြည်ကြည်လင်လင်ပြုံးရင်း "ခုနက ဒီမနက်ဘာလီကိုထွက်မယ့် Jakarta Transit ခရီးစဉ်ကို ငါတို့ No Show Fee S$30 စီပေးရင်စီးလို့ရမယ်လို့ နင်ပြောလိုက်သလား" လို့မေးလိုက်တော့ ကောင်မလေးက ထိုင်ခုံပြည့်နေတယ် waiting list နဲ့စောင့်ရမယ်၊ ၂ယောက်ရရင်၂ယောက်၊ ၃ယောက်ရရင် ၃ယောက် အရင်သွားနှင့်မလားတဲ့။ သူက ခေါင်းတစ်ချက်ငြိမ့်ပြီး "အိုခေ၊ ကျေးဇူးပြုလို့ ငါတို့ကို waiting list လုပ်ထားပေးပါ၊ အကုန်လုံးတူတူ သွားရရင်တော့ တော်တော်ပျော်စရာကောင်းမှာပဲ" လို့ ရင်းရင်းနှီးနှီး ရယ်ရယ်မောမောပြောလိုက်သည်။
          ခဏချင်းမှာ ကောင်တာသုံးခုပတ်ပြီး အလုပ်ရှုပ်ကုန်ကြသည်။ ငဖြူနဲ့ငညိုလည်း ရရာအင်ဖော်မေးရှင်းများနှင့်အနားပြန်ရောက်လာကြသည်။ ခုနကသူတစ်ခွန်း ကိုယ်တစ်ခွန်းဖြစ်ထား တဲ့အရှိန်ကြောင့်... ရုပ်တွေကတော့အားလုံး ခပ်တည်တည်။ သူကစိတ်ထဲကမေတ္တာပို့ရင်း၊သူတို့ ဘာပြောပြောကျေဇူးနော်လို့အကြိမ်ကြိမ်ပြောရင်း၊    ဟိုဘက်မှာလက်မှတ်အဟောင်းကိုပြရ၊ ဒီဘက်မှာ စာအုပ်တွေပြရ။ သိပ်မကြာပါ နာရီဝက်အတွင်းမှာ နောက်လေယာဉ်ရဲ့ check-in ကောင်တာ ပိတ်လေပြီ၊ Garuda မလေးတွေ အချင်းချင်းမျက်ရိပ်ပြပြီးသကာလ သူ့ကိုလှမ်းခေါ်တော့သည်။ သူက ငွေ၁၅၀ ကိုကဒ်ဖြင့်ရှင်းပြီး ကျန်လူတွေကို လက်မလှမ်းထောင်ပြသည်။ Garudaမလေးတွေလည်း ခုမှ ပြုံးပြဖော်ရသည်။

          ငညိုက "ဟေ့ကောင်၊ ဘယ်သူတွေအရင်သွားပြီး ကျန်တဲ့သူတွေဘယ်အချိန်၊ ဘယ်လိုလိုက်ရမယ်ဆိုတာ အရင်စဉ်းစားလေ၊ ဘယ်နှယောက်စာရတာလဲ" ဟု သူ့ကိုပြောသောအခါ သူကမချိုမချဉ်။ "ငါးယောက်လုံးတူတူသွားရမှာပါဟ၊ ငါတို့ဒီလောက် အကုသိုလ်မများဘူးဆိုတာ ငါယုံပြီးသား၊ သွားကြစို့" လို့အပြောမှာ အားလုံး အကြောပြောင်စွာဖြင့် လိုတာထက်ပိုပြီး ဟားတိုက်ရီမောလိုက်ကြသည်။ ဒါမျိုးမကြောက်လို့ ရွာရိုးလျှောက်နေတာ ဆိုသောမျက်နှာပေးကိုယ်စီဖြင့်။ "အင်း ဒီလေယာဉ်ကိုလက်မှတ်ဝယ်ထားတဲ့ ဘယ်သူတွေမှန်းမသိတဲ့ ငါးယောက်ကတော့ ငါတို့လိုမမှီမကမ်းမှရောက်လာပြီးမလိုက်ရဘဲဖြစ်တော့မှာပေါ့" ဟု ငညိုကမျက်နှာငယ်လေးနဲ့ ထပြောသည်။ သူတို့ငါးယောက် လိုက်သွားနိုင်ဖို့အတွက် တခြားလူငါးယောက်က အချိန်မှီရောက်မလာနိုင်ခဲ့လေသလား သူယောင်ဝါးဝါးစဉ်းစားနေစဉ် Garudaမလေး တစ်ယောက်ပြေးလာပြီး "နင်တို့ခုချက်ချင်း မြန်မြန်သွားပါ၊  အချိန်နည်းနေပြီ။ departure tube ကိုတောက်လျှောက်သွားပါ" လို့အပြေးအလွှားလာပြောချိန်မှ သူတို့အိတ်ကိုယ်စီဖြင့် စတိုင်တွေမလိုင်တွေထုတ်ကာ စရွေ့ ကြတော့သည်။ 

အင်ဒိုလို Garuda ဆိုတာ မြန်မာလို ဂဠုန်ငှက် (သိတယ်မဟုတ်လား ဆရာစံရဲ့ သူငယ်ချင်းလေ)

China Air-Line လေယာဉ်တွေထက် ထက်ဝက်ကျော်ပိုသေးငယ်ပြီး သိပ်မသားနားလှပေမယ့် စလုံးမှမြန်မာပြည်သို့ပျံသန်းသော လေယာဉ်တွေထက်တော့ Garuda ကပိုကြီး၍၊ (touch screen monitorတစ်လုံးစီ၊ game ဆော့ရန် remote control နှင့် head-set တစ်စုံစီပါရှိသောကြောင့်) ပိုကောင်းပါသည်။ သူတို့ ဂျကာတာလေဆိပ်သို့ မရောက်ဖူးချင်ပဲရောက်ဖူးသွားရသည်၊ လေယာဉ် transit အတွေ့ အကြုံလည်း မရဖူးချင်ဘဲ ရလိုက်ကြသည်။ နှုတ်ကဖွင့်မပြောဖြစ်သော်လည်း သူကတော့ ဒီအတိုင်းပဲအငေါတူးစွာ တွေးမိသည်။

ဂျကာတာလေဆိပ်တစ်နေရာ
ဂျကာတာလေဆိပ်က departure tube တွေကဒီလို အဆောင်လေးတွေနဲ့
ထိုထိုအဆောင်တွင်းမှာ ဘာလီသို့သွားမည့်domastic air-lineကို ထိုသို့ငြိမ်ငြိမ်ကလေးထိုင်စောင့်နေကြရ
 ဗီဇာလုပ်ရန်တခြားဆိုင်တွေဒေါ်လာကိုးဆယ်ကျော်တောင်းချိန်မှာ"မအန်းမာ(ASK-TravelAgency @Paninsula Plaza)က ၈၅ဒေါ်လာဖြင့်လုပ်ပေးသောကြောင့်သာ.. (ဤနေရာမှ ကျေးဇူးတင်လိုက်ပါသည်။) ထားပါတော့ ၈၅ဒေါ်လာနဲ့ ပေးတဲ့ဗီဇာက (Single Entry) တစ်ခါသုံး။ အဝင်မှာ မြန်မာpass-port ကိုမြင်တာနှင့်လူကြီးတွေကိုမေးခွန်းပေါင်းစုံနှင့်ရစ်သေးသည်။ ရန်ကုန်အပြန်လက်မှတ်တွေပြခိုင်းသေးသည်။ ဆရာအော်ပီကျယ်ရဲ့ "နားရွက်တံတွေးဆွတ်တာ" ဆိုသောစကားကို သူအမှတ်ရလိုက်၏။ သူတို့သုံးယောက်ကတော့ စလုံးကထုတ်ပေးထားသော s-pass ကဒ်တွေပြနိုင်၍ ခံသာသည်။ "သူတို့နိုင်ငံက ကိုယ့်နိုင်ငံထက်ဘယ်လောက်များသာနေလို့..အချင်းချင်းနဲ့အချင်းချင်းသောက်ဖင်ခေါင်း  ဒေါက်ထောက် ကျယ်နေရသလဲမသိပါဘူး။ ဒင်းတို့ကတစ်မျိုး၊ ဦးသန်းရွှေကတစ်မျိုး သောက်ချိုးကိုမပြေဘူး" ဟုတွေးပြစ်လိုက်သည်။လေယာဉ်မမှီလိုက်လို့"transit"စီးရတော့လည်းဘာဖြစ်သေး၊ဂျကာတာလေဆိပ်မှာ   အခွန်ထပ်ဆောင်ရတော့လည်းဘာဖြစ်သေး၊ပြည်တွင်းလေကြောင်းပြောင်းစီးဖို့ထိုင်စောင့်ရတော့လည်း... ဘာဖြစ်သေး...ဘာမှကိုမဖြစ်။သူတို့အားလုံးတွေ့ ကရာဟာသလုပ်ရီရင်း ပျော်တပြုံးပြုံး၊ နေ့ခင်းစာကို
လေယာဉ် နှစ်စီးလုံးက ကျွေးသောကြောင့် နှစ်ခါတောင်စားရသည်လေ။ မနက်၁၂ နာရီဘာလီရောက်ရမည့် ကိစ္စ ညနေ၅နာရီမှရောက်သည် ဘာဖြစ်သေး။ ဘာလီကား မိုးငွေ့များဖြင့် သိပ်သည်းမှုန်ဝါးစွာ ဆီးကြိုရှာသည်။

ဘာလီကျွန်းရဲ့ မြို့တော် Denpasar
Denpasar, Bali ရဲ့ Ngurah Rai လေဆိပ် ပင်မအဆောက်အဦ

Denpasar လေဆိပ်အထွက်မှာ ငွေလဲတဲ့ဆိုင်ကလေးတွေကို ရွာကဘုရားစောင်းတန်းဈေးကဲ့သို့ အတန်းလိုက်တွေ့ ရသည်။ အသင့်ကြိုနေသော ကိုရွှေတိုးဂိုက်က အတော်စိတ်ရှည်သဘောကောင်းသည်။ "ငါ မနက်၁၂နာရီကတည်းက ရောက်နေတာ၊ နင်တို့လေယာဉ်delay ဖြစ်တာလား" စသဖြင့်။ သူတို့ကလည်း ရင်းနှီးစွာနှုတ်ဆက်ပြီး delay မဟုတ် miss ဖြစ်တာဆိုတဲ့အကြောင်းနဲ့၊ အကြောင်းစုံကို အေးဂျင့်ဆီဖုန်းဆက် အကြောင်းကြားထားပါကြောင်းရှင်းပြရင်းတောင်းပန်လိုက်သည်။ အင်္ဂလိပ်စကားပြောကောင်းသော ထိုသူ၏နာမည်ကို ညိုမန် ဟုသူတို့အဖွဲ့က မှတ်ထားလိုက်ကြသည်။ (ညိုမန်ဆိုတာ ဘာလီကျွန်းသား တတိယမြောက်သား တိုင်းရဲ့နာမည်မှန်း သူတို့မသိသေး)။ ညိုမန်ကအတော်သစ်သော 7Seater town-ace ကားအနက်ရောင်ကို ကိုယ်တိုင်မောင်း၍လာကြိုတာဖြစ်သည်။သူကတော့စကားတပြောပြောနှင့်
ရှေ့ခန်းကထိုင်ပြီး...ညိုမန်ပြောသမျှနားထောင်လိုက်၊မေးချင်ရာပြန်မေးလိုက်၊နောက်ကိုလှည့်၍ အမေနဲ့အဒေါ်ကို လိုအပ်မယ်ထင်ရာရာ ပြန်ရှင်းပြလိုက်လုပ်လာသည်။ လေဆိပ်နာမည် Ngurah Rai ဆိုတာဘာလီကျွန်းက ကိုလိုနီဆန့်ကျင်ရေးတော်လှန်ရေးသူရဲကောင်းကြီးရဲ့ နာမည်ဟု ညိုမန်ကဇာတ်စုံခင်းနေချိန်မှာ သူက ချန်ဂီ ဆိုတာကော ချန်ဂင်ရဲ့ ညီမများလားဟုတွေးပြီး ကြိတ်ပြုံးလိုက်သည်။ ညိုမန်က ညစာလိုက်ကျွေးမည်ဟုပြောချိန်မှာ နေ့လည်စာ၂ကြိမ်စားထားသော သူတို့အဖွဲ့ကပြိုင်တူညီညာခေါင်းခါငြင်းဆန်ကြသည်။ ဂလိုနှင့်နာက်ကျသွားသောထိုနေ့အတွက်ပျက်သွား ရသောPackageပါအစီအစဉ်များကို ညိုမန့်သူငယ်ချင်းစုကြည်တာဝန်ယူ၍နောက်ရက်များမှာဖြည့်စွက် ပို့ဆောင်ပါမည်အကြောင်းနဲ့ ထိုနေ့အဖို့ရသမျှအချိန်ကို package ထဲမပါသော ဘာလီကျွန်းမှာရှိ ရှိသမျှသောကိုကွယ်ယုံကြည်ရာ ဘာသာငါးမျိုး၏အထင်ကရအဆောက်အဦးများ တစ်စုတစ်ဝေးတည်း တည်ရှိရာနေရာသို့ပို့ဆောင်ပေးပြီးသကာလ ညစာကျွေးပြီး ဟိုတယ်ရှိရာ Kuta Beachသို့ လိုက်ပို့ပါမယ် ဆိုတဲ့အကြောင်း သူတို့၏ ဂိုက်နှင့်သူတို့ ညှိလို့ပြေလည်သွားကြတော့သည်။

အန္တရယ်ကင်းမုခ်ဦး Split Gate၊ လမ်းဆုံးလမ်းမများနှင့် သာသနိကအဆောက်အဦးများမှာ ရှိတတ်သည်။ ဒီဂိတ်ပေါက်တွေကိုဖြတ်ပြီး မကောင်းဆိုးဝါးတွေ မဝင်နိုင်ဘူးလို့ ညိုမန်ကရှင်းပြခဲ့ပါတယ်။




Nusa Dua Area လို့ခေါ်တဲ့အဲ့ဒီနေရာမှာ ဘာသာကြီး၅ခုရဲ့ အဆောက်အဦးကြီး၅ခု ကပ်လျက်ကြီး၊ တန်းစီရပ်နေတာဖြစ်ပါတယ်။ ဗုဒ္ဓဝိဟာရကျောင်းတော်က အလည်ဗဟိုတည့်တည့်မှာပါ။ ညာဘက်မှာ ကသလစ်ဘုရားကျောင်းနှင့် ဗလီ၊ ဘယ်ဘက်မှာက ပရိုတက်စတင့်ဘုရားကျောင်းနှင့် ပူဇမဏ္ဍလ ဟိန္ဒူကျောင်းရှိပါတယ်။ ဘာလီဟာ ကမ္ဘာ့ကိုးကွယ်မှုဘာသာကြီးတွေ တန်းတူညီမျှ ငြိမ်းချမ်းစွာအတူယှဉ်တွဲ ရပ်တည်နေနိုင်တဲ့ နေရာရယ်လို့ အထူးဂုဏ်ယူကြောင်း ကိုရွှေတိုးဂိုက်က ပြောပြပါတယ်။
ဆောက်လက်စဗုဒ္ဓကျောင်းတော်၊ ယိုးဒယားလက်ရာ
ဗုဒ္ဓကျောင်းတော်ရဲ့ လက်ဝဲဘက်မှာ
ပရိုတက်စတင့်ဘုရားရှိခိုးကျောင်း
Puja Mandala Hindu Temple ထဲက Bell Tower ပါ၊ ဟုတ်တယ်.. ပူဇမဏ္ဍလလေ၊ အပူဇော်မဏ္ဍပ်ပေါ့
Bell Tower ဆိုတာ ဘာလီလူမျိုးတွေရဲ့ ရပ်ကွက်အလိုက် ခေါင်းလောင်းတီးအချက်ပြ သတင်းဖြန့်ချိရေး ဌာနပါတဲ့နော်


ဗုဒ္ဓကျောင်းတော်ရဲ့ လက်ယာဘက်မှာ
Catholic Church ရှေ့မှာ ပဲတွေထုတ်


ဗလီနော် အလုံးကြီးတော့မပါဘူးပဲ
ပဲအမျိုးမျိုးရနိုင်သည်...



ညစာ စားရမယ့် နေရာ


ညစာစောင့်ရင်းဓာတ်ပုံရိုက်ကြ

ညစာ... လာပါပြီ

အားကြီးစားကောင်းတယ်

ကျေးဇူးတင်လွှာ
 သူအင်တာနက်မှာ၂လခန့်အချိန်ယူမွှေနှောက်ပြီးနောက် သူ့ဓာတ်ကျရာရာ လျှောက်ပြောသမျှနေရာများနှင့် သူတတ်နိုင်သမျှ သတ်မှတ်ပေးသောဈေးကို Package ဖြစ်အောင်လုပ်ပေးလိုက်သော မအန်းမာ (ASK Travel) ပနင်ဆူလာပလာဇာနှင့် မချစ်ကြည်အေး၏  ဘာလီပို့စ်များ အားကျေးဇူးအထူး တင်လိုက်ပါကြောင်း။

စာကြွင်း
မချစ်ကြီးရေးတာ ကောင်းလွန်းစုံလွန်းလို့ မသွားခင်ကတည်းက ဒီအကြောင်းမရေးဘူးဟု သူတွေးထားသည်။ ထို့ကြောင့်ပင် သူသည်စိတ်လွတ်၊ လက်လွတ်၊ ခေါင်းလွတ်၊ လေပြင်းသောနေရာများတွင် အောက်စ ပါ တစ်ခါတစ်လေလွတ်... ၍ ထမင်းမေ့၊ ဟင်းမေ့၊ အလုပ်မေ့၊ စလုံးကအခန်းကျဉ်းလေးကိုမေ့၊ ဆွေမေ့မျိုးမေ့ (မချစ်ကြီးသွားတုန်းကတော့ယောင်္ကျားဘက်ကဆွေမျိုးတွေအကုန်မေ့တာထင်ပါရဲ့...)၊blogမေ့၊facebookမေ့၊ forward mailတွေမေ့.. မေ့ချင်ရာတွေ မေ့သွားရလောက်ကို အသကုန်လွှတ်ပျော်ခဲ့ရပါသည်။ ဘာလီမှပြန်ရောက်လို့ သုံးလကျော်ကျော်ကြာခါမှ (ဘာမှမမှတ်လာတာတွေ အကုန်မေ့သလောက်ရှိမှ) ဓာတ်ပုံတွေပြန်ကြည့်ရင်း ဒီအကြောင်းတွေ တင်ချင် ရေးချင်စိတ်ပေါက်လာပြန်သည်။ စိတ် စိတ် အင်မတန်မှဒုက္ခပေးသည့် စိတ်ပါတကား။ ကိစ္စတော့မရှိ အစကတည်းကရေးချင်ရာတွေရေးချင်သလိုရေး၍ တင်ချင်သလိုတင်နေသော ဤဘလော့တွင် ထုံးစံအတိုင်းဖြစ်သလိုရေးကာ၊ ကြုံသလိုတင်လိုက်ပါကြောင်း။ ဒုတိယပိုင်း၊ဇာတ်သိမ်း...  တော်ကြာနေရေးမည်၊ နောက်နေ့ရေးမည်၊ နောက်အပတ်စနေနေ့ရေးမည်..၊
ရေးချင်မှလည်း... ရေးတော့မည်....။ ။