ဂယာဆိုတာ အန္ဒိယနိုင်ငံက ရွာကြီးတစ်ရွာကွဲ့။ ဒီကမ္ဘာကြီးမှာ ပွင့်မယ့် ဗုဒ္ဓဘုရား ၅ ဆူစလုံးဟာ အဲ့ဒီနေရာမှာပဲ တရားကျင့်ပြီး ဘုရားဖြစ်ကြမှာကွဲ့။ ဒါကြောင့် ဒီနေရာကို "ဗုဒ္ဓဂယာ" လို့ခေါ်ကြတာ။
ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင့်ငါးရာကျော်တုန်းက အဲ့ဒီ ဂယာရွာမှာ ရွာသူရွာသားတွေ အားလုံးပစ်သမျှအမှိုက်သရိုက် အညစ်အကြေးတွေ စုပုံရာ ဂယာအမှိုက်ပုံကြီးမှာ သူစိလောမလို့ခေါ်တဲ့ ဘီလူးကြီးတစ်ကောင် နေထိုင်သတဲ့။ သူစိ ဆိုတာ အပ် (ဆေးထိုးအပ်၊ လက်ချုပ်အပ်လို သေးသေးလေးမဟုတ်ဘူးတဲ့၊ အပ်အရှည်ကြီးတွေတဲ့)၊ လောမ ဆိုတာ အမွှေးအမျှင်ကိုပြောတာကွဲ့။ အဲ့ဒီ သူစိလောမ ဘီလူးကြီး ရဲ့ တစ်ကိုယ်လုံးမှာ အပ်လိုစူးတဲ့အမွှေးတွေ ဖုံးပြီး သူ့ကိုယ်သူလည်း ပြန်စူး နေတော့ ထိုင်မရ၊ အိပ်မရ အင်မတန်ပဲ ဒုက္ခရောက်နေရှာတဲ့ ဘီလူးကြီးပါကွယ်။ သူ့နားကပ်ချင်သူ အပေါင်းသင်းလုပ်ချင်သူ မရှိသလောက်ပဲ။ ဒီလို အလွန်ရုပ်ဆိုးပြီးတော့၊ အထီးကျန်ပြီးတော့၊ ညစ်ပတ်နံစော်နေတဲ့ အညစ်အကြေးတွေကြားမှာပဲ နေထိုင်ရ၊ စားသောက်ရ၊ အစူးတွေဖုံးပြီးနေရတာဟာ ဘာကြောင့်လို့ ကလေးတို့ ထင်ကြသလဲ...
တကယ်တော့ သူဟာ ကဿပဘုရားလက်ထပ်တုန်းက ဒီဂယာရွာမှာနေတဲ့ လယ်သမားကြီးဖြစ်ခဲ့တယ်တဲ့။ ကဿပဘုရားရှင်ဆိုတာက ဒီဘဒ္ဒကမ္ဘာမှာ တို့ဂေါတမဘုရားရဲ့ အရှေ့ကပွင့်ခဲ့တဲ့ ဘုရားပေါ့။ အဲ့ဒီ ဂယာရွာသား လယ်သမားကြီးဟာ ကဿပဘုရားရှင်ကိုရော၊ အဆုံးအမ သာသနာတော် (တရားတော်တွေ)ကိုရော၊ သံဃာတော်တွေကိုရော အင်မတန်ကြည်ညို ရှာတဲ့ ဥပသကာကြီးတဲ့။ တစ်ပတ်ကို ၈ ကြိမ် (အပတ် တိုင်း အဖိတ်နေ့နဲ့ ဥပုသ်နေ့တိုင်းမှာ) အလုပ်ခွင်သိမ်းချိန် ဆိုရင် ရေမိုးချိုး၊ ညစာစားပြီး ပူဇော်စရာပန်းနံ့သာတွေနဲ့ ဘုရားကျောင်းတော်ကိုသွားပြီး တရားနာသတဲ့။
ဒီလိုနဲ့ တစ်နေ့တော့ ရာသီဥတုအခြေအနေအရ လယ်ထဲမှ အလုပ်များလို့ အလုပ်သိမ်းတာနောက်ကျတာနဲ့ တရားပွဲတော့ မှီအောင် သွားမယ်ဆိုပြီး ရေမချိုးဘဲကတိုက်ကရိုက် တရားနာသွားမိတယ်။ လယ်ထဲက တက်လာတာဆိုတော့ ချွေးသံတွေ၊ ရွှံတွေဖုန်တွေ ကပ်နေ မှာပေါ့။ ဓမ္မာရုံထဲမှာ တရားထိုင်နာရင်း ပင်ပန်းရှာလို့ လှဲအိပ်မိတယ်တဲ့။ တရားပွဲပြီးတော့ အိပ်ချင်မူးတူးနဲ့ ကပြာကယာအိမ်ပြန်တာပေါ့ကွယ်။ သူလှဲအိပ်သွားတဲ့နေရာမှာ ရွှံတွေ ချွေးတွေပေရေ ကျန်ရစ်သတဲ့။ သူလည်း ပင်ပန်းလွန်းလို့သာ အိပ်ချင်မူးတူးပြန်သွားတာ... အဲ့ဒီနေရာညစ်ပတ် ကျန်ခဲ့တာ သိတယ်တဲ့။ ဒီလို ဘုရား၊ တရား၊ သံဃာ သီလ၊ သမာဓိ၊ပညာ ဂုဏ်ကြီးမြတ် အလေးဂရုပြုထိုက်တဲ့ နေရာအရပ်မို့ ဒီမဆိုလောက်ဖွယ် ပေါ့ဆမိတဲ့ အပြစ်ဟာ ဆိုးကျိုးအလွန်ကြီးပါတယ်။ (ကုသိုလ်ကောင်းမှုတွေ ပြုရင်လည်း ကောင်းကျိုးအလွန်ကြီးကျယ်ပါတယ်။)
ခုကိစ္စက လယ်သမားကြီးမှာ နေ့စဉ်ပြုတဲ့ ကုသိုလ်အကြီးကြီးတွေ ရှိပါလျက် က ဘာလို့ ဒီအပြစ်က အကုသိုလ်ဆိုးကျိုးတွေ ကြီးကြီးမားမား အကျိုးပေး ရတာလဲ ဆိုတော့.... သူက ဒီအပြစ်ကို မကြာမကြာသတိရ နောင်တစိတ် ဖြစ်တတ်ပြီး အဲ့ဒီစိတ်ကို ဝိပဿနာမရှုတတ်လို့ကွဲ့။ (ကလေးတို့လည်း ဝိပဿနာ ရှုတတ်အောင် သင်ယူလေ့ကျင့်ထားရမယ်နော်။ တကယ်တော့ မခက်ဘူးကွယ့်၊ သိပ်အေးငြိမ်းတာ။)
ဒီလိုနဲ့ လယ်သမားကြီးဟာ အသက်ကြီးရင့် နေမကောင်းဖြစ်ပြီး သေခါနီးတဲ့အခါ... တရားနာတဲ့နေရာကို ညစ်ပေစေခဲ့ဖူးတဲ့ အကုသိုလ်ကိုပဲ သတိရပြီး နောင်တစိတ်နဲ့သေတာတဲ့။ အဲ့ဒီတော့ ကုသိုလ်တွေက အကျိုးမပေးသာပဲ အဲ့ဒီအကုသိုလ်ကံကပဲ နောက်ဘဝကိုအကျိုးပေးလိုက်တာ... ငရဲတောင်ရောက်ရရှာသတဲ့။ နောင်တစိတ်ဆိုတာ ပူပန်တတ်တဲ့ ဒေါသတစ်မျိုးကွဲ့။ "ဒေါသနဲ့သေ ငရဲပြေ ရောက်လေဧကန်သာ" ဆိုတာ ကလေးတို့သိပြီးသားပဲ။
ငရဲကလွတ်လာတော့လည်း ဂေါတမဘုရား သာသနာ မှာ ဒီဂယာမြို့မှာပဲ အရုပ်ဆိုးကြမ်းတမ်းတဲ့၊ ညစ်ပတ်နံစော်နေတဲ့၊ အစူးတွေစူးလို့ အမြဲနာကျင်ဒုက္ခရောက်နေတဲ့ သူစိလောမ ဘီလူးကြီး လာဖြစ်ရတယ်။ ဘီလူးပေမယ့် ကဿပ ဘုရားရှင် ကိုလည်း မြင်ဖူးတယ်၊ တရားတွေလည်းနာဖူးတယ်ဆိုတော့ တော်ရုံရဟန်း သံဃာ၊ တိတ္ထိတက္ကတွန်းလောက်တော့ သူက အထင်မကြီးတတ်ဘူး။ သူ့အမှိုက်ပုံနားလာလို့ကတော့ ခြောက်လှန့်ပြီးဒုက္ခပေးလွှတ်လိုက်တာပဲ။ အလန့်တကြားထွက်ပြေးရင် သူကဟားတိုက်ပြီး ရီတာပဲ။ ဘုရား၊ ရဟန္တာဆိုတာ မကြောက်တတ်တဲ့သူတွေ (လောဘ၊ ဒေါသ ကင်းစင်သူတွေ) ဖြစ်ပြီးတော့၊ သူ့ကိုကြောက်လို့ ထွက်ပြေးရင် အတုအယောင်ဆောင်တွေပဲလို့သူကသိတယ်ကွဲ့။ ဘယ်လောက်ညဏ်ကြီးလိုက်တဲ့ ဘီလူးကြီးလဲနော်။
ဒီလိုနဲ့ တစ်ရက်ကျတော့ တို့ဂေါတမမြတ်စွာ ဘုရားဟာ မနက်အိပ်ယာထတိုင်း လုပ်နေကျဖြစ်တဲ့ ကရုဏာသမာပတ်ဝင်စားပြီး လောကကိုကြည့်တော် မူတယ်။ ဒီနေ့ ဘယ်သူ့ကိုတရားဟောပြ ကယ်တင်ရပါ့မလဲဆိုတော့.... ဘုရားရှင်ရဲ့ အာရုံပြင်မှာ ဂယာအမှိုက်ပုံက သူစိလောမဘီလူးကြီးကို မြင်ပါသတဲ့ကွယ်။ ဘုရားကြွလာတော့ သူစိလောမကြီးက ထုံးစံအတိုင်း ခြောက်လှန့်တာပေါ့ကွယ်။ ဘုရားရှင်က ထွက်မပြေးတဲ့အပြင် မေတ္တာစိတ်တွေပို့လွှတ်ပြီး..."ချစ်သားသူစိလောမ... သင်ဟာ ကဿပဘုရားလက်ထက်က အင်မတန်ဖြူစင်တဲ့ သူတော်ကောင်း ကြီး ဖြစ်ခဲ့ပါတယ်" လို့ အစထားပြီး ကုသိုလ်တရားတွေမမေ့ဖို့၊ အကုသိုလ်တရားတွေ မပြုဖို့နဲ့ သစ္စာလေးပါးတရားတွေဟောပြော သွန်သင်တဲ့အခါမှာ... ဘီလူးကြီးကျွတ်တန်းဝင်သတဲ့။ (ပုဆိုးကျွတ်တာမဟုတ်ပါဘူးကွယ် 😜... သစ္စာတရားသိမြင်(အမြင်မှန်ရ)ပြီး သောတာပန်စတဲ့ အရိယာဖြစ်လို့ အပါယ်လေးပါး တံခါးပိတ် နိဗ္ဗာန်ချမ်းသာရဖို့ သေချာသွားတာကို ကျွတ်တန်းဝင်တယ်လို့ အလွယ်ပြောတာကွဲ့... )
ကလေးတို့ကို မမမင်းပေးချင်တဲ့ အသိအမြင်လေးကတော့... ကျောင်းကန် ဘုရား စေတီဝင်းတွေ မှာသာမက ကိုယ့်အိမ်မှာ၊ ကိုယ့်ကျောင်းမှာ၊ ကိုယ့်ပတ်ဝန်း ကျင်မှာ ကိုယ့်ကြောင့် မညစ်ပေ မရှုပ်ပွစေနဲ့ကွဲ့။ ကိုယ်ကြောင့် သန့်ရှင်း သွားတယ်ဆိုတာမျိုးပဲ ဖြစ်ပါစေ။
အထူးသဖြင့် ဆေးလိပ်သောက် တတ်သူ ဆိုရင် ဆေးလိပ်ငွေ့၊ ဆေးလိပ်ပြာဟာ ရိုးရိုးညစ်ပေတာမက ကျန်းမာရေး ကိုထိခိုက်စေတတ်တဲ့ အဆိပ်ငွေ့အဆိပ်မှုန့်တွေဖြစ်တာမို့ အရမ်း အပြစ်ကြီး ပါတယ်။ ကွမ်းစားတတ်သူဆိုရင် ကွမ်းသွေးတွေဟာ အရမ်းကို ညစ်ပတ် ရုပ်ဆိုးစေတတ်ပါတယ်။ ဆေးလိပ်နဲ့ ကွမ်းဟာ စားသူကိုရော ပတ်ဝန်းကျင်ကိုပါ အင်မတန်ထိခိုက်စေတတ်တဲ့ အော့နှလုံးနာစရာ အကျင့် ဆိုးတွေပါကွယ်။ သတ္တိရှိရှိ ရှောင်ကြဉ်ပယ်ဖြတ်လိုက်ရင် နတ်လူသာဓု ခေါ်စရာဖြစ်ပါတယ်။ မသုံးဖူးသေးရင်လည်း လုံးဝကိုမစမ်းသပ်သင့်ဘူး ကွဲ့... ဂုဏ်ယူစရာလည်းမဟုတ်ဘူး၊ ဘာကောင်းကျိုးမှလည်းမရှိဘူးကွဲ့။ ဘုရားမကြိုက်၊ နတ်မကြိုက်၊ ပညာရှိသူတော်ကောင်းတို့ မကြိုက် ကဲ့ရဲ့ထိုက်တဲ့ ရှက်စရာကောင်းတဲ့ အလုပ်တွေလို့ မှတ်ထားကွယ့်။ မကောင်းတာကို ရှောင်ကြဉ်နိုင်တဲ့သူကမှ သတ္တိရှိတဲ့သူအစစ်ကွဲ့၊ မိဘဆရာတွေချစ်ခင်တယ်။ ပညာရှိတိုင်း ချီးမွမ်းရတဲ့ ရှားပါးတဲ့ လူတော်လူကောင်းကွဲ့။
ဓမ္မာရုံအခင်းကို ညစ်ပေတဲ့ခြေနဲ့နင်းခဲ့ဖူးတဲ့ အကုသိုလ်ကြောင့် ရာဇဂြိုဟ် ဘုရင် ဗိမ္ဗိသာရမင်းဟာ ခြေဖဝါးကို ဓားနဲ့ခွဲ၊ ဆားနဲ့ပက်ပြီး မီးကင်လို့ သတ်ခံရတယ်ကွဲ့။ သူများကလုပ်တာလို့ ထင်ရပေမယ့်၊ ကိုယ်ပြုခဲ့တဲ့ အကုသိုလ်က ဆိုးကျိုးပေးတာသာဖြစ်တယ်။ ဘယ်သူမပြု မိမိမှုဆိုတာ တကယ်ကွဲ့။ ကိုယ်ပြုသမျှ အကောင်းအဆိုးမှန်သမျှဟာ ကိုယ်ပဲ တာဝန်ယူ ရတာသေချာပါတယ်ကွယ်။ ဒါကြောင့်ကလေးတို့ မကောင်းတာမှန်သမျှ သေးသေးကလေးမှ မပြုဘဲ ကောင်းတာမှန်သမျှ ကြီးကြီးသေးသေး ကြိုးကြိုးစားစားလုပ်ကြရမယ်နော်။
သံသရာတလျှောက်လုံး ကောင်းတာတွေအများကြီးလုပ်ဖူးသလို ဆိုးတဲ့အကုသိုလ်ကံတွေလည်း လူတိုင်းလူတိုင်းမှာ အကြီးကြီးတွေမှားမိထားတာ ရှိတယ်ကွဲ့။ အဲ့ဒီကံ တွေဟာ နိယာမအရ အကျိုးပေးဖို့ စောင့်နေကြတာဖြစ်တယ်။ အကုသိုလ် ဆိုးကျိုးတွေ အလှည့်ကျလာရင် အင်မတန်ကြောက်ဖို့ကောင်းတယ်။ မျက်ရည်၊ သွေး၊ ချွေး ခန္ဓာနဲ့ဆပ်ကြရတော့တယ်။ သံသရာနဲ့ချီပြီး မှားပြီးသမျှ အပြစ်အကြွေး အကုသိုလ်ကံတွေကို ခန္ဓာနဲ့ မဆပ်ချင်ရင် ဒီဘဝမှာညဏ်နဲ့ ဆပ်လို့ရတယ်ဆိုတာလေး ကလေးတို့ကိုသိမှတ် နားလည်ထားစေချင်တယ်။ တို့ဘုရား ဟောပြောသွန်သင် ညွှန်ပြခဲ့တဲ့ မဂ္ဂင်၈ပါးပါဝင်တဲ့ သတိပဋ္ဌာန်လေးပါး ဝိပဿနာတရားဟာ တစ်ခုတည်းသော နည်းပါပဲကွယ်။
ပုံပြင်လေးကတော့ ဒီမျှပါပဲ ကလေးတို့ရေ။ လိမ္မာယဉ်ကျေးသူလေးတွေ ဖြစ်ကြပါစေ။ မိမိကိုယ်ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ ကိုယ့်သာသနာကို ကောင်းစွာစောင့်ရှောင်နိုင်တဲ့ ပညာရှိသူတော်ကောင်းတွေ ဖြစ်ကြပါစေ။ ကိုယ်စိတ်နှစ်ပါး ငြိမ်းအေးကြပါစေကွယ်။
Ref: ကလေးမဟုတ်တဲ့ လူကြီးတွေကတော့ ဟောဒီလင့်မှာ သွားပြီး တရားနာလို့ရပါတယ်။ http://dhammadownload.com/MP3Library/